လူတွေဘာလို့ အမှန်မပြောကြသလဲ (Rashomo Effect)👹👺👹👹👹👹👹👹👹👹👺👹👺👹👺

လူတွေဟာ အမှန်မပြောပဲ တခုခုကွယ်ဝှက်ထားလေ့ရှိတယ်တဲ့။ အဲ့ဒါ Rashomo Effect ပဲ။

“လူဆိုတာ ကိုယ့်အပေါ်မှာတောင်ကိုယ် ပြန်ပြီး မရိုးသားကြဘူးတဲ့။ လူဆိုတာ ပျော့ညံ့တဲ့ သတ္တဝါမို့ ကိုယ့်ဟာကိုယ်တောင် ပြန်လိမ်တတ်ကြတယ်တဲ့။”

“Most of the time, we can’t even be honest with ourselves” “It is because men are weak that they lie, even to themselves.”

👉 အလုပ်ထဲမှာများ ပြဿနာတက်လို့ ခေါ်စစ်ရင်ဖြစ်ဖြစ်၊ Site ထဲမှာ Safety incident ဖြစ်လို့ စစ်ဆေးရင်ဖြစ်ဖြစ်၊ နောက်ဆုံး အိမ်မှာ မိသားစုဝင်တွေ စကားများလို့ မေးမြန်းရင်ဖြစ်ဖြစ် ဘယ်သူမှ ရာနှုန်းပြည့် အမှန်မပြောကြဘူးတဲ့။

🧐 လူငါးယောက်ရှိလို့ ခေါ်မေးရင် အကြောင်းရာအတူတူကို ပြန်ပြောတာမတူကြပဲ နည်းနည်းစီကွဲလွဲနေကြတယ်။ အားလုံးက အမှန်မပြောတော့ တကယ့်အမှန်ကို ဘုရားပဲသိမယ်ဆိုတဲ့ ပြဿနာပေါ်လာတာပဲ။

⛩ Rashomon ဇာတ်လမ်းအစမှာ ဂျပန်ဘုန်းကြီးတစ်ပါးရယ်၊ သစ်ခုတ်သမားရယ်၊ ရွာသားတစ်ယောက်ရယ်ဟာ Rashomon မြို့မုဒ်ဦးဟောင်းအောက်မှာ မိုးခိုကြပါတယ်။

အဲ့ဒီမှာ တရားရုံးကပြန်လာတဲ့ သစ်ခုတ်သမားနဲ့ ဘုန်းကြီးက ဒီအမှုအကြောင်းပြောနေကြပါတယ်။ အမှုကတော့ ခရီးသွား ဆာမူရိုင်းကို သတ်ပြီး သူ့မိန်းမကို မုဒိမ်းကျင့် ပစ္စည်းယူသွားတဲ့အမှုပါ။

တရားရုံးမှာထွက်ဆိုချက်များ

😞 သစ်ခုတ်သမားရဲ့ ထွက်ဆိုချက် …..

“ကျနော် တောထဲသစ်ခုတ်သွားရင်း မိန်းမဦးထုပ်ခြုံပေါ်မှာတင်နေတာတွေ့ပါတယ်။ ဆက်သွားတော့ ယောက်ကျားတစ်ယောက် သေနေတာတွေ့တာနဲ့ အမြန်ဆုံး ပြန်ပြေးလာပြီး ရဲကို အကြောင်းကြားပါတယ်။ ကျနော်ကျန်တာ ဘာမှမတွေ့ မမြင်မိပါခင်ဗျား”

👺 တောပုန်းဒမြရဲ့ ထွက်ဆိုချက် …..

“ကျုပ် ဆာမူရိုင်းနဲ့မိန်းမကို တောထဲမှာတွေ့တယ်။ ဆာမူရိုင်းကို ဓါးဟောင်းတွေလျိုထဲမှာ တောင်လိုပုံနေကြောင်းပြောတော့ သူလောဘတက်ကာ မိန်းမကိုထားပြီး လိုက်လာတယ်။ ကျုပ်သူ့ကို ကြိုးတုပ်ပြီး သူ့မိန်းမကို ခေါ်လာပြတယ်။

သူ့မိန်းမက ဓါးမြှောင်နဲ့ ကျုပ်ကို လိုက်တွတ်တော့ ဒီမိန်းမရဲ့ ခက်ထန်မာကျောပုံကို ကျုပ်သဘောကျပြီး သူ့ကိုအပိုင်ကြံလိုက်တယ်။

😳 ဤဖေကိုယ်က ငကျွမ်းဆိုတော့ အစကသူက ဓါးမြှောင်နဲ့ အတင်းထိုးပေမယ့် နမ်းလည်းနမ်းလိုက်ရော ဓါးမြှောင်လွှတ်ချ မျက်စိမှိတ်သွားပြီး ကျုပ်ကို ပြန်ဖက်တော့တာပဲ။ ငှဲ ငှဲ ငှဲ

ကျုပ်ကဆာမူရိုင်းကို မသတ်ချင်ဘူးဗျ။ ကျုပ်ကိစ္စပြီးလို့လှည့်အထွက်မှာ မိန်းမကကျုပ်ကို အတင်းတားတယ်။

သူ့သိက္ခာဆယ်တဲ့အနေနဲ့ သူ့ယောက်ကျားဖြစ်ဖြစ်၊ ကျုပ်ဖြစ်ဖြစ် ဓါးချင်းယှဉ်ခုတ်ပြီး တယောက်သေမှရမယ်တဲ့။ အောင်နိုင်သူနဲ့ သူလိုက်မယ်တဲ့ဗျ။

ဓါးရေးအချက်ပေါင်း ၂၀ လောက် ကောင်းကောင်းကြီး ယှဉ်ခုတ်ပြီးတော့ ကျုပ်က ဆာမူရိုင်းကို နိုင်လိုက်တာပဲ။ ဟား .. ဟား .. ဟား။ နောက်ဆုံးဓါးနဲ့ထိုးလိုက်တာပဲ။

ကျုပ်တို့ချနေတုန်း ဟိုမိန်းမထွက်ပြေးသွားတာပဲ။ ဒီမိန်းမသတ္တိခဲထင်လို့ ကျုပ်လိုချင်ခဲ့တာဗျ၊ အခုတော့ဗျာ ကျန်မိန်းမတွေနဲ့အတူတူပါဗျာ ….. ချက်ကောင်းကိုင်လိုက်ရင် အလွယ်ပါလာတာပဲ။ ကျုပ်ဖြင့် သူ့ကို လိုက်တောင်မရှာဘူး။

ဘာ …. သူကိုင်တဲ့ ပုလဲနဲ့ တန်ဖိုးကြီး ဓါးမြှောင်လား။ ဟုတ်ပ၊ ရှာယူခဲ့ဖို့ ကျုပ်မေ့သွားတယ်ဗျာ။”

😭 မိန်းမရဲ့ ထွက်ဆိုချက် ……

“ကျမကလေ …. အဟီးဟီး …. အဲ့ဒီရက်စက်တဲ့ တောပုန်းကြောင့် ကျမယောက်ကျားကို သနားလိုက်တာရှင်။ သူ့ခမျာမှာ ကြိုးတွေပွန်းပဲ့နေလို့ သူ့ဘေးကို အပြေးလေး ကျမသွားတာ အဲ့တောပုန်း လူယုတ်မာက ကျမကိုတွန်းလှဲတာ။ 😥

ကျမက အတင်းထပြီး ဓါးမြှောင်နဲ့ ကျမယောက်ကျားကို ကြိုးဖြေပေးတာ။ ကျမယောက်ကျားက ကျမကို ရက်ရက်စက်စက် သွေးအေးအေးပြန်ကြည့်တယ်ရှင့် ….. အီးဟီးဟီး။ 😭

ကျမလို အားနွဲ့တဲ့မိန်းမသားအဖို့ ယောက်ကျားရဲ့ ဒီလို အကြည့်မှာ ခံစားရလွန်းလို့ အသက်ရှုတောင်ရပ်သွားပါတယ်ရှင်။ 😭

ကျမက သူ့ရဲ့အကြည့်ကိုမခံနိုင်လွန်းလို့ ဓါးမြှောင်ကို သူ့ကိုကမ်းလိုက်ပြီး ကျမကို သတ်ပစ်လိုက်ဖို့ ပြောပါတယ်ရှင်။ 😭

အဲ့ဒါကို စိမ်းစိမ်းကြီးကြည့်နေတာနဲ့ ကျမကိုယ့်ဟာကိုယ် သတ်သေဖို့တောင် လုပ်ပါတယ်။ နောက်ဆုံး မူးမေ့သွားပြီး ဘာမှမသိတော့ပါဘူးရှင်။ ” 😭😭😭

👹 ဆာမူးရိုင်းရဲ့ ထွက်ဆိုချက် ……
(သူက သေပြီဖြစ်တော့ နတ်ဝင်သည်ကတဆင့် ဝင်ပူးပြောတာဖြစ်ပါတယ်)

“ကျုပ်မိန်းမကို တောပုန်းက မတရားကျင့်ပြီးတော့ လိုက်ဖို့ခေါ်တယ်။ ဟိုဟာမက လက်ခံပြီး ကျုပ်ကိုသတ်ခဲ့ဖို့ တောပုန်းကိုပြောတယ်။ 😡

တောပုန်းက လန့်သွားပြီး ကျုပ်ကိုကြိုးဖြေပေးတယ်။ ပြီးတော့ကျုပ်ကို မိန်းမကို သတ်ချင်သတ်လို့ပြောတယ်။ ကျုပ်က အဲ့မှာ သူကျုပ်ကို လှည့်စားခဲ့တာကို ခွင့်လွှတ်လိုက်တယ်။

(ဓါးချင်းယှဉ်ခုတ်ကြောင်း သူရှုံးကြောင်း လုံးဝမပါ။)

ပြီးတော့မိန်းမရဲ့ဓါးနဲ့ ကျုပ်က ဂုဏ်ရှိစွာ အဆုံးစီရင်လိုက်တာဗျ။

⛩ အဲ့ဒီမှာ Rashomon ဂိတ်မှာ မိုးခိုရင်း စကားပြောခန်းပြန်ရောက်သွားတယ်။

👉 သစ်ခုတ်သမားက …. “သူတို့ သုံးယောက်လုံး လိမ်တယ်။ ငါမုဒိမ်းမှုကို အစအဆုံးမြင်ခဲ့တာ”

ရွာသားက …. “ခင်ဗျား ဘာလို့ တရားရုံးမှာမပြောလဲဗျ။”

“ငါ့လာပတ်သက်နေမှာပေါ့။ တကယ်ငါတွေ့တာက ကိစ္စလည်းပြီးရော တောပုန်းက ဟိုမိန်းမကို ဒူးထောက်တောင်းပန်တာ။ အကြာကြီးပဲ။ အခုမှသာ လေကြီးမိုးကြီးနဲ့။

သူနဲ့လိုက်ရင် သူကောင်းရောင်းကောင်းဝယ်လုပ်စားပါ့မယ်ဆိုတဲ့အကြောင်း။ ဟိုမိန်းမက သူ့ယောက်ကျားကို ကြိုးဖြေပေးပြီး နှစ်ယောက်ချအောင် ဆွပေးသကွ။ သူကတော့ ကြောက်လှပါရဲ့ပုံနဲ့။

နှစ်ကောင်စလုံး ကြောက်ကြောက်နဲ့ ချတာပါကွာ။ နောက်ဆုံးမှ တောပုန်းက ကံကောင်းလို့နိုင်တာ။ ဘယ်သူမှ လက်မသာဘူး။ နှစ်ကောင်လုံး ဓါးရေးက ချာတူးကိုလန်ရော။

ဆာမူရိုင်းကလည်းကွာ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်လိုက်တာ။ အဲ့ဒါ တောပုန်းက လက်တုန်တုန်နဲ့ ဆာမူရိုင်းကို သတ်လိုက်တာ။ မိန်းမကတော့ ကြောက်ပြီးပြေးရောဟေ့။

🔥 အဲ့ဒါတွေပြောဆိုနေချိန်မှာ ရွာသားဟာ မိုးခိုနေတဲ့ သစ်သား ဂိတ်ဟောင်းကြီးကို ချိုးဖဲ့ပြီး ထင်းဆိုက်မီးလှုံကြတယ်။ အရိပ်နေနေ အခက်ချိုးချိုးပေါ့ဗျာ။

အဲ့ဒီအချိန်မှာပဲ ကလေးငိုသံကြားလို့ ထသွားကြည့်တော့ ကလေးတစ်ယောက်ကို ကီမိုနို အသစ်နဲ့ပတ်ပြီး ဆွဲသီးလေးနဲ့ လာပစ်ထားတာ သွားတွေ့တယ်။ 😥

ရွာသားက ခလေးဆီက ကီမိုနိုနဲ့ ဆွဲသီးကို ခွာယူပါလေရော။ သစ်ခုတ်သမားက ဒေါသဖြစ်ဖြစ်နဲ့ မင်းကွာ မိုက်ရိုင်းလိုက်တာ။

ရွာသားက … ဟား .. ဟား .. သူခိုးလက်က သူဝှက်လုတဲ့ သစ်ခုတ်သမားရယ်။ မင်း အဲ့ဒီ တန်ဖိုးကြီး ဓါးမြှောင်ကို ဘယ်လောက်နဲ့ရောင်းစားခဲ့လဲ။ ဟား …. ဟား … ငါ့များလာပြောနေသေးတယ်။ မင်းပြောတာ အဲ့ဒီ အကြောင်း ကျန်နေတယ်လေ။

ပြောပြီး ရွာသားက ထွက်သွားပါလေရော။

သစ်ခုတ်သမားက ရေရွတ်လိုက်တယ်။

“Everyone is Selfish and Dishonest!”
“”လူတိုင်းမရိုးသားဘူး။ ကိုယ့်ဖို့ပဲ ကိုယ်သိတယ်။”

မိုးတိတ်သွားတော့ သစ်ခုတ်သမားက ကလေးကိုမွေးစားဖို့ယူတော့ ဘုန်းကြီးက မင်း ဘာမှမကျန်တဲ့ ဒီကလေးဆီက ဘာလုချင်လို့တုန်းလို့မေးတယ်။

“တပည့်တော်မှာ ကလေးခြောက်ယောက်ရှိလို့ ဆင်းရဲလှပေမယ့် ဒီတယောက်နဲ့ ပိုမထူးတော့ပါဘုရား” 😭

“ဘုန်းဘုန်း စကားမှားတာတောင်းပန်ပါတယ် ရှက်လိုက်တာ ဒကာကြီး” 😞

“တပည့်တော်က ရှက်ရမှာပါ ဘုရား၊ တပည့်တော် ကိုယ့်ကိုယ်ကိုတောင် နားမလည်ပါဘုရား”

“I don’t understand my own soul”

“သာဓု … သာဓု …. သာဓုပါ ဒကာကြီး”

သစ်ခုတ်သမားဟာ စိတ်သစ်လူသစ်နဲ့ ခလေးပွေ့ကာ ခရီးဆက်လေသတည်း။

ပြီးပါပြီ။
—————————————-
နောက်အားရင် သင်ခန်းစာယူစရာ ဇာတ်လမ်းကောင်းလေးတွေကို ရေးတင်ပေးပါမယ်။

ကိုယ့်ဟာကိုယ် နားမလည်သော …….

Richard Myo Thant