ရထားပေါ်မှာ ကျွန်တော့်ညီမလေးပါသွားပြီ

ရထားပေါ်မှာ ကျွန်တော့်ညီမလေးပါသွားပြီ

အော်သံနှင့်အတူ ကောင်လေးတစ်ယောက်
ကျွန်တော့်နားကဖြတ်ပြီး ထွက်သွားသော
ရထားနောက်ကို ပြေးလိုက်သွားနေသည်။
ကျွန်တော်က ပလက်ဖောင်းအစွန်းမှာရပ်ပြီး
လမ်းဗိုလ်လေးနှင့်အဖွဲ့ ပွိုင့်အသစ်ထည့်ဖို့
ပြင်ဆင်နေကြတာကို ကြည့်နေခြင်းဖြစ်သည်။
အချိန်က ည ၉ နာရီခွဲလောက်။
ရထားက အရှိန်ယူပြီးထွက်သွားတာ
ပလက်ဖောင်းကို လွန်သွားပြီ။
ကောင်လေးကတော့ ညီမလေးဇောဖြင့်
မမြင်မစမ်း သံလမ်းတစ်လျှောက်မှာ
ပြေးလိုက်သွားနေသည်။

“ကောင်လေး ဆက်မလိုက်နဲ့တော့
ငါတို့ ဖုန်းဆက်ပေးမယ် ပြန်လာခဲ့”

ဘူတာဘက်က လှမ်းအော်သံကြားလိုက်ရသည်။
အော်သံကို ကြားနိုင်တော့မည့်အခြေအနေမရှိ။
ခဏနေတော့ TI ကြီးအသံထွက်လာသည်။
လှမ်းကြည့်လိုက်တော့
ဖုန်းဖြင့်အော်ပြောနေခြင်းဖြစ်သည်။
လမ်းဗိုလ်လေး လမ်းဗိုလ်လေး
အဲနားက ဖြတ်ပြေးသွားတဲ့ ကောင်လေးကို
လှမ်းအော်ပေးပါအုံး။ ဘူတာကိုပြန်လာခဲ့လို့။
သူ့ညီမလေးကို ဖုန်းဆက်ပြီး ရှာခိုင်းပေးမယ်လို့။
လမ်းဗိုလ်လေးအဖွဲ့ဆီက
ဓာတ်မီးရောင်များလက်လာပြီး
လှမ်းအော်သံတွေ ကြားလိုက်ရသည်။
ကျွန်တော်တို့လည်း မျှော်လင့်ချက်ဖြင့်
အဲသည်ဘက်ကို လှမ်းမျှော်ကြည့်နေမိသည်။
ခဏလောက် စောင့်လိုက်ရပြီး
လိုက်သွားသောကောင်လေး အမောတကော
ပြန်လျှောက်လာတာကို တွေ့လိုက်ရသည်။
အကျိုးအကြောင်းမေးကြည့်ရာ
မောင်နှမနှစ်ယောက် ဘူတာရောက်ချိန်
ရထားကလည်း ဆိုက်လာသဖြင့်
ညီမလေးနဲ့ အထုပ်ကလေးနှစ်ထုပ်ကို
ရထားပေါ်ကို တင်ပေးပြီး
အစ်ကိုက လက်မှတ်ပြေးဝယ်နေစဉ်မှာ
ရထားက ထွက်သွားခြင်းဖြစ်ကြောင်း
သိလိုက်ရသည်။
အစ်ကိုက အသက် (၁၄)နှစ်ဟု ပြောသော်လည်း
နည်းနည်းကျုံလှီနေပုံရသည်။
ညီမဖြစ်သူက (၁၀)နှစ်တဲ့။
ဘယ်သွားမှာလည်းဆိုတော့
သမိုင်းမြို့သစ်ဘူတာ ဆင်းပြီး
လှိုင်သာယာကို ပြန်မလို့ဟုပြောသည်။
မိဘတွေ ဖုန်းနံပါတ်သိလားလို့မေးတော့
မအူမလည်ဖြင့် ခေါင်းခါပြသည်။
ဘယ်နားကတွဲမှာပါသွားတာလဲ မေးပြီး
သမိုင်းမြို့သစ်ဘူတာတွင် ရှာခိုင်းရာ
မတွေ့ကြောင်းနှင့်
သမိုင်းဘူတာတွင် ဆင်းသွားသည်ဟု
ခရီးသည်များကပြောကြောင်း သိရတော့
သမိုင်းဘူတာမှာရှာခိုင်းရပြန်သည်။
ဒါပေမယ့်
မတွေ့ကြောင်းသာ အကြောင်းပြန်လာသည်။
ကောင်လေးကလည်း မအူမလည်။
မျက်နှာလည်းပျက်နေပြီ။
သူ့ကို နောက်ရထားဖြင့်
သည်အတိုင်းတင်ပေးလိုက်လို့တော့
မဖြစ်ချေဘူးဟု TIကြီးနှင့် ရုံပိုင်လေး
တိုင်ပင်ပြီး ဘူတာဝန်ထမ်း ဂျမဒါ
တစ်ယောက်ကို ကဲ မင်းလိုက်သွားပြီး
လိုက်ရှာပေးလိုက်တော့ဟု ပြောရာ
ဂျမဒါကလည်း လိုလိုလားလားဖြင့်
ကဲ လာလာ ကောင်လေးဟု ပြောပြောဆိုဆို
ဝင်လာသည့် နောက်ရထားပေါ်တက်ကာ
လိုက်သွားကြပါတော့သည်။
RBE စက်ခေါင်းခန်းကလိုက်သွားပြီး
အုတ်ကျင်းမှာလည်း ကြည့်သွားအုံးလို့
မှာလိုက်ရသေးသည်။
သူတို့ရထားထွက်သွားတော့
ချောချောမောမောပြန်တွေ့ပါစေဟု
စိတ်ထဲက ဆုတောင်းနေမိသည်။

အချိန်ကုန်အောင်စောင့်နေရင်း
သည်အချိန်ဆို အကြောင်းပြန်သင့်ပြီ
ရုံပိုင်လေး ဖုန်းဆက်ကြည့်ပါအုံးဟု
စိတ်ပူစွာ ပြောမိပြန်သည်။

သမိုင်းမှာတွေ့သွားပြီဆရာလို့
ပြန်ပြောတဲ့ ရုံပိုင်လေးစကားကြားလိုက်ရမှ
သက်ပြင်းချလိုက်မိသည်။
လိုက်သွားတဲ့ဂျမဒါကတော့ ပြန်စရာ
ရထားမရှိတော့သဖြင့် လမ်းလျှောက်ပြန်
လာရလိမ့်မည်။
သူပြန်ရောက်လာတော့
အကျိုးအကြောင်း ထပ်မေးကြည့်ရပြန်သည်။
သမိုင်းဘူတာမှာ ညီမလေးနှင့်အစ်ကိုဖြစ်သူတို့
ပြန်တွေ့ကြချိန် သူတို့ရဲ့ဝမ်းသာမှုကို
ခံစားလိုက်ရကြောင်း၊
ကောင်လေးက ဦးလေးပြန်ဖို့ ကားခယူသွားပါဟု
ပိုက်ဆံထုတ်ပေးသော်လည်း
မယူပါဘူးကွာ မင်းတို့က အဝေးကြီးသွားရအုံးမှာ
ငါကအနီးလေးဟုပြောကာ
သူတို့သွားမည့် ကားဂိတ်ရှိရာဘက်ပို့ပေးခဲ့ပြီး
လမ်းလျှောက်ကာ ပြန်လာခဲ့ကြောင်း
ပြန်ပြောပြသည်။
ညကြီးမိုးချုပ်မှာ
ကလေးမလေးတစ်ယောက်ထဲ
ဘယ်လောက်အားငယ်နေရှာမလဲ။
ကောင်းလေစွ။ မင်္ဂလာရှိလေစွ။
အယုတ်၊အလတ်၊ အမြတ်မရွေး ကူညီလိုက်ခြင်းက
ပီတိချမ်းသာကိုဖြစ်စေ၏။

ကောင်လေးက လူကသာ နုံနုံချာချာလေး
လက်မှတ်လည်း ဝယ်စီးရကောင်းမှန်းသိတယ်
လူမှုရေးအသိလေးလည်း ရှိရှာသားဟု
ပြန်ပြောလိုက်မိပါသည်။

မည်သူမဆို
စိတ်အေးချမ်းသာရှိကြပါစေ
ချစ်ခြင်းမေတ္တာတရား ထွန်းကားပါစေ။

စိတ်ရင်းကောင်းဖြင့် ကူညီပေးကြသော
ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်း
များအား ဤစာစုဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

အများအကျိုးဆောင်နိုင်သည့်
ဝန်ထမ်းကောင်းများဖြစ်ကြပါစေ။

Kyaw Myo Lwin