Ertiga တတိယမျိုးဆက်ရဲ့ မြန်မာဈေးကွက် ဘယ်လိုရှိမလဲ!!!

Suzuki ဆိုတာ မြန်မာတွေ အကြိုက်ကို ကောင်းကောင်းသိထားတဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုပါပဲ။

လွန်ခဲ့တဲ့ နှစ်၂၀ (၁၉၉၉−၂၀၀၀) လောက်ကတည်းက R+, R- တွေ ထုတ်ခဲ့တာဆိုတော့ မြန်မာတွေက ဘယ်လိုမျိုးတွေကို ကြိုက်လဲဆိုတာ သိလို့အခုလက်ရှိမှာ တခြားကားထုတ်လုပ်ရေးအထက် နှာတစ်ဖျားသာပါတယ်။ အဲဒီတုန်းက R+,R- စီးရေ ၆,၀၀၀ ကျော်ထုတ်လုပ်ရောင်းချခဲ့ရတယ်လို့သိရပါတယ်။

တကယ်လည်း သူထုတ်လုပ်တဲ့ ကားမော်ဒယ်လေးတွေက ရောင်းပန်းလှနေခဲ့တာကိုး။

SKD (ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်တပ်ဆင်) စနစ်တွေ စတော့ ထုတ်ခဲ့တဲ့ မော်ဒယ်တွေတိုင်းက မြန်မာဈေးကွက်မှာ ရောင်းပန်းလှခဲ့ပါတယ်

Ciaz ဆိုရင် ဘယ်လိုပဲ ပျော့တယ်၊ QC မပြည့်ဘူးပြောကြပေမယ့် ရောင်းအားအကောင်းဆုံးမော်ဒယ်တစ်ခုဆိုတာတော့ ငြင်းမရပါဘူး။

ဒါပြီးတော့ Swift ကိုဈေးကွက်ထဲ ဖြန်ခဲ့တော့လည်း ရောင်းပန်းလှခဲ့တာပါပဲ။

အခုလည်း အာကြီးလို့ခေါ်ကြတဲ့ Ertiga (3rd Generation) ကို ၂၀၁၉ နှစ်လယ်လောက်မှာ ဈေးကွက်ထဲဖြန့်ပါဦးမယ်။

ဘာလို့ချက်ချင်းမဖြန့်လဲဆိုကတော့ မော်ဒယ်သစ်ဖြစ်လို့ စက်ရုံက Production Line တွေပြင်ဆင်ရမှာ၊ QC Pass ဖြစ်ဖို့ အဆင့်ဆင့်တင်ရမှာတွေကြောင့်လို့ ဆိုကြပေမယ့်

တချို့တွေကလည်း ဒါက လက်ရှိမော်ဒယ်ဟောင်းတွေ အကုန်ထုတ်ချင်လို့ အချိန်ဆွဲထားတာလို့လည်း ပြောကြပါသေးတယ်… 😂

အာကြီး ပထမမျိုးဆက်ကတည်းက ရောင်းအားကောင်းခဲ့ပြီး
Toyota Wish တွေရဲ့ ဈေးတန်းကို ၀င်ပြိုင်ခဲ့လို့ Wish တွေအတွက် ဈေးကွက်ဝေစုခွဲပေးခဲ့ရပြီးလည်းဖြစ်ခဲ့ပါတယ်။

အခုတတိယမျိုးဆက်ဒီဇိုင်းက Luxury ဘက်ကို အသားပေးထားပါတယ်။ အတွင်းခန်း Grade တွေကတော့ လျော့တယ်ပြောကြပေမယ့် တစ်စီးလုံး Overall ခြုံကြည့်ရင်တော့ မြန်မာကြိုက် မိသားစုစီးကားတစ်စီး ဖြစ်လာဦးမှာပါပဲ။ အင်ဂျင်ပါဝါ 1400CC ကနေ 1500 CC ဖြစ်လာတာလည်း ပိုကျေနပ်စရာပါ။

Wagon မကျ၊ MPV မကျတဲ့ပုံစံမျိုးဖြစ်တာကြောင့် မြန်မာဈေးကွက်မှာ နာမည်ရခဲ့တဲ့ Wish တို့ Ipsum တို့ စီးနေတဲ့ မိသားစုတွေအတွက် ရွေးချယ်စရာ ကားမော်ဒယ်သစ်တစ်စီးတိုးလာမှာပါ။ SKD ဖြစ်လို့ YGN လိုင်စင်ကိုလည်း ဘာစလစ်မှ ကပ်စရာမလိုဘဲ ရမှာပါ။

စောင့်ကြည့်ရမှာကတော့ ဈေးနှုန်းပါပဲ။ 1400CC Ertiga ဒုတိယမျိုးဆက်ကို သိန်း ၂၅၀ လောက်နဲ့ ရခဲ့ပေမယ့် 1500CC နဲ့လာမယ့် တတိယမျိုးဆက်ကိုတော့ ၃၀၀ ကျော်မယ် ခန့်မှန်းကြပါတယ်။

ဘယ်ဈေးတွေပဲရှိရှိ HP တွေနဲ့ အသားကျနေတဲ့ မြန်မာတွေအတွက်တော့ အကြွေးရ ဆင်ဝယ်စီးကြဦးမှာပါပဲ….

Suzuki မော်တော်ကော်ပိုရေးရှင်းဟာ ၁၉၀၉ခုနှစ်တွင် စတင်တည်ထောက်ခဲ့ပြီး ဂျပန်နိုင်ငံတွင် စတုတ္ထအကြီးဆုံး ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပါတယ်။

🚘 Chit Bo Bo 🚖