Raid

Raid

မင်းသားက အိန္ဒိယအခွန်ဌာနရဲ့ အခွန်မှူး၊ အခွန်ဌာနမှာမှ အခွန်ရှောင်တဲ့သူတွေကို စီးနင်းပြီး ပိုင်ဆိုင်မှုသိမ်းရတဲ့ ဌာနက အရာရှိ၊
မျိုးချစ်စိတ်အပြည့်ရှိတဲ့အပြင် အရမ်းဖြောင့်မတ်ပြီး လာဘ်မစားတဲ့သူ၊

ဒါ့အပြင် ရောက်လေရာမှာ အကောင်ကြီးကြီးတွေကိုပဲ အမြဲဖမ်းလို့ ၇ နှစ်အတွင်းမှာ ၄၉ ခါ ပြောင်းရွှေ့မိန့်ကျပြီးပြီ၊ နောက်ဆုံး သူတာဝန်ကျလာတာ Uttar Pradesh ပြည်နယ်က Lucknow ဆိုတဲ့ မြို့

အဲ့ဒီရောက်တော့ အဲဒီမြို့နယ်မှာ သြဇာအကြီးဆုံး၊ အချမ်းသာဆုံးဖြစ်တဲ့အပြင် လွှတ်တော်အမတ်လဲဖြစ်တဲ့ လူကြီးရဲ့ အခွန်ထိန်ချန်မှုတွေကို သတင်းပေးတစ်ယောက်ဆီက ရပြီးတော့ အဆိုပါလူကြီး အိမ်ကို ၀င်ရောက်စီးနင်း ပြီး သက်သေရှာဖွေတဲ့ ဇာတ်လမ်း

သူက လူမှန်ကြီး၊ စာအုပ်ကြီးအတိုင်း ဥပဒေအတိုင်းအကုန်လုပ်တယ်၊ ဟိုက နိုင်ငံရေးသမား ပေါက်ရောက်တော့ လွှမ်းမိုးမှုနဲ့ အနိုင်ယူဖို့ကြိုးစားတယ်၊ အဲ့ကြားက အားပြိုင်မှုတွေ အတော်မိုက်တယ်။

မင်းသားက ဘယ်လောက်လာဘ်မစားဘူးလဲဆို ပြောင်းလာတဲ့အချိန် စီးပွားရေးသမားတွေက သူ့ကိုကြိုဆိုတဲ့ပွဲဖိတ်တော့ ကိုယ့်အရက်ပုလင်းနဲ့ ကိုယ်သွားတယ်၊ ဟိုက အကောင်းစားတွေတိုက်တော့ ငါတတ်နိုင်တာပဲ ငါသောက်မယ်တဲ့ ..

ဒီကားထဲမှာ အဲဒီလိုအကွက်မျိုးတွေနဲ့ Conflict of Interest ရှောင်တာကို အတော်ကြီးကို ပေါ်လွင်အောင်ရိုက်ပြသွားနိုင်တာ အတော်သဘောကျတယ်။

နောက်ဆုံး ဘယ်အထိရောက်သွားလဲဆို အိန္ဒိယ၀န်ကြီးချုပ်အထိရောက်သွားတယ်။ ၀န်ကြီးချုပ်က သူ့ဆီဖုန်းလှမ်းဆက်တယ်၊ မင်းရပ်လို့ရရင် ရပ်ပေးလိုက်ပါတဲ့။ သူက တစ်ခွန်းပဲ ပြန်ပြောတယ်၊ ၀န်ကြီးချုပ်ရပ်စေချင်ရင် ရပ်ပေးပါမယ်၊ အမိန့်စာထုတ်ပြီး ကျွန်တော့်ရုံးကို ပို့လိုက်ပါ၊ နှုတ်မိန့်နဲ့တော့ မလုပ်ပေးနိုင်ပါဘူးတဲ့ .. ရှင်းရော (ရုံးစာထုတ်ရင် ၀န်ကြီးချုပ်ပါ ပျားတုတ်မှာသိနေတာကိုး)

နောက်တစ်ချက်သဘောကျတာ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သူ့မိန်းမ အမြဲစပ်စုတယ်၊ ဘယ်တော့မှ မပြောဘူး၊ ငါတစ်ယောက်တည်းသိရမှာ ဘယ်သူမှပြောလို့မဖြစ်ဘူး၊ မင်းပါ ပါတယ်တဲ့။ ပြတ်ပြတ်ပဲ

ဒီဇာတ်ကားက ၁၉၈၁ ခုနှစ်မှာ အိန္ဒိယမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရှည်ကြာဆုံး အကြီးကျယ်ဆုံး စီးနင်းမှုကို အခြေတည်ပြီး ရိုက်ထားတာ။ လုပ်ကြံဇာတ်လမ်းမဟုတ်။ ကြည့်ကောင်းအောင် ဒရာမာခင်းထားတာတွေတော့ပါတယ်လို့ အစကတည်းကတော့ ကြေငြာထားတယ်။

ဒီဇာတ်ကားထဲ သိမ်းတာ ဒေါ်လာသန်း ရာချီတယ်၊ တကယ့်အဖြစ်အပျက်မှာ ဒေါ်လာ ၂သိန်း၂သောင်းတန်ကြေးရှိတဲ့ ရူပီး ၁၆ သန်းတဲ့ … ဒါပေမယ့် အဲ့ဒါကို ငွေသားချည်းပဲဝှက်ထားတော့ ၀န်ထမ်း ၄၅ ယောက်ထိုင်ရေကြတာ ၁၈ နာရီကြာသတဲ့ …

နိုင်ငံရဲ့ စီးပွားရေး လည်ပတ်နေအောင် ကြိုးစားခဲ့ကြသော မှန်ကန်သော လူမသိသော သူရဲကောင်း ၀န်ထမ်းတွေအားလုံးကို ဂုဏ်ပြုလျှက်တဲ့ …
နောက်ဆုံးစာသားထိုးသွားတာလေး သဘောကျတယ်။

FYI – အိန္ဒိယဟာ လာဘ်စားမှု အကျင့်ပျက်မှုတွေနဲ့ အခုထိ အကြီးအကျယ် လုံးပန်းနေရတဲ့နိုင်ငံပါ

IMDB – 7.4

Credit – Xenovia