ဖေဖေ့အတွက် ဟင်းတစ်ဖတ်၊ မေမေ့အတွက် ဟင်းတစ်ဖတ်

© ခွက်ဦးအလှူလို့ခေါ်တဲ့ ပန်းကန်ဦးအလှူကိုလည်းနေ့စဉ်ဝတ်ထားပြီးတော့ကို ပြုလုပ်သင့်ပါတယ်။ နေ့တိုင်း ထမင်းစားနေတာဆိုတော့ မလုပ်ဖြစ်စရာလည်း အကြောင်းမရှိပါဘူး။

သတိရှိဖို့နဲ့ အလေ့အကျင့် စွဲမြဲဖို့ပဲ လိုပါတယ်။ မလုပ်ဖြစ်သေးခင်သာ ခက်သလို ထင်ရပေမယ့် လုပ်နေကျဖြစ်သွားရင်တော့
လွယ်လွယ်ကူကူနဲ့ နေ့စဉ် လုပ်ဖြစ်သွားမှာပါ။

© ထမင်းစားတဲ့အခါ ကိုယ်စားမယ့် ပန်းကန်ထဲ ထမင်းထည့် ပြီးပြီဆိုတာနဲ့ အလှူခံ ပုဂ္ဂိုလ်ရှိမရှိ ဘေးဘီကို လှည့်ကြည့်လိုက်ရသေးတယ်။

ကိုယ့်ရဲ့ ရှေ့နောက်ဝဲယာမှာ အလှူခံပုဂ္ဂိုလ်ရှိနေရင် ကိုယ်မစားခင် အလှူခံပုဂ္ဂိုလ်ကို အရင်ဆုံး ဦးဦးဖျားဖျား လှူဒါန်းလိုက်ရတယ်၊ ကိုယ်စွမ်းနိုင်သလောက် ဦးဦးဖျားဖျား လှူဒါန်းပြီးမှ ကိုယ်က ဆက်စားပေါ့။

© အလှူခံပုဂ္ဂိုလ်ဆိုတာကလည်း ကိုယ်တစ်ယောက်တည်း ထမင်းစားရင်သာ မရှိတာပါ။ မိသားစုနဲ့ အတူဝိုင်းဖွဲ့စားရင်တော့ မိသားစုဆိုတဲ့ အလှူခံပုဂ္ဂိုလ်က အနည်းဆုံးရှိနေတာပါပဲ။

ကိုယ်နဲ့ ထမင်းအတူတူ တစ်ဝိုင်းတည်းစားတဲ့ မိဘတွေ၊ အစ်ကို အစ်မတွေ၊ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေး၊ အဘိုးအဘွားတွေဟာ အလှူခံပုဂ္ဂိုလ်တွေပါပဲ အဲ ဒီ အလှူခံပုဂ္ဂိုလ်တွေကို ဦးဦးဖျားဖျားလှူတဲ့အကျင့် စွဲမြဲအောင် လုပ်ထားရမှာပေါ့။

© ဦးဇင်းတို့ ငယ်ငယ်တုန်းက `ထမင်းစားရင် မိဘကိုအရင်ဦးချပြီးမှ စားရမယ်` လို့ မိဘတွေကလည်း အမြဲဆုံးမတယ်၊ ဆရာ တော် သံဃာတော်တွေကလည်း
အမြဲဆုံးမတယ်။ ဒါကတော့ ဗုဒ္ဓဘာသာဝင်တိုင်း ဆုံးမနေကျပါပဲ။ တရားနာပရိသတ်များလည်း ဒီအဆုံးအမ ရဖူးကြတာချည်းပါပဲ။

ထမင်းတစ်ဝိုင်း အတူတူ စားကြပြီဆိုရင် ကိုယ့်ထက် အသက်ကြီးတဲ့ မိဘ၊ အစ်ကိုအစ်မ စသည်ကို အရင်ဆုံး ဦးချပြီးမှ စားရတယ်။
မိဘရှိရင် မိဘ၊ အစ်ကို အစ်မ ရှိရင် အစ်ကို အစ်မပေါ့။ ဒါဟာ သူတော်ကောင်း ကျင့်ဝတ်ပဲ။

© မိဘပန်းကန်ထဲ ထမင်းအရင်ခူးထည့်ပေးတာ၊ ဟင်းအရင် ခပ်ထည့်ပေးတာဟာ ဦးချတာပါပဲ။ ဒါပေမဲ့ အဲဒီလို အရင်ဦးချတာက ဒါနတော့ မဟုတ်သေးပါဘူး၊ သီလပါ။ ဘာသီလလဲဆိုရင် စာရိတ္တ သီလပေါ့။

သီလက နှစ်မျိုးရှိပါတယ်။ မလုပ်သင့် မလုပ်ထိုက်တာတွေကို ရှောင်ကြဉ်ရတဲ့ ဝါရိတ္တသီလ (ရှောင်သီလ) ရယ်၊ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ငင်ရတဲ့ စာရိတ္တသီလ (ဆောင်သီလ) ရယ်လို့
သီလနှစ်မျိုး ရှိပါတယ်။ ရှောင်သီလနဲ့ ဆောင်သီလပေါ့။

© `မိဘဆရာသမားစတဲ့ ကြီးသူကို ရိုသေရမယ်၊ ဦးစားပေးရမယ်` ဆိုတဲ့ ကျင့်ဝတ်ဟာ လုပ်သင့်လုပ်ထိုက်၊ ကျင့်သင့်ကျင့်ထိုက်တဲ့ `ဆောင်သီလ` ဖြစ်ပါတယ်။ ထမင်းဟင်း အရင်ဦးချတာဟာ ဆောင်သီလကို ပြုကျင့်တာဖြစ်တဲ့အတွက် သီလကုသိုလ်ရပါတယ်။ အများနားလည်တဲ့စကားအတိုင်း ပြောရရင် ဝေယျာဝစ္စသီလပေါ့။ ဝေယျာဝစ္စကုသိုလ်ပေါ့။

ဝေယျာဝစ္စသီလကုသိုလ်အပြင် ဒါနကုသိုလ်ပါ ရချင်တယ်ဆိုရင် တော့ ကိုယ့်ခွဲတမ်း၊ ကိုယ့်ဝေစုထဲက အရင်ဦးချပြီး လှူမှ ဖြစ်ပါမယ်။ ကိုယ့်ခွဲတမ်း မဟုတ်တာကို ဦးချရင် သီလ၊ ကိုယ့်ခွဲတမ်းထဲက ဦးချရင် ဒါန၊ ဦးချတာနဲ့ ပတ်သက်လို့ ကုသိုလ်နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံး ရအောင်ယူပါ။

© ဦးဇင်းတို့ ငယ်ငယ်တုန်းက ထမင်းစားပြီဆိုရင် လေးထောင့်စားပွဲရှည်ကြီးနဲ့ စားကြပါတယ်။ အရှေ့ဘက်ထိပ်က ခမည်းတော် တစ်ယောက်တည်းထိုင်၊ ခမည်း တော်ရဲ့ ညာဘက်အတန်းက မယ်တော်နဲ့ ဦးဇင်းနောင်တော်ကြီး နှစ်ယောက် အစဉ်အတိုင်း ထိုင်၊ အနောက်ဘက်ထိပ်က ဦးဇင်းတစ်ယောက်တည်းထိုင်၊ ဦး ဇင်းရဲ့ ညာဘက်အတန်းက ဦးဇင်း ညီတော်နှစ်ယောက် အစဉ်အတိုင်း ထိုင်၊ ညီတော် အငယ်ဆုံးကခမည်းတော်ရဲ့ဘယ်ဘက်ကပ်ရက်နေရာ ရောက်သွားတာပေါ့။

လေးထောင့်စားပွဲရှည်နဲ့ မိသားစု ခြောက်ယောက် နေရာယူရတာ ကွက်တိပါပဲ။ ခမည်းတော်နဲ့ ဦးဇင်းက ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် မျက်နှာချင်းဆိုင်၊ ဘေးနှစ်ဖက်က နှစ်ယောက်စီ မျက်နှာချင်းဆိုင်၊ ကြီးစဉ်ငယ်လိုက် အစဉ်အတိုင်း ထိုင်ပြီး ထမင်းစားကြပါတယ်။

© အများအားဖြင့် မိသားစု ခြောက်ယောက်စုံမှ စားလေ့ရှိပါတယ်။ တစ်ယောက်တစ်ယောက် အပြင်ထွက်နေရင်လည်း စုံအောင်စောင့်ပြီးမှ စားကြတာပါ။ အချိန်သိပ်လွန်မှသာ မစောင့်ဘဲ ရှိတဲ့လူနဲ့ စားကြတာပေါ့။

ကြီးစဉ်ငယ်လိုက် ပန်းကန်တွေထဲ ထမင်းထည့်ပြီးပြီဆိုတာနဲ့ ဦးဇင်းတို့ ညီအကိုလေးယောက်က ကိုယ့်ပန်းကန်ထဲက ထမင်းတွေကို တစ်ယောက် လက်တစ်ဆုပ်စီလောက် အဖေ့ပန်းကန်နဲ့ အမေ့ပန်းကန်ထဲ ဦးချပြီး လှူကြပါတယ်။ ကိုယ်ဝေစုရတဲ့ အသားတုံးတွေထဲကလည်း နည်းနည်းစီ ဖဲ့ပြီး မိဘကို ဦးချလှူကြပါတယ်။

© ကလေးဘဝတုန်းကတော့ အဓိကဟင်းဖြစ်တဲ့ အသားဟင်းက ခွဲတမ်းနဲ့ ဝေပုံကျ ရတာပေါ့။ နှစ်တုံးဖြင့် နှစ်တုံး၊ သုံးတုံးဖြင့် သုံးတုံး၊ ငါးတုံးဖြင့် ငါးတုံး၊ ဟင်းအမျိုးအစားအပေါ် မူတည်ပြီး မိဘက ခွဲတမ်းချပေးပါတယ်။ အဲဒီလိုမှ ခွဲတမ်းချမပေးရင်လည်း ဟင်းဖတ်က နှိုက်လို့ဆုံးမှာ မဟုတ်တော့ဘူးလေ။ ကျန်တဲ့အသုပ်တို့၊အကြော်တို့ အရော အနှော နယ်စား၊ အနှစ်ဟင်းတို့၊ ဟင်းချို-ချဉ်ရည်-အရည် သောက်ဟင်းတို့ကတော့ အလယ်မှာ တည်ထားတဲ့ ဟင်းပန်းကန်တွေထဲက ကြိုက်သလောက် ခပ်စား ခပ်သောက်ပေါ့။

ဥပမာ- ကြက်သားတုံး သုံးတုံး ဝေစုရတယ်ဆိုပါတော့၊ ဦးဦးဖျားဖျား တစ်တုံးကို တစ်ဝက်စီခြမ်းပြီး အဖေတစ်ခြမ်း၊ အမေတစ်ခြမ်း လှူတာပေါ့။ ဒါမှမဟုတ် စိတ်ကောင်း ပိုဝင်တဲ့နေကျတော့လည်း အဖေ တစ်တုံး၊ အမေ တစ်တုံး လှူတာပေါ့။ ကျန်တဲ့ နှစ်တုံး၊ သို့မဟုတ် တစ်တုံးကိုတော့ ကိုယ်စားတာပေါ့။

© မိဘပန်းကန်ထဲ များများထည့်လှူလိုက်တဲ့နေ့ဆိုမိဘကလည်း အကုန်စားမပစ်ပါဘူး။ ကိုယ်ရတဲ့ ဝေစုထဲက ဖဲ့ပြီး သား သမီးပန်းကန်ထဲ `အန္တရာယ်ကင်းတယ်` လို့ ပြောပြီး ဟင်းဖတ် ပြန်တာပါပဲ။ မိဘနဲ့ သားသမီး အပြန်အလှန် ဒါနကုသိုလ် ဖြစ်တဲ့အပြင် တစ်ယောက်နဲ့ တစ်ယောက် မေတ္တာဓာတ်တွေ ကူးလူးယှက်နွယ်ပြီး မိသားစုမေတ္တာ ခိုင်မြဲသွားတာပေါ့။

နှမြောတွန့်တိုတတ်တဲ့စိတ်ကိုလည်း ငယ်စဉ်ကတည်းကဖယ်ရှားပြီးသားဖြစ်သွားတာ ပေါ့။ အင်မတန်ကောင်းတဲ့ ဓလေ့ထုံးစံလေးပါပဲ။ဒါကြောင့် ကိုယ့်မိသားစုနဲ့ပဲ စားစား၊ တခြားလူတွေနဲ့ပဲ စားစား၊ ကြီးသူကို အရင်ဦးချတဲ့ ဝေယျာဝစ္စသီလ၊ တခြားသူကို ကိုယ့်ခွဲတမ်း မျှလှူတဲ့ ဒါန၊ လုပ်ဖြစ်အောင် လုပ်သင့်ပါတယ်။

© ကြီးသူကို လှူမှ ဒါနဖြစ်တာ မဟုတ်ဘူးနော်။ ငယ်သူကို လှူလည်း ဒါနဖြစ်တာပါပဲ။ ကိုယ်စားရမယ့် ခွဲတမ်းကို နည်းနည်းလျှော့စားလိုက်လို့ ကိုယ့်မှာလည်းဘာမှ ထိခိုက်နစ်နာမသွားပါဘူး။တန်ဖိုးနည်းနည်းနဲ့ကုသိုလ်မြဲတဲ့အလုပ် သူတော်ကောင်းတိုင်း လုပ်သင့်ပါတယ်။

သီးခြား အကုန်အကျခံပြီး လှူတာလည်းလှူပေါ့။အဲ့ဒါအပြင် ကိုယ်စားမဲ့အထဲက နည်းနည်းလျှော့စားပြီး လှူတာမျိုးလည်း နိဗဒ္ဓကောင်းမှု (အမြဲကောင်းမှု) အဖြစ်နဲ့ အလေ့အကျင့်စွဲအောင် လှူသင့်ပါတယ်။ ဒါမှ ကုသိုလ်တွေ များသထက်များပြီး စိတ်ဓာတ်တွေလည်း သန့်သထက်သန့်၊ မြတ်သထက်မြတ် လာပါလိမ့်မယ်။

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)