ကျနော်တို့သည် အဆိုပါနေရာ၌ပင် ဝင်ရောက် ပျောက်ကွယ်ခဲ့ကြသည်

hoodie တထည်ရောင်းချင်ပါတယ်။
ဈေးနှုန်းကတော့ ညှိနှို်င်းပါ။
ညှိနှိုင်းတယ်ဆိုတာ အဆင်ပြေသည်အထိ ဆွေးနွေးကြခြင်းဖြစ်ပါတယ်။ သက်သောင့်သက်သာစွာ အဆင်ပြေပြေဆွေးနွေးကြတာမျိုး၊ ကျနော်တို့ဘယ်တော့မှ မလုပ်ခဲ့ဖူးတာမျိုးပါ။ အရောင်မှာတော့ အနီရောင်ဖြစ်ပါတယ်။ သူမက ကြက်သွေးရောင်လို့ဆိုသော်လည်း တကယ်က အနီရောင်သာဖြစ်ပါတယ်။ အနီရောင်မဖြစ်တဲ့အခါမျိုးမှာလည်း သူမက ဒါကြက်သွေးရောင်နော် လို့သတိပေးမှာပါ။ ဘာလို့ရောင်းမှာလဲ ဟုတ်ကဲ့လား။ ဟုတ်ကဲ့ ခပ်ကြာကြာမထားချင်တာမို့ပါ။ ပစ္စည်းပိုင်ရှင်က အမျိုးအမည်မသိရောဂါတခုနဲ့ တိမ်းပါးသွားပြီဖြစ်လို့ပါ။ ကျနော်ဘယ်လိုရလဲ ဟုတ်ကဲ့လား။ ဒါကဒီလိုပဲရခဲ့ပါတယ်။ ကျနော်တို့ ဒီလိုဆုံတွေ့ခဲ့ကြပါတယ်။ ဖြစ်ရိုးဖြစ်စဉ်တွေလိုပါပဲ။ ခင်ဗျားစိတ်ဝင်စားတယ်ဆို အခြားသောအချက်အလက်များကို ဆက်လက်ပြောပြပေးပါမယ်။ ဒီ hoodie က မထူထဲပါဘူး။ ဒါပေမယ့် ဝတ်ထားလိုက်တိုင်း တစုံတဦးရဲ့ပွေ့ဖက်မှုနဲ့အတူ ထူးကဲစွာနွေးပါတယ်လို့ ဆိုထားပါတယ်။ ဆိုဒ်ကလည်း အရမ်းမကြီး အရမ်းမငယ် မီဒီယမ်ဆိုဒ်ဖြစ်ပါတယ်။ ဘယ်တော့မှမပြောင်းလဲတတ်တဲ့ ပုံစံတမျိုးလည်း ဖြစ်ပါသေးတယ်။ ဟုတ်ကဲ့ သက်တမ်းကတော့ ၁+၁ ရှိပါပြီ။ ၂ မဟုတ်ပါဘူး ၁+၁ပါ။ ကျနော်တို့ အတူတူရှိခဲ့ကြပြီးနဲ့ အတူတူမရှိကြတော့ ဆိုပြီး ၁+၁ ဖြစ်ပါတယ်။ သက်တမ်းကြာပစ္စည်းတခုမို့ အဖိုးမြင့်ရှေးဟောင်းလက်ရာများထဲကို စာရင်းသွင်းချင်သွင်းလို့ရပာသေးတယ်။ ကုန်ဆုံးချိန်ကို အကွာအဝေးများအဖြစ် ပြောင်းလဲလိုက်ပါက ကိန်းဂဏန်းအားဖြင့် အလင်းနှစ်ပေါင်း ၁.၆သန်းဖြစ်ပါတယ်။ စာအားဖြင့် မင်္ဂလာပွဲဖိတ်စာပေါ်မှ သူမနှင့်အခြားနာမည်တခုဖြစ်ပါတယ်။ သူမအဆိုအရ ပေါလ်ဂေါ်ဂင်ဟာ တဟီဟီကျွန်းကိုမရောက်ရှိသေးခင်ကနေ မြန်မာနိုင်ငံအာကာသလေ့လာရေးအေဂျင်စီရဲ့ S-61021102M ကို အင်္ဂါဂြိုလ်ပေါ်ကို လွှတ်တင်လိုက်စဉ် လောက်ထိကြာခဲ့တာမျိုးပါတဲ့။ အိပ်ကပ်နှစ်ခုပါရှိပြီး အဆိုပါအိပ်ကပ်မှာ သူမလက်များမရှိကြတော့ပါဘူး။ အခြားသော hoodie အမျိုးအစားများကဲ့သို့ တိုက်ရိုက်ဝတ်ဆင်လို့မရပဲ အလယ်တွင်ဇစ်တပ်ထားပြီး ဝတ်ဆင်သူရင်ကိုခွဲထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဒါမှပဲ ကျနော်တို့ရဲ့ နာကျင်ကြေကွဲရသောအစိတ်အပိုင်းများကို ဖက်ရှင်အဖြစ်ကြွားဝါလို့ရမှာဖြစ်ပါတယ်။ မူလပိုင်ရှင်ဟာလည်း အမှန်တကယ်မသေပဲ အဆိုပါ hoodie ထဲကိုဝင်ရောက်ပျောက်ကွဲသွားတာလို့ ကောလဟာလသတင်းတွေလည်းရှိပါတယ်။ ညနက်တဲ့အခါမှာ ခေါင်းစွပ်ကမျက်ရည်များစွာကျလာတဲ့ အဖြစ်မျိုးကျနော့်အရှေ့က သူတဦးကြုံဖူးတယ်လို့ဆိုပါတယ်။ ဈေးနှုန်းက ညှိနှိုင်းဖြစ်ပါတယ်။ ခင်ဗျားမေ့သွားမှာစိုးလို့ပါ။ ဈေးပေးရခက်နေရင် ကျနော်ပဲ ကြမ်းခင်းဈေး သတ်မှတ်ပေးပါမယ်။ နဖူးပေါ်ဆံပင်အတိချထားတဲ့ ပါးဖောင်းဖောင်းမျက်နှာဝိုင်းလေး ကစပေးနိုင်ပါတယ်။ ရယ်ကျဲကျဲမျက်နှာက သွားစွယ်ကလေးလည်း ရနိုင်ပါတယ်။ ဒီထက်တော့လျော့လို့မရတော့တာကို နားလည်ပေးစေချင်ပါတယ်။ ဒါက ကျနော့်လိပ်စာကဒ်ဖြစ်ပါတယ်။ မပျောက်မရှအောင် ဂရုတစိုက်ထိန်းသိမ်းပေးသွားပါ။ သူမနဲ့တွေ့တဲ့အခါလည်း ပေးခဲ့နိုင်ပါတယ်။ ခင်ဗျားကိုစိတ်ဝင်စားသူစာရင်းထဲ ထည့်ထားပြီး ဖြစ်နိုင်တဲ့ကမ်းလှမ်းမှုတွေကို မျှော်လင့်နေပါမယ်။ ခင်ဗျားအပြင် အခြားသောသူတဦးကလည်း ဒီ hoodie ကို အနုပညာလက်ရာအဖြစ် ဘောင်သွင်းကော်လက်ဖို့ ကမ်းလှမ်းထားပြီး အဆင်ပြေသည်အထိ သဘောတူညီမှုမရကြသေးပါဘူး။ သူက အဆိုပါ hoodie ကို အက္ခရာလေးလုံးပါတဲ့ နာမည်တခုတောင် ပေးထားပြီးပါပြီ။ ခင်ဗျားလိုချင်တယ်ဆိုရင်တော့ မြန်မြန်ဆုံးဖြတ်မှပဲဖြစ်ပါလိမ့်မယ်။ ခင်ဗျားဝယ်လိုက်ပြီဆိုတာနဲ့ ကျနော်လည်း အဆိုပါ hoodie ထဲဝင်ရောက်သွားတော့မှာပါ။ ဖြစ်နိုင်ရင် ခင်ဗျားကိုပဲဝယ်စေချင်ပါတယ်။ ဘာကြောင့်ဆို ခင်ဗျားလည်း ညနက်နက်မှာ ရှိုက်ကြီးတငင် ငိုကြွေးလေ့ရှိသူမို့ပါ။ ကျနော်တို့ ပို၍ရှိုက်ကြီးတငင် ငိုကြွေးကြရအောင်ပါ။ထက်ဦးမောင်