ဖင်စိမ်းဋီကာ

ကျုပ်သည်.တော်တော် စိတ်ညစ်နေသည်။
ကျုပ် တင် မဟုတ်။
ကျုပ် ဘေးက ကောင်တွေပါ စိတ်ညစ်ကြသည်။
ကျုပ် တို့ အားလုံးသည် ဒီဘဝမရောက်ခင်က မြင့်မြင့်မားမား၊ ခန့်ခန့်ထည်ထည် ရပ်တည်ခဲကြသူများဖြစ်၏။

နောက်တော့..ကိုယ်ကျိုးသာကြည့်သော လူတစ်စုကြောင့်…ကျုပ်တို့ ဘဝတွေ အမျိုးမျိုးပုံပြောင်းပြီး..ယခု ဒီလို နေရာရောက်လာရခြင်းပင်။

ဒီနေရာကို ကျုပ်တို့ရောက်သည်မှာ အတော်ကြာပြီ။

ကိုယ့်ဘာသာ ရပ်တည်နိုင်ခဲ့သော ဘဝမှ တပါးသူ၏ ဖင်ထမ်း ဖြစ်ခဲ့ရသောဘဝတွင် မည်သူကရော ပျော်မည်နည်း။

မိတ်ဆွေစာဖတ်တာ.. မလွဲပါ။

ကျုပ်တို့သည် ဖင်ထမ်းများဖြစ်သည်။
လူသားများကတော့ ကျုပ်တို့ကို ထိုင်ခုံ၊ ကုလားထိုင် စသဖြင့် အမျိုးမျိုး အမည်နာမပေးကြသည်။

တကယ်တမ်းတော့…ကျုပ်တို့သည် လူသားများ၏ ဖင် ကို ထမ်းပေးထားရသော..ဖင်ထမ်းများပင် မဟုတ်တုံလော။

လူသားတွေကတော့ ကျုပ်တို့ ကို မက်မောကြသည်။
ကျုပ်တို့ကို လုကြသည်။ ကျုပ်တို့ ပေါ်တွင် ထိုင်ပြီးလျှင် ပြောင်းလဲသွားတတ်ကြသည်ဟုလည်း ပြောကြသည်။
ကျုပ်တို့ ပေါ်ထိုင်ပြီးလျင် အတော်နှင့် ပြန်မဆင်းချင်ကြ။

ပြီးတော့ နေရာဒေသ၊ အဆင့်အတန်းကို လိုက်ပြီး ကျုပ်တို့ကို အမျိုးမျိုးခွဲခြားသတ်မှတ်သေး၏။

သမ္မတထိုင်ခုံ၊ဥက္ကဌကြီး ထိုင်ခုံ၊ အတွင်းရေးမှူးထိုင်ခုံ၊ လွှတ်တော်အမတ်ထိုင်ခုံ၊ ဗိုလ်ချုပ်ကြီးထိုင်ခုံ စသဖြင့် စသဖြင့်။

လူတွေက ထိုသို့ပင် အံသြစရာကောင်းလှပါသည်။

သူတို့ လူချင်းအတူတူ အဆင့်အတန်းခွဲခြားရတာ အားမရသည့်နောက် ကျုပ်တို့ ထိုင်ခုံများကိုပင် အဆင့်ခွဲကြပြန်၏။

ကျုပ်တို့ကတော့…သူတို့ သွေးခွဲတိုင်း မကွဲကြပါ။

သမ္မတကြီးပဲ ထိုင်ထိုင်၊ ဗိုလ်ချုပ်ကြီးပဲထိုင်ထိုင်၊ သမ္မတကြီးပဲ ထိုင်ထိုင် လူသား မှန်သမျှ အကုန်လုံး ကျုပ်တို့အပေါ်သို့ ဖင် နဲ့ တက်ထိုင်ကြသည်သာ။

ထိုင်ခုံပေါ် ခေါင်းနှင့် တက်ထိုင်သည့် လူဟူ၍ မပေါ်သေးသလို..လူက ခေါင်းနှင့် တက်ထိုင်ခံရသည့် ထိုင်ခုံဟု မပေါ်သေး။

လူတွေက ဖင်နှင့်ထိုင်တာချင်းအတူတူ အဆင့်အတန်းခွဲကြပေမယ့် ကျုပ်တို့်ကတော့..ဖင်ထမ်းချင်းအတူတူ..သွေးမကွဲပါ။

အခု ဒီခန်းမကြီးထဲတွင်လည်း အရောင်အသွေးစုံလင်ကွဲပြားလှသော ဖင်များကို ကျုပ်တို့ ထမ်းထားရသည်။

ဖင်ဖြူ ၊ ဖင်ပြာ၊ ဖင်ညို၊ ဖင်နီ၊ ဖင်စိမ်း၊ ဖင်ဝါ တစ်နေ့တခြား မရိုးရသော ဖင်တက္ကနီကာလာများကို ကျုပ်တို့ ကျောပေါ် တစ်နေကုန်တနေကမ်း ထမ်းပိုးထားရ၏။

အဲ့ဒီအထိ ကျုပ်တို့ စိတ်မညစ်ပါ။

အခု စိတ်ညစ်သည်က ဒီလို။

ကျုပ်တို့သည် နေ့ရော၊ညပါ ဒီခန်းမကျယ်ကြီးထဲ လူသားသခင်တို့အလိုကျ မလှုပ်မယှက် ဖင်ထမ်းပေးခဲ့ကြသည်။

ပျင်းရိဖွယ်အလုပ်ပေ။

သို့သော်..ကိုယ်ဖင်ထမ်းပေးရမည့် သခင်သည် သူဝတ်လာသည့် အဝတ်အစားအလိုက် ဖင်အရောင်လေးပြောင်းနေလျင်တော့ နည်းနည်းအပျင်းပြေသည်။

သခင်ဟာ ဒီနေ့..ယောပုဆိုးလေးဝတ်လာမလား။ ဒါဆို နူးညံသိပ်သည်းသော ဖင်နက်ကလေး။

သခင်မဟာ ချိတ်ထမီပြာလေး ဝတ်လာမလား။ ဒါဆို လှိုင်းတွန့်ကလေးများ ယှက်ပြေးနေသည့် ဖင်ပြာကလေး။

သခင်ဟာ မွန်လုံချည်လေးဝတ်လာမလား။ ဒါဆို အကွက်ကျဲ ချည်ချောနှင့် ဖင်နီကလေး။

ဒီလိုလေးတွေနဲ့ တစ်နေ့တစ်နေ့ သခင့်ဖင်ကာလာ အချိန်းအပြောင်းလေးကို မျှော်မှန်းတွက်ဆပြီး အပျင်းဖြေရပါသည်။

သို့သော်…ကျုပ်တို့အားလုံးထဲတွင်မှ ကံဆိုးသူမောင်ရှင်များက ကျုပ်အပါအဝင် ၂၅ ရာခိုင်နှုန်းရှိပါသည်။

ကျုပ်တို့ ထမ်းထားရသော ဖင်များမှာ…ခုနပြောခဲ့သလို ဒီနေ့ ဘာအရောင်၊ဘာအသား ဖင်ကွာခြားလေး ဖြစ်မလဲဟု မျှော်လင့်ရင်ခုန်လို့မရ။

ဘယ်နေ့လာလာ ဖင်စိမ်းများချည်း။

ကျုပ်တို့ ထမ်းထားရသော..
သက္ကလပ်သား ဖင်စိမ်းကြီးများသည် အင်မတန်ပျင်းစရာကောင်းလှသည်။

သူတို့သည် နေ့တိုင်း ဒီသက္ကလပ်သားအစိမ်းရောင်ကြီးများသာ ဝတ်ကြ၏။

ဒီကြားထဲ အခြား ဖင်တက္ကနီကာလာများလို ဆွေးနွေးတိုင်ပင်တာမျိုးလည်းမရှိ။

တခုခုကို ကြောက်ရွံနေကြသည့်ပုံစံမျိုး ဖင်ကလေးတကြွကြွနှင့်။

တခါတရံ ဘာမှ မတိုင်ပင်ကြပဲ တပြိုင်တည်း ဝုန်းခနဲ မတ်တပ်ထရပ်ကြလျင် ငိုက်မြည်းနေသော ကျုပ်တို့အုပ်စုမှာ အလန့်တကြားဖြစ်ရသေးသည်။

သူတို့ကို ကျုပ်တို့က ဖင်စိမ်းများဟု အမည်ပေးထားကြ၏။

ကျုပ်သည် လူသားတွေကို အားကျခဲ့ဖူးသည်။ လူသားများသည် ကျုပ်တို့လို…မဟုတ်။

သူတို့တွင် ဦးနှောက်ရှိသည်။ စဉ်းစားဆင်ခြင်ဥာဏ်ဖြင့် လှုပ်ရှားနိုင်သည်။ တွေးတောနိုင်သည်။ ကိုယ်ယုံကြည်ရာ ကိုယ်ဆုံးဖြတ်ခွင့်ရှိကြသည်။

တခါတရံ ထိုသို့သော လူသားများကို ထမ်းရသည့် ဖင်ထမ်းဘဝကို ကြံဖန်ပြီး ဂုဏ်ယူရသည်။

ဖင်စိမ်းများကျတော့ ကျန်ဖင်ရှင်များလို့မဟုတ်။
သူတို့က..ကျုပ်တို့ နှင့်ပင် တူသေးသည်။

ကျုပ်တို့ဘဝ က တစ်ယောက်ယောက်က ဒီနားရွှေ့ လျင် လိုက်ရွှေ့ ပေးရသည်။
တစ်ယောက်ယောက်က ဒီနားနေဆိုနေရသည်။
တစ်ယောက်ယောက်က တက်ထိုင်လျင် ငြင်းပိုင်ခွင့်မရှိ။

ကျုပ်တို့မှာ ကိုယ်ပိုင်အသိဥာဏ်ဖြင့် လှုပ်ရှားဆုံးဖြတ်ခွင့်မရှိပါ။

ဖင်စိမ်းများသည်လည်း သူတို့စိတ်ဖြင့် သူတို့ကိုယ် မဖြစ်ကြသည်ကို ကျုပ်အတွေ့အကြုံအရ သိခဲ့ရသည်။

တစ်ယောက်ယောက်၏ ညွှန်ကြားမှုအောက်တွင် ထိုင်လိုက်၊ ထလိုက် လုပ်တတ်ကြသည်။

တခါတရံ ဒေါသတွေ ပြိုင်တူထွက်တတ်သည်။ မျက်နှာသေကြီးများနှင့် ရှုတည်တည်နေကြသည်။

သူတို့်ကား..ကျုပ်တို့ ထိုင်ခုံများနှင့် ထူးမခြားနား။

အလွန်ပျင်းစရာကောင်းသော ဖင်စိမ်းကြီးများပင်။

လူသားတွေပြန်သွားသည့် ညအခါများတွင် ကျုပ်တို့ ထိုင်ခုံများ အချင်းချင်း သူ့ဖင် ကိုယ့်ဖင် အကြောင်း သတင်းဖလှယ်တတ်ကြသည်။

ထိုအခါ..ဖင်စိမ်းထိုင်ခံရသော ကျုပ်တို့မှာ အင်မတန်မျက်နှာငယ်ရသည်။

ဒီနေ့ ငါ့ဖင်ပိုင်ရှင်က ဘာရောင်လေးဝတ်လာတာ။ ငါ့ဖင်ပိုင်ရှင်က ဘာ အဆိုထသွင်းလိုက်တာ။

ငါ့ဖင်ပိုင်ရှင် နဲ့ သူ့ဖင်ပိုင်ရှင် ဘေးချင်းကပ်ပြီး ငြင်းခုံနေကြတာ စသဖြင့်..စသဖြင့်။

ကျုပ်တို့ ဖင်စိမ်းများကတော့..တနေ့လာလည်း ဒီအရောင်ပဲဝတ်။

တခုခုဆိုလည်း ဝုန်းခနဲ ပြိုင်တူထ၊ ဝုန်းခနဲ ပြိုင်တူထိုင်။

ညည်းငွေ့ဖွယ်ကောင်းပေစွ။

တချို့ ဖင်တက္ကနီကာလာထမ်းရသည် ကောင်များက ပြောသံလည်းကြားရသေးသည်။

ငါတို့ဖင်တွေက လူသားတွေရဲ့ ရွေးချယ်မှုနဲ့ လာထိုင်တဲ့ ကိုယ်စားလှယ်တွေတဲ့။

ကျုပ်တို့ ထမ်းရသည့် ဖင်စိမ်းကြီးတွေကတော့..အဲ့ဒီလိုမဟုတ်ဘူးတဲ့။

ဒါဆို…ဖင်စိမ်းကြီးတွေက ဘယ်သူ့ဆန္ဒမှ မပါပဲ ဝင်ထိုင်သည့် ဖင်ဆိုးကြီးတွေပေါ့။

ဖင်စိမ်းတို့ထဲမှ အချို့သည် ဟိုးတချိန်တခါက ကျုပ်တို့၏ ဘိုးဘွားများကို ခုတ်လှဲရာတွင် တာဝန်ရှိခဲ့ကြသည်၊ ကျုပ်တို့ကို မျိုးဖြုတ်ရာတွင် သူတို့ပယောဂ မကင်းဟုလည်း ပြောသံကြားရ၏။

ဒါတွေ ကျုပ်သေချာမသိ။

ကျုပ်တွေးမိတာ တစ်ခုတော့ရှိသည်။

တကယ်လို့ များ ဒီခန်းမထဲက လူသားတွေလို..ကျုပ်တို့ ထိုင်ခုံများပါ အဆိုတင်သွင်းခွင့်၊ မဲပေးခွင့်ရမည် ဆိုလျင်…

“ဖင်စိမ်းများကို ထမ်းရတာ..ပျင်းလှပြီ” ဟု
ကျုပ် အဆိုတင်သွင်းလိုက်ချင်သည်။

ဗြိတိသျှကိုကိုမောင်