လူဖြစ်ကျိုးနပ်စေဖို့ဖတ်ကြည့်ပါ

#လူဖြစ်ကျိုးနပ်စေဖို့
#ဒေါက်တာနန္ဒမာလာဘိဝံသ

အတွေးနဲ့ပတ်သက်လို့ မှန်ကန်သွားရင် အပြောနဲ့ပတ်သက်လို့ မှန်ကန်ဖို့ လိုသေးတယ်။

#မုသာဝါဒ
ပြောတဲ့အခါမှာ လိမ်မပြောရဘူး။ လိမ်တယ်ဆိုတာ ဖြစ်နေတာကတခြား၊ ပြောတာကတခြား၊ သိနေလျက်သားနဲ့ ကိုယ်သိတာကတခြား ပြောတာကတခြား၊ ဖုံးကွယ်ပြီးပြောတာ။ မုသာတိအဘူတံဝတ္ထု တကယ်မဖြစ်တာကို အဖြစ်လုပ်ပြီး ပြောတာမျိုးဆိုရင် လိမ်တယ်ပေါ့။ ဒါက အပြောနဲ့ပတ်သက်ပြီး ထိန်းသိမ်းရမှာ။

#ပိသုဏ၀ါစာ
နောက်တစ်ခု ဘာလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ကုန်းမတိုက်နဲ့။ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ကုန်းတိုက်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဒီဘ၀မှာလည်း ဒုက္ခရောက်တယ်၊ နောင်ဘ၀ကျရင် သားတကွဲမယားတကွဲ အချင်းချင်းရန်ဖြစ်လို့ မိသားစုအတွင်း ဘယ်တော့မှမတည့်ဘူး။

သူများတွေကို မတည့်အောင် လုပ်ခဲ့တဲ့အတွက်ကြောင့် သူ့မှာ တည့်တဲ့လူ မရှိဘူး။ အမြဲတမ်း ကွဲပြဲနေတာပဲ။ ကံရဲ့ပုံရိပ်တွေ အမြဲတမ်းပေါ်နေတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် သူက တစ်ယောက်နဲ့တစ်ယောက် ကွဲအောင်မတိုက်ဘူး၊ ကွဲနေတဲ့ပုဂ္ဂိုလ်ဖြစ်ရင် စေ့စပ်စကားပြောပေးတယ်။ ညီညွတ်အောင်လုပ်တယ်။ ညီညွတ်တဲ့ပုဂ္ဂိုလ်တွေ ပိုညီညွတ်အောင်လုပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့အပြောအဆိုမျိုး ရှောင်တယ်။ ပိုညီညွတ်အောင်လုပ်တယ်။ ကုန်းတိုက်တဲ့စကားပြောလို့ရှိရင် အပါယ်ငရဲကျတဲ့အပြင် လူဖြစ်လာရင်လည်း မကောင်းတဲ့ပုံရိပ်တွေ ပေါ်လာနိုင်တယ်။

ဒါကြောင့်မို့ ပြောတဲ့အခါမှာ သူများတွေမတည့်အောင်ပြောတဲ့ အပြောမျိုးကိုရှောင်ရမယ်။ ပိသုဏ၀ါစာ back bite လို့ ခေါ်တယ်။ နောက်ကျောကနေကိုက်တာ၊ အဲဒါမျိုး မပြောနဲ့။ တစ်ယောက်နဲ့တစ်ယောက် ချင်ခင်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုတွေ ဆိတ်သုဉ်းသွားအောင် မလုပ်နဲ့တဲ့၊ မလုပ်ကောင်းဘူး။

မြတ်စွာဘုရားအလောင်းတော်ဟာ ပါရမီဖြည့်တဲ့အချိန်တုန်းက သူများတွေကို ကုန်းမတိုက်ခဲ့ဘူး။ ကွဲနေတဲ့သူတွေကို တည့်အောင်လုပ်တယ်၊ ညီညွတ်တဲ့ပုဂ္ဂိုလ်တွေ ပိုညီညွတ်အောင် အားပေးတယ်။ အဲဒီလိုလုပ်လို့ မြတ်စွာဘုရားမှာ ပါရမီပုံရိပ်အနေနဲ့ အမှတ်တံဆိပ်တွေ ပေါ်လာတယ်။ လူတွေမှာ သွားသုံးဆယ့်နှစ်ချောင်းရှိတယ်။ ဘုရားကျတော့ အချောင်း(၄၀)ရှိတယ်။ အပေါ်သွား(၂၀) အောက်သွားက(၂၀)။ သွားတော်(၄၀)၊ ဘာပြုလို့ရလဲဆိုရင် သူများကို ကုန်းမတိုက်ခဲ့လို့၊ ညီညွတ်ရေးဆောင်ရွက်ပေးခဲ့လို့ပါ။

ဒါဆိုရင် လူတွေဟာ ကုန်းတိုက်မှုကို မရှောင်ခဲ့လို့ သွား (၃၂)ချောင်းပဲရှိတာဖြစ်တယ်။ ကိုယ့်အတိတ်ဘ၀ကို ပြန်ကြည့်။ တို့မဟုတ်သေးဘူး။ ကိုယ့်သွား ကိုယ်ပြန်ရေကြည့်။ ဟိုဘ၀တုန်းက ဒီကုသိုလ် မရှိခဲ့ဘူး။ ဒီကုသိုလ် ကြိုးစားလုပ်ပေးရမယ်။

#ဖရုသ၀ါစာ
နောက်တစ်ခုက ဘာလဲဆိုရင် ကြမ်းတမ်းတဲ့စကားကို မပြောရဘူး။ တချို့က နှုတ်ကျိုးနေတာ၊ မကြားဝံ့မနာသာဆဲဆိုပြီး ပြောကြတယ်။ သာမန်အောက်မေ့မနေနဲ့။ အဲဒီဆဲတတ်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ်လည်းကြမ်း၊ စိတ်လည်းကြမ်းတယ်။ ကြားတဲ့လူတွေကိုလည်း စိတ်ကြမ်းသွားစေတယ်။ ဒါကြောင့်မို့ ဆဲရေးတိုင်းထွာတဲ့ ဖရုသ၀ါစာကို မပြောရဘူးတဲ့။ ဘာပြောရမလဲဆိုရင် ကြင်နာတဲ့စကား၊ ခင်မင်ဖွယ်ရာကောင်းတဲ့စကား၊ ချိုသာတဲ့စကား၊ ဒီလိုဟာမျိုး ပြောရမယ်။ အကျိုးရှိတဲ့စကားမျိုး ပြောရမယ်။

ပြောတော့ပြောကြတာပဲ။ နှုတ်ချို သျှိုတစ်ပါးတဲ့။ သို့သော်လည်းပဲ ချိုချိုသာသာမပြောချင်ကြဘူး။ ဘာလို့မပြောချင်ကြလဲဆိုတော့ အတွင်းက ဒေါသရှိနေတာကိုး၊ ဟုတ်ကဲ့လား။ စိတ်တိုနေတော့ ဘယ်တော့မှ ချိုချိုသာသာမပြောပါဘူး။ ချိုသာတဲ့စကားကို ကြိုးစားပြီး ပြောရမယ်။

ဖရုသ၀ါစာဆိုတာ ကြမ်းတမ်းတဲ့စကားကို ပြောတာ၊ ဆဲတယ်၊ မကြားဝံ့မနာသာတွေပြောတယ်။ အဲဒီပုဂ္ဂိုလ်ဟာ သိမ်မွေ့တဲ့အသံ ကြားရတယ်ကို မရှိဘူးတဲ့။ နားမချမ်းသာစရာတွေချည်းပဲ ကြားမယ်။ ဘယ်ဘ၀မှာပဲနေနေ ချိုသာတဲ့စကား မကြားရဘူး။

တစ်ခါတုန်းက မိသားစုတစ်စု တွေ့ဖူးတယ်။ တစ်အိမ်လုံး အပြောကြမ်းတယ်။ အမေလုပ်တဲ့လူကလည်း သားကို ချိုချိုသာသာ တစ်ခါမှမပြောဘူး။ ဆဲနေတာပဲ။ ဆဲပြီးပြောတာ။ ဒါ ရိုးရိုးတန်းတန်း ပြောတာ၊ စိတ်ဆိုးတာမဟုတ်သေးဘူးနော်။ ထမင်းကျွေးတာတောင် ” ဟဲ့ အော့နာဝမ်းကျ ” တို့ဘာတို့ ဆဲဆိုပြောတာ။ အကျင့်ပါနေတာ၊ ပြင်လို့မရတာမဟုတ်ဘူး။ ပြင်လို့ရတယ်။ ပြင်ရမယ်။ ဖရုသ၀ါစာ မပြောမိအောင် နေရမယ်။

လူဆိုတာ အလုပ်တစ်ခုကို အောင်အောင်မြင်မြင်လုပ်ဖို့ရာအတွက် နံပါတ်(၁)က ယုံကြည်ချက်သဒ္ဓါရှိရမယ်။ (၂) ကြိုးစားမှုလုံ့လ ၀ီရိယရှိရမယ်။ ယုံကြည်ချက်မရှိတဲ့ပုဂ္ဂိုလ်ဟာ မအောင်မြင်ဘူး၊ နောက်ပြီး တည်ငြိမ်မှုသမာဓိဆိုတာ ရှိရမယ်။ နောက်တစ်ခုက ပညာဆိုတာရှိရမယ်။ အဲဒါတွေမရှိရင် ဒီပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့။ ပြီးတော့ သတိထားတတ်မှုရှိရမယ်။ သတိထားရမယ်။

မတွေးသင့်တဲ့အတွေးမျိုးတွေ မတွေးမိဖို့ သတိထားရမယ်။ တွေးရမယ့် အတွေးမျိုး တွေးတတ်ဖို့ သတိထားရမယ်။ မပြောရမယ့်စကားတွေကို သတိထားရမယ်။ ပြောရမယ့်စကားမျိုးကို သတိထားရမယ်။ ဒါကို ရှောင်လို့ရတာပဲ။ မုသာဝါဒရှောင်ရမယ်။ မှန်တာပဲ ပြောရမယ်။ ကုန်းတိုက်စကား မပြောရဘူး။ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်အောင်လုပ်ရမယ်။ ဆဲရေးတဲ့၊ ရိုင်းပျတဲ့စကား မပြောရဘူး။ ချိုသာတဲ့စကားပဲ ပြောရမယ်။

#သမ္ဖပ္ပလာပ
သမ္ဖပ္ပလာပဆိုတာ အကျိုးမဲ့စကားတွေကိုပြောတာ။ အချိန်အခါမဟုတ်တဲ့စကားတွေ ပြောတယ်။ အကျိုးမရှိတဲ့စကားတွေ ပြောတယ်။ သမ္ဖပ္ပလာပကို ပြိန်ဖျင်းတဲ့စကားပြောခြင်းလို့ ဘာသာပြန်တယ်။ ဘာမှအနှစ်မရှိတဲ့ စကားမျိုးတွေကို သမ္ဖပ္ပလာပလို့ခေါ်တယ်။ အဲဒါမျိုးတွေကို ရှောင်ရမယ်။ ပြောပြီဆိုရင် အကျိုးရှိတာကိုပဲ ပြောရမယ်။ ကောင်းတာကို ပြောရမယ်။ ပညာရေးအတွက် အကျိုးရှိရမယ်။ လူမှုရေးအတွက် အကျိုးရှိရမယ်။ ပတ်ဝန်းကျင်အတွက် အကျိုးရှိရမယ်။ အဲဒီတော့ အပြောနဲ့ပတ်သက်ပြီးတော့ အခုလို ဒီ(၄)မျိုးကို ရှောင်လိုက်ပြီဆိုရင် “သမ္မာဝါစာ” ဖြစ်တယ်။ သမ္မာဝါစာဟာ လူဖြစ်ကျိုးနပ်ပြီလို့ ပြောနိုင်တဲ့တရား။

Eternal Light Magazineဖော်ပြထား

ပြန်မျှဝေတာပါ။
#လူဖြစ်ကျိုးနပ်ပါစေ