အဲဒါက..ဘာသဘောပါလဲခင်ဗျာ

ဒေါ်အောင်ဆန်းစုကြည်..အိမ်ချုပ်မှာ
အတိုက်အခံတွေ..ထောင်ထဲမှာ
ရှေ့နေတွေ..ထောင်ထဲမှာ
သံဃာတွေ..ရဲဘက်စခန်းမှာ
ပြည်သူတွေ..သေနတ်ပြောင်းဝမှာ
အားလုံးရဲ့ဂုတ်ပေါ်မှာ..
ဒါးတွေဝဲလို့..
တကမ္ဘာလုံး..အော့နှလုံးနာလို့
အဲလိုအချိန်မှာ၂၀၀၈ခြေ/ဥရေးခဲ့တာ
အဲဒါက..
ဘာသဘောပါလဲခင်ဗျာ..။
**
အိတ်ဆွဲဖိနပ်ကိုင်တွေ
စားကြွင်းစားအရိုးအရင်းကိုက်တွေ
ဘောင်းတော်ငြိတ်စိတ်တော်သိတွေ
စေသည့်ကျွန်..ထွန်သည့်နွားတွေ
လက်ညှိုးထောင်ခေါင်းငြိမ့်တွေ
သခင်အားရ..ကျွန်ပါးဝတွေ
လူ၇၀၀ကိုယ်စားလှယ်စာရင်းမှာ
လူထုအသဲကြားက
မဲပြားတွေသိမ်းကျုံးယူခဲ့သူ..ပါတီကြီးရဲ့
လူ(၈၀)ကျော်သာ
ညာလာခံ..အဲ..ညီလာခံမှာပါခွင့်ပြုခဲ့တာ
ဘယ်သူကဘာပြောပြော
နောက်ဆုံးဗိုလ်ချုပ်တွေဆုံးဖြတ်သမျှ
အတည်ပြုခဲ့ရတာ..
အဲဒါက..
ဘာသဘောပါလဲခင်ဗျာ။
**
၉၂.၄၈%ထောက်ခံသတဲ့
နာဂစ်တစ္ဆေတွေထောက်ခံမဲပေးသတဲ့
၅၇သန်းကျော်လူဦးရေ ရှိသတဲ့
၁၅.၈.၂၀၁၄
သမ္မတကြီးဦးသိန်းစိန်သန်းခေါင်စာရင်း
အတင်းဖြစ်ညှစ်ကောက်တော့
၅၁သန်းကျော်ဘဲရှိလေရဲ့
၂၀၀၈က၂၀၁၄
၆နှစ်အတွင်း..လူ၆သန်းကျော်ပျောက်ဆုံး
အနုမြူဗုံးကြဲခံရသလားခင်ဗျာ..
ဟီရိုရှီးမားနဲ့နာဂါစကီ
ဗမာပြည်မှာများလားခင်ဗျာ
အဲဒါက..
ဘာသဘောပါလဲခင်ဗျာ။
**
အခန်းပေါင်း၁၅ခန်း
၁၅နှစ်ကြာ
ပုဒ်မပေါင်း၄၅၇..
တနှစ်တခန်း..
ပုဒ်မတခု..၁၂ရက်
ညဏ်နက်ညဏ်နီညဏ်စိမ်း
လိမ်းချယ်ထောင်ချောက်ဆင်
ကမ္ဘာတခွင်ဖက်ဒရယ်(၂၉)နိုင်ငံ
ဘယ်မှာမှမပါ
ဘာနဲ့မှမတူ..
မတူ..မတူ..မတူ..
ဘယ်အရာမှမတူ
ပုဒ်မ၆(စ)ဦးဆောင်အခန်း
ကမ္ဘာတည်သ၍ထမ်းခွင့်ပေးရမတဲ့
လွှတ်တော်အဆင့်ဆင့်
အစွင့်သားဝင်ထိုင်
ပွိုင်ဆင်(poison)..ပွိုင်ဆင်..အဆိပ်
အစိတ်သား..အားမရ
ဌာနကြီး၃ခုလဲသူတို့ဘဲတဲ့
အဲဒါ..
ဘာသဘောပါလဲခင်ဗျာ။
**
ပြင်ဘို့ပြောတာကြာလှပေါ့
ဘယ်အချိန်
ဘယ်လိုပြင်မလဲ
ဥပဒေနဲ့အညီပြင်ပေါ့တဲ့
ဟုတ်ကဲ့..ဟုတ်ကဲ့
ဥပဒေဆိုတာ
အေပဒုပါဘဲခင်ဗျာ
အခန်း(၁၂)အတိုင်းပြင်ဘို့ကတော့
“ကြီးကြီးလား..သေးသေးလား
ကြီးကြီးသေးသေးလား”
ပြည်သူတွေကို”သေးကုန်းပေါက်”တဲ့
၄၃၆..ရှိသလေ..
(က) ပုဒ်မ(၉၅)ခု
(ခ)ပုဒ်မ၃၆၂..ခု..
ဒီချုပ်..ကြံ့ခိုင်ရေး..တစည
တိုင်းရင်းသားပါတီအကုန်ပေါင်း
တကြောင်းထဲတစိတ်တဝမ်းထဲဆိုရင်တောင်
အပေါင်ဆုံးထီလက်မှတ်ရထားသူထဲက
သူရဲကောင်းတယောက်..
ဒါမှမဟုတ်..
အရူးတယောက်ထောက်ခံမှ
ရှေ့ဆက်သွားနိုင်လိမ့်..
ဒါကြောင့်..ဥပဒေနဲ့အညီပြင်ပါဆိုတာ
မပြင်နဲ့လို့ပြောတာမဟုတ်လားခင်ဗျာ..
အဲဒါက..
ဘာသဘောပါလဲခင်ဗျာ..။
**
ပြည်သူကတခဲနက်ထောက်ခံထားတဲ့
၂၀၀၈ခြေ/ဥတဲ့ခင်ဗျာ..
သမိန်ပေါသွပ်ကိုသတိရ..
ပေါရဲလှချည်လားကွယ်
ကြပ်ကလေးကိုသတိရ
ပေါရာဇာတွေ..
ရှက်ကြောမပါသူတွေ
ရှိနေဆဲပါလားကွယ်..
ဦးဏှောက်ကင်ဆာသမားတွေက
ပြည်သူ..ပြည်သူ..နဲ့
ထွီ..
စွေစောင်း,ကုတ်ကင်းကတုံး
“ရူးချက်”နဲ့၁၁မဲမာမီ
ပြည်သူလို့ထင်သလား
နေ့စား..ကို
ပြေ့အားထင်သလား
ပြည်သူဆိုတာ..
မတူတဲ့သမိုင်းကာလတွေမှာ
မတူတဲ့အဓိပ္ပါယ်ဆောင်သတဲ့
ပြည်သူ့ဆန္ဒတကယ်ယုံရင်
“လူသေ,တပ်ပြေး,နှစ်ခါပေး”ကြိုတင်မဲမပါ
ဆန္ဒခံယူပွဲလုပ်လိုက်ရအောင်လေ
ကဲ..ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ရဲလား
ထောက်ခံပွဲအထက်အမိန့်ရပြီလား
အဲဒါက..
ဘာသဘောပါလဲခင်ဗျာ..။
**
နိုင်ငံရေးပါတီဆိုတာ
နိုင်ငံရေးအရတိုက်ပွဲဆင်ရမယ်
လွှတ်တော်ထဲမှာပြင်မရတာနဲ့
ဖင်ချထိုင်နေလို့မရဘူး
တိုက်ပွဲခေါ်သံတင်လိုက်တော့
မပြင်ချင်တဲ့ပြည်သူ့ရန်သူတွေပွင့်ကျ
အဓမ္မဘက်သားဘယ်သူ
ဓမ္မလမ်းမှာဘယ်သူ..
ရန်သူမိတ်ဆွေ..တလှေထဲစီး
တခရီးထဲသွားနဲ့
မင်းသားကြီးမလုပ်ရပတ်မထိုးဖောက်မဲ့သူ
အနာဂါတ်သစ်ကိုဟန့်တားသူ
ပြည်သူကိုထမ်းပိုးတင်ကျွန်ပြုချင်သူ
ဘီလူးစည်း..လူ့စည်း
ကြီးကြီးမားမား..
စည်းခြားလိုက်ပါပြီ..။
**
ပြည်သူကြားကရွှင်လန်းအားတက်စေ
ရန်သူကြားက..ချောက်ခြားသွေးပျက်စေ
စစ်ကျိန်စာဆိုးပျယ်အောင်
ခြေ/ဥ..
အသေထုပြီး
ပြေအမှုကို
ငွေခရုနဲ့
ဇေယျတု..ဇေယျတုလို့
သပြေနုကြပါစို့..
အလို..
ခင်ဗျားက
ထောက်ခံမှာလားကန့်ကွက်မှာလား
အဲဒါက..
ဘာသဘောပါလဲခင်ဗျာ..
အဲဒါက..
ဘာသဘောပါလဲခင်ဗျာ
ဘာသဘောပါလဲခင်ဗျာ..။

တာကောဒီ