ငယ်နိုင်နဲ့ငယ်ကြောက်

© တရားထိုင်ပြီဆိုတာနဲ့ ပထမဆုံးရင်ဆိုင်ရမှာဒီကိလေသာပဲ ။ ကိလေသာက ငယ်ပေါင်းနဲ့ တူတယ်သာဆိုတာ သူကချည်းနိုင်လာတာဆိုတော့ ငယ်နိုင်၊ ကိုယ်ကလည်း သူ့တစ်သက်လုံး ကြောက်လာရတာဆိုတော့ ငယ်ကြောက်ကြီးနော်…။

ငယ်ကြောက်က ခုမှထ,တော်လှန်ရမှဆိုတော့ ကိလေသာငယ်နိုင်ကြီးက သက်သာခွင့်ပေးပါမလား…။ လစ်ရင် လစ်တဲ့နေရာ။ ထောင်ရင် ထောင်တဲ့နေရာက တွယ်မှာနော်…။ အနုနည်း အကြမ်းနည်း..နည်းမျိုးစုံနဲ့ချမှာ။
“ကိုယ်က ပြန်တိုက်တဲ့နေရာမှာ ကိုယ်ပိုင်တာဆိုလို့ သတိနဲ့ ဝီရိယပဲရှိတာ”။ ပေါ့လို့မရဘူး..။ လျှော့လို့မရဘူး.။

(ကြက်မကြီးနှင့် ကြက်ဥအဆံချောင်)

© ရှုကွက်တစ်ခုမှာ စူးစိုက်ရှုမှတ်တာ သတိပဋ္ဌာန်ပဲ။ သတိက ရှုမှတ်တာ၊ ပဋ္ဌာနကကပ်၍တည်ခြင်း၊ စူးစိုက်ကြည့်ခြင်း။

ပျဉ်တစ်ချပ်နဲ့တစ်ချပ် တွဲမိအောင် သံရိုက်သလိုပဲ၊ ရဲတင်းနဲ့ရိုက်မှ စိုက်ဝင်ပြီး မြဲနေသလို စိုက်အားပါမှ ကွဲပြားမယ်။ သတိမလျှော့စေနဲ့…၊၊ ကိုယ့်အခြေအနေအကဲခတ်ပြီးမှတ်ပါ။

© ကိုယ်က ဣရိယာပုတ်လေးပါးမှာ ဘယ်ဟာပိုပြီး သတိတည်သလဲ။ အဲဒါကို ဦးစားပေးမှတ်ပါ။ လူကိုလိုက်ပြီး ဉာဏ်ပွင့်တာချင်းမတူနိုင်ဘူး…။ တချို့က အသိကိုကပ်ကြည့်နေရင်း ပွင့်တာပဲ…။ ဒါပေမယ့် အသိနဲ့တင်ရသလားဆိုတော့ သတိ၊ ဝီရိယလည်းပါမှရတယ်…။

မိုးကုတ်ဆရာတော်ကြီးက အသိနဲ့ပွင့်တာဆိုတော့ သူဟောရင် အ သိကို ဦးစားပေးဟောတယ်။ ဝေ ဘူဆရာတော်ကြီးက ဝီရိယဗိုလ်တင်ပြီး ပွင့်တာမို့ ဝီရိယဦးစားပေးဟောတယ်။ မဟာစည်ဆရာတော်ကြီးကတော့ သတိကိုစပ်အောင်ယူခိုင်းတယ်။

© ဘယ်နည်းမဆို သတိ၊ ဝီရိ ယနဲ့ အသိ သုံးမျိုးလုံးဆုံမှ ကွဲပြားအောင်သိနိုင်တာ။သတိ၊ ဝီရိ ယနဲ့ ပြည့်စုံပေမယ့် အသိမပါရင် “ကြက်ဥအဆံချောင်”လို ဖြစ်သွာမယ်…။

ဒီနေရာမှာ ကြက်ဥတဲ့ဥပမာလိုပဲ။ ကြက်မကြီး ကြက်ကလေးတွေပေါက်အောင် တာဝန်သုံးခုထမ်းရတယ်…။
၁။ ဝပ်ပေးရတယ်၊
၂။ အပူငွေ့ပေးရတယ်၊
၃။ ဥခွံပါးအောင် ရင်အုပ်နဲ့ပွတ်ပေးရတယ်၊

© ဝပ်ကျင်းသည် စိတ်အထိုင်ကျတာနဲ့တူတယ်။ အပူငွေ့ပေးတာကဝီရိယတိုးပေးတာ။ဥခွံပါး အောင် ပွတ်ပေးတာက သတိစိုက်ပေးတာ။ အဲဒီမှာ ကြက်ဥထဲက ကြက်ကလေးတွေကို သားရေ သမီရေ အမေရှိတယ်လို့ တတွတ်တွတ်အသံပေးနေသလို “ဝင်တယ်…ထွက်တယ်”ဆိုပြီး မှတ်ပေးရတယ်။

အထဲက ဘယ်ကြက်အရင်ပေါက်မယ်ဆိုတာနားစွင့်ပြီးတော့လည်း အပြင်က နှုတ်သီးနဲ့ဖွဖွလေး ပေါက်ပြီး အလင်းပေါက်ကူဖွင့်ပေးသလို အသိလေးကိုလည်း တိုး ပေးရတယ်.။ ကြက်မကြီး ရက်စေ့ခါနီးပြီဆိုရင် မထတော့ဘူး…။ အစာလည်း ဆင်းမကောက်တော့ဘူး။ ဇွဲကြီးကြီးနဲ့ ဝပ်နေပြီ.။
အချိန်တန်လို့မှ ပေါက်မလာတဲ့ဥကတော့ အဆံချောင်ဖြစ်သွားပြီ။ အဲဒီတော့ အဆံချောင်တွေမဖြစ်ချင်ရင် ပေါက်အောင် ကျင့်ကြံအားထုတ်ကြ…။ ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကိလေသာတောင်တန်ကြီးမှ)