ဒါ့ကြောင့် ဒီကောင်တွေ ဒီအဆင့်ကမတက်တာ

ဒါ့ကြောင့် ဒီကောင်တွေ ဒီအဆင့်ကမတက်တာ

ဟောင်ကောင်က နာမည်ကြီး Shaw Brothers ကုမ္မဏီက Line Walker-2 ရုပ်ရှင် ရန်ကုန်မြို့မှာလာရိုက်နေတာကိုပေါလောကက လူတွေဆီက ဝေဖန်တဲ့ အသံတွေထွက်လာပါတယ်။

”တကယ်ကြီးလား၊ လမ်းပိတ်ရတဲ့အထဲ။ တရက်တည်းလည်း မဟုတ်။ စိတ်ပိန်တယ်၊ လူဝတယ်ဟယ်။ မြန်မာပြည်က ရုပ်ရှင်ကားတွေ သူတို့ဆီသွားရိုက်ကူးခွင့်တောင်းရင် အဲဒီလိုမြို့လယ်ကောင်မှာ လမ်းပိတ်ခိုင်းပြီး ရိုက်ကူးခွင့်ပြုပါ့မလား တွေးမိတယ်”ဟု အကယ်ဒမီ ပန်းဖြူက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ် ချက်ပြုထားသည်။

အကယ်ဒမီကျော်သူကလည်း ၎င်း၏ဖေ့စ်ဘုတ်တွင် အလားတူပုံစံမျိုး မှတ်ချက်ပြုရေးသားခဲ့သည်။

”ရန်ကုန်သားတွေ တောသားဖြစ်ကုန်တာပေါ့ဗျာ။ တောမှာမြန်မာကားတွေ လာရိုက်ရင် ဝိုင်းကြည့်သလိုကို ကြည့်ကြတာ”ဟု သူတဦးက မှတ်ချက်ပြုသည်။ (News Watch post)

အတော်ပင်စိတ်ညစ်စရာကောင်းသော ပေါလောကသားများဖြစ်သည်။

ကမ္ဘာ့အဆင့်မီရုပ်ရှင်ဆိုတာ အဲ့လိုရိုက်ရတယ်ဆိုတာကို သွားလေ့လာတာတို့ ဘာတို့မလုပ်ဘဲနဲ့ လျှောက်ပြောနေကြသည်။ ပထမအချက်အနေဖြင့် ပြောချင်သည်မှာ၊ ဘတ်ဂျက်များများဖြင့် နိုင်ငံတကာအဆင့်မီရုပ်ရှင်တွေရိုက်လျှင် ရန်ကုန်မြို့လောက်မကဘဲ၊ ၀ါရှင်တန်ဒီစီမြို့တော်မှာပင် လမ်းပိတ်ရိုက်ကြသည်ကို ပေါလောကသားများ မကြားဘူးလောက်ပေ။

၂၀၁၁ လောက်ကဖြစ်သည်။ စာရေးသူ ၀ါရှင်တန်ဒီစီမြို့တွင် Software Engineer/Paten Examiner အဖြစ် ဖက်ဒရယ်အစိုးရထံတွင် ၀န်ထမ်းတာဝန်ထမ်းဆောင်နေစဉ်က၊ တနေ့တွင် အစိုးရမှ ၀ါရှင်တန်ဒီစီမြို့တော်တ၀ိုက်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းအားလုံးသို့ အီးမေးလ်ပို့သည်။ အီးမေးလ်က “နောက်အပတ်တွင် အာလင်တန်တံတားကြီးပေါ်တွင် တီဗွီဇတ်လမ်းတွဲတခုမှ စတန့်များရိုက်မည်ဖြစ်သောကြောင့် ပေါက်ကွဲမှုများ မီးလုံးကြီးများနှင့် ဟယ်လီကော်ပတာပျံသန်းမှုများ တွေ့ရလျှင် အထိတ်တလန့်မဖြစ်ကြစေလိုကြောင်း” ဆိုသည်။

ဝါရှင်တန်ဒီစီမြို့တော်နှင့် ဗာဂျီးနီးယားပြည်နယ်ကို ဆက်ထားသော တံတားကြီး ၄ စင်းအနက်မှ တစင်းပေါ်တွင်ဖြစ်သည်။ တီဗွီရိုက်မည့်နေ့ ရိုက်မည့်အချိန်တွင် ကျနော်လည်းအခြားသူများကဲ့သို့ သွားစပ်စုခဲ့ရာ၊ လာကြည့်သူလူများလှသောကြောင့် ရဲတပ်ဖွဲ့ဝင်အများအပြားက ထိမ်းသိမ်းပေးကြသည်။ အာလင်တန်တံတားကြီးပေါ်တွင် ကားမောင်းပြေးနေသည့်မင်းသားကို နောက်ကလူဆိုးများက လိုက်ပစ်သည်။ ဟယ်လီကော်ပတာမှလည်း လိုက်ပစ်သည်၊ ဇတ်လိုက်မင်းသား၏ကား အနီးတွင် မီးလုံးကြီးများပေါက်ကွဲပြီး
ကားလည်း မီးလောင်သဖြင့် ဇတ်လိုက်မင်းသား ပိုတိုမက်မြစ်ထဲသို့ အမြင့်ကြီးမှ ဒိုက်ဗင်ပစ်ချသွားသည်။ အဲ့ဒီနေ့မတိုင်မီနဲ့ အဲ့ဒီနေ့ကို အာလင်တန်တံတားကြီးကို အစိုးရက ပိတ်ပေးခဲ့သည်။

ကျနော်သည် ရုပ်ရှင်ရိုက်သည့်ကိစ္စနှင့်ရင်းနှီးခဲ့ဘူးသည်။

၁၉၉၅ လောက်က Beyond Rangoon ဆိုသောရုပ်ရှင်ကို ဟောလီးဝုဒ်မှ အဲ့ဒီတုံးကပိုက်ဆံနှင့် ဒေါ်လာ ၃၆ သန်းအကုန်ခံရိုက်တုံးကဖြစ်သည်။ ဟောလီးဝုဒ်တွင် ၂ ပတ်လောက်ရိုက်ပြီးသည်နှင့် ရုပ်ရှင်တဖွဲ့လုံး ရုပ်ရှင်ရိုက်မည့် မလေးရှားသို့ချီတက်ခဲ့ကြသည်။ ထိုင်းတွင်ရိုက်ရန် စီစဉ်ခဲ့သော်လည်း န၀တစစ်အစိုးရက ထိုင်းအားဖိအားပေးသောကြောင့် ထိုင်းက လက်မခံရဲသောကြောင့်ဖြစ်သည်။

မလေးရှားတွင် ပီနန်းတွင် ၂ လခန့်နှင့် ကျန်သည့် လေးငါးလကို အီပိုပြည်နယ်တွင်ရိုက်ခဲ့သည်။ မလေးတွင် ရိုက်ကွင်းများပြင်ပုံကို ပြောပြပါမည်။

ရုပ်ရှင်ထဲတွင် ၁၉၈၈ အရေးတော်ပုံကြီးကာလအတွင်း ရန်ကုန်မြို့ကို ရိုက်ရမည်ဖြစ်သည်။ ရုပ်ရှင်အဖွဲ့မှ အ၀တ်အစားဆိုင်ရာဒါရိုက်တာ၊ ဇတ်ညွန်းသမား၊ ကင်မရာအဖွဲ့မှလူများစသည်ဖြင့်ကို ရုပ်ရှင်စမရိုက်မီ လပေါင်းများစွာအလိုကတည်းက ရိုက်ကွင်းများဆောက်ရန်အတွက် အချက်အလက်များစုဆောင်းရန် မြန်မာပြည်သို့ တိုးရစ်များအဖြစ် စေလွှတ်ကာ ရန်ကုန်မြို့ နှင့် ရန်ကုန်မြို့မှလူများကို ဓါတ်ပုံ ဗီဒီယို အထပ်ထပ်ရိုက်စေခဲ့ပြီးဖြစ်သည်။

ရန်ကုန်တွင်ရိုက်ခဲ့သော ဓါတ်ပုံများ ဗီဒီယိုများကို အခြေခံကာ ပီနန်းမြို့ကလေး၏ မြို့လည်ခေါင်ကို ဟောလီးဝုဒ်မှ ပညာရှင်များက ရန်ကုန်မြို့လည် ဆူးလေဘုရားတ၀ိုက်နှင့်တူစေရန် ဆက်တင်များစတင်ဆောက်ကြပါသည်။

ဆက်တင်များဆောက်သည့်နေရာတွင် အကြီးဆုံးလူဖြစ်သည့် Arts Director မှာ ဟိုးတုံးက ဂန္တ၀င်ဖြစ်သည့် Lawrence of Arabia တွင် အတွေ့အကြုံရှိခဲ့သည် ဆရာကြီးဖြစ်သည်။ သူနှင့်သူ့အဖွဲ့က ပီနန်းမြို့လယ်တွင် Fiber Glass များဖြင့် ဆူးလေစေတီ တည်ပါလေတော့သည်။ ရန်ကုန်က ဆူးလေစေတီ၏ လေးပုံ သုံးပုံ အရွယ်ပါ။ ကင်မရာများမြင်ရမည့် လေးပုံ သုံးပုံဘက်ခြမ်းကို အပြည့်ဆောက်ထားပြီး ကျန်သည့်လေးပုံ တပုံဘက်ကကြည့်ရင်တော့ အတွင်းမှာဆောက်ထားသည့် သစ်များငြမ်းများကို တွေ့မြင်နေရသည်။ ဆူးလေစေတီတော်အတုမှာ ထီးတင်ပြီးသောအခါ အတော့ကို သပ္ပါယ်ပါသည်။

ပီနန်းမြို့လယ်ခေါင်တွင် ရုပ်ရှင်ရိုက်မည့် ၂ ပတ်အတွင်း မြို့လယ်ရှိရိုက်မည့်နေရာများတလျှောက်ရှိ ဆိုင်အားလုံးကို မလေးအစိုးရက ပိတ်ပေးပါသည်။ ရုပ်ရှင်ကုမ္မဏီက ဆိုင်ပိုင်ရှင်အားလုံးကို ၂ ပတ်စာ နစ်နာကြေးလျှော်ပေးရာ၊ တဆင့်ကြားရသည်မှာ မလေးဆိုင်ရှင်များက မတန်တဆဆောင်းခဲ့သောကြောင့် မလေးဆိုင်ရှင်များ တော်တော်အဆင်ပြေသွားကြသည်ဟု ကြားရသည်။ လမ်းပေါ်တွင် လှည်းတွန်းရောင်းသူများကိုလည်း သူ့နှုံးတားနှင့်သူ အလျှော်ပေးခဲ့ရာ လာတန်းစီပြီး ပိုက်ဆံတောင်းသူများကို ဟောလီးဝုဒ်မှ ငွေစာရင်းကိုင်အဖွဲ့က မလေးပိုက်ဆံများကို သံသေတ္တာနှင့်ထဲ့ပြီး ဝေသန္တာအလှူပေးသလို လုပ်ခဲ့တာလည်း တွေ့ခဲ့သည်။

ရုပ်ရှင်ရိုက်မည့် နေရာအားလုံးမှ ဆိုင်များ၏ ဆိုင်းဘုတ်များကို မြန်မာဆိုင်းဘုတ်များတတ်ပစ်လိုက်သည်။ ဆိုင်းဘုတ်ပန်းချီဆွဲသည်များမှာ သီရိလင်္ကာမှ ပန်းချီအဖွဲ့ဖြစ်သည်။ ကျနော်က အဓိကဇတ်ပို့သရုပ်ဆောင်ဖြစ်သော်လည်း၊ မြန်မာစာလုံးပေါင်းမှန်မမှန် ကူစစ်ပေးပါရန် ဒါရိုက်တာအဖိုးကြီး ဂျွန်ဘိုးမဲန်းမှ အကူအညီတောင်းသဖြင့် စာလုံးပေါင်းလိုက်စစ်ပေးရတာ ၂ ရက်လောက် ဖတ်ဖတ်မောဘူးပါသည်။

ပီနန်းမြို့ထဲတွင် ရုပ်ရှင်ရိုက်သည့် ၂ ပတ်စလုံးသာမက မရိုက်မီ ၂ ပတ်လောက်ကပင် မလေးလူမျိးများ ဘုရားပွဲလာကြသလို လာကြည့်ကြသဖြင့် သူတို့ကို ထိမ်းဘို့ မလေးရဲများကိုလည်း မလေးအစိုးရက အများကြီး ချပေးပါသည်။ ရုပ်ရှင်ရိုက်သောအခါ ၁၉၈၈ အရေးတော်ပုံကြီးတွင် ရှေ့ဆုံးမှ အသေခံတိုက်ပွဲဝင်ခဲ့ကြသူများမှာ ဆယ်ကျော်သက်များ၊ အလွန်ဆုံး အသက် ၂၅ အထိသာရှိသော ၈၈ မျိုးဆက်များဖြစ်သောကြောင့်၊ မလေးလူငယ် ကျား/မ အားလုံးကို နေ့စားခပေးကာ ငှါးခဲ့ပါသည်။ နေ့စားဆိုသော်လည်း မလေးလုပ်ခထက် ၅ လောက်ပေးသောကြောင့် ပီနန်းကောလိပ်မှ ကျောင်းသာကျောင်းသားအားလုံး လာရောက်ကူညီကြသောကြောင့် ပီနန်းကောလိပ် တလလောက် ပိတ်လိုက်ရသည်။

ကျနော်ပြောလိုသည်မှာ မလေးရုပ်ရှင်လောကမှ လူမျာအကြောင်ြး်ဖစ်သည်။

အဲ့ဒီအချိန်က မလေးရုပ်ရှင်လောကတွင် နာမည်အကြီးဆုံးဖြစ်သော မင်းသား ၂ ယောက်ဖြစ်သည့် ဟန်နီမုဒ်ဆင် နှင့် ဂျစ်မူရာတ် အပြင် နာမည်ကြီးမလေးမင်းသမီးချော ဂျက်ကလင်းတီအာရာလည်း ရုပ်ရှင်ကုမ္မဏီသို့ ရရာအခန်းက ပါပါမည်ဆိုပြီး လာအလုပ်လျှောက်ခဲ့ပြီးဖြစ်သောကြောင့် သူတို့ဥပဓိနှင့်ကိုက်ညီမည့် အခန်းများကို ဟောလီးဝ်ုဒ်မှ Casting Director မှ ရွေးချယ်ပေးခဲ့သည်။ သူတို့လုံးဝ ဆင်ခြေမပေးပါ။ ကမ္ဘာ့အဆင့်မီရုပ်ရှင်တွင် ပါဝင်ပြီး အတွေ့အကြုံနဲ့ပညာသင်ချင်ပါသည် ဟုဆိုပါသည်။

တကယ်ပင် သူတို့ ၃ ယောက်သည် အရမ်းကြိုးစားပြီး နေ့စဉ်သူတို့အခန်းမပါရင်တောင် ရိုက်ကွင်းသို့လာပြီး ကင်မရာဆရာကြီး ဂျွန်ဆီးလ် (Director of Photography) ၏ ကင်မရာအယူအဆများကို လေ့လာသည်။ ဟောလီးဝုဒ်ကလူများ ရုပ်ရှင်ဘယ်လိုရိုက်သည်ကို သူတို့ဓါတ်ပုံကင်မရာလေးများဖြင့်မှတ်တမ်းတင်ပြီး မှတ်စုရေးကြသည်။ ဇတ်ညွန်းကို လေ့လာသည်။ ရုပ်ရှင်ရိုက်နေရင်း ဇာတ်ညွန်းပြင်လျှင် ဘာကြောင့် ပြင်သည်ကို လေ့လာသည်။ နောက်ဆုံး Special Effect အဖွဲ့ဘယ်လိုလုပ်သည်ကို လေ့လာသည်။

အခု Line Walker 2 ရိုက်နေသည်ကို တတ်နိုင်သလောက်ပညာယူ လေ့လာရန် မတွေးဘဲ ဘေးထိုင်ဘုပြောနေသော ပေါလောကသားများ၏ စကားများကို ကြားရသောအခါ၊ ဒါ့ကြောင့် ဒီကောင်တွေ ဒီအဆင့်ကမတက်တာလို့ဘဲ မြည်တွန်မိပါကြောင်း။

———————-
တချိန်ကသရုပ်ဆောင် ဘတ်ဘရဲ
#DYM

Copy Credit-Ye Myint