တနေ့တ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့်

တနေ့တ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့်

တနေ့တ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် ညနေဘက်ထိုင်လေ့ရှိသော ဂျီပီဟု အများကခေါ်ဆိုကြသည့် ဆေးခန်းကလေး၌ ယခုရက်ပိုင်း မကြာခဏကြားနေရသည့်
” ဆရာ၊ ကျွန်မကို ဆေးကောင်းကောင်းပေးပါ”
“ကျွန်တော့်ကိုတော့ ပိုက်ဆံပိုယူချင်လည်းယူ၊ ဆေးတော့ ကောင်းကောင်းလေးပေးပါ”
“ဒီမှာ မောင်ရင်၊ ဦးကြီး လူပါးဝစကားပြောတာမဟုတ်ဘူး၊ ဆေးကောင်းကောင်းလေး လုပ်ပေးပါ”
ဆိုသည့် စကားများ အကြောင်း စဉ်းစားကာ အတွေးနယ်ချဲ့နေလေသည်။

မည်သူမဆို ဆေးကောင်းကောင်းပဲ လိုချင်တာ သဘာဝကျပေမယ့် မိမိသုံးနေသည့် ဆေးများကလည်း အချဉ်မှမဟုတ်ပဲလေ၊ အယ့်လယ်။
စိတ်ထဲမှာတော့
” ဒီမှာ ဦးကြီး၊ ကျုပ်ဆေးခန်းမှာ လိုင်းဆေးမသုံးဘူး၊ ရက်ဂျစ်စတာဆေးတွေပဲသုံးတယ်။ ဒါပေမယ့် အကျိုးအာနိသင် ထူးထူးခြားခြားပိုမကောင်းပဲ ဈေးတခုပဲ ကွက်ကြီးနေတဲ့ ဆေးမျိုးတော့ မသုံးဘူး၊ နေစမ်းပါဦး. . . ဦးကြီးက ဈေးကြီးတဲ့ဆေးမှ ကောင်းတယ်လို့ ထင်နေတာလား”
အဲ့သလို ပြောချင်ပေမယ့်လည်း မိတ်ပျက်မှာ စိုးတာကြောင့် 🙄🙄 ” ဆေးတွေကကောင်းပါတယ်၊ ကျွန်တော်ကိုယ်တိုင် တခုခုဆို ဒီဆေးခန်းထဲက ဆေးတွေပဲ ယူသောက်နေတာ၊ ကျွန်တော့်ဇနီးသားသမီးတွေကိုလည်း နေထိုင်မကောင်းဖြစ်ရင် ဒီဆေးတွေနဲ့ပဲ ကုပါတယ်၊ စိတ်ချလက်ချသာ သောက်ပါ” ဟုသာ ချုပ်တည်းပြီး ပြောရလေသည်။

ဆေးခန်းမှာဝင်ယောင်နေတဲ့ အလုပ်သင်ဆရာဝန်ဆင်းပြီးခါက ညီအငယ်ဆုံးလေးကတော့ “လူတွေက ဘာလို့ ဆေးကောင်းကောင်းချည်းပဲ တောင်းနေကြတာလဲ၊ နောက်ပြီး သူတို့တောင်းတဲ့ ဆေးကောင်းကောင်းတွေက တကယ်ရော အလုပ်ဖြစ်ရဲ့လား။ ဆေးတမျိုးနဲ့တမျိုးက အမျိုးအစားတူပေမယ့် ကမ်ပနီကွာတာနဲ့ ဈေးက အဆမတန်ကွာနေတာ၊ ဈေးကြီးတာနဲ့ ဆေးကောင်းတာက တိုက်ရိုက်အချိုးကျသလား၊ သေချာနားလည်အောင် ရှင်းပြပေးဗျာ”

“အေးကွာ ညီလေး၊ မင်းကို ပါရာစီတမောနဲ့ပဲ ဥပမာလေး ပေးကြည့်မယ်၊ ပါရာစီတမောမှာဆိုရင် Biogesic , Lensen တို့က ဒီနိုင်ငံအနေနဲ့ Branded ဖြစ်တယ်၊ ကွာလတီအရလည်း ပြောစရာမလိုဘူး။ ဈေးနှုန်းအားဖြင့်လည်း တလုံးကို ငွေကျပ်တရာမကျော်ဘူး။ တချို့ ပါရာစီတမောတွေ တလုံး ၁၅ ကျပ် ၂၀ ဝန်းကျင်လောက်ပဲ ရှိတယ်၊ ဒါပေမယ့် အရည်အသွေးက စိတ်မချရဘူး၊ ဓါတ်ခွဲကြည့်လိုက်ရင် တလုံးကို ၅၀၀ မီလီဂရမ်မပြည့်မီတာတွေ အများကြီးပဲ။ အဲ့တော့ မင်းလူနာကို ငွေတရာမပြည့်ပဲ ပစ္စည်းစိတ်ချရတဲ့ ပါရာစီတမော ပေးမလား၊ ၁၅ ကျပ်တန် ပေးမလား”

” ဒါကတော့ အရှင်းကြီးပဲလေ၊ Branded ပဲ သုံးရမှာပေါ့၊ ဈေးနည်းနည်းကွာပေမယ့် သေချာတဲ့ဆေးပဲ ရွေးရမှာ”

“ဟုတ်ပြီ၊ နောက် ဥပမာ တခုလာမယ်။ အစာအိမ်နာရောဂါအတွက်သုံးတဲ့ Rabeprazole 20mg တလုံးက မြန်မာငွေ ကျပ် ၇၀ ဝန်းကျင်ပဲရှိတယ်၊ Branded ဖြစ်သွားတဲ့ ဆေးတမျိုးက (နာမယ်တော့ မပြောတော့ပါဘူး) တလုံးကို ၂၀၀၀ ကျော်အထိ ပေးရတာမျိုးရှိတယ်။ တနေ့ကို ၂ ကြိမ်သောက်ရမယ်၊ လနဲ့ နှစ်နဲ့ချီပြီး သောက်ရတဲ့ လူနာတွေရှိတယ်။ ဆေးရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အစာအိမ်ထဲကထွက်တဲ့ ပိုလျှံနေတဲ့ အက်ဆစ်ဓါတ်တွေကို လိုသလိုထိန်းညှိပေးရတာ၊ အဲ့ဒီတော့ ၇၀ တန်ဆေးနဲ့ ၂၀၀၀ ကျော်တန်ဆေး ၂ မျိုးရဲ့ အရည်အသွေးက အစာအိမ်အက်ဆစ် ထိန်းညှိမှုအပိုင်းမှာ အဆပေါင်းများစွာ ကွာသွားမယ်လို့ထင်သလား၊ မင်းသာဆို ကိုယ့်လူနာကို ဘယ်ဆေးပေးမလဲ”

“ဒါလည်း အရှင်းကြီးပဲလေဗျာ၊ ၇၀ တန်ပေါ့။
ကျွန်တော်လို ဆရာဝန်ပေါက်စတောင် ၇၀ တန်ဆေးနဲ့ပဲ အစာအိမ်လူနာတွေ အများကြီး ကုခဲ့ပြီးပြီ၊ အားလုံးနီးပါးလည်း အဆင်ပြေကြတာပဲလေ”

“နည်းနည်းတော့ နပ်စပြုလာပြီထင်တယ်၊
တချို့ဆေးတွေ ဘာလို့ဈေးတွေ မဟားတရား ကြီးနေရသလဲ၊ ဈေးတွေ ကွာနေရသလဲလို့ မေးလာရင် အချက် ၃ ချက်ပေါ် မူတည်တယ်။
နံပါတ် ၁ ကတော့ စားပွဲအောက်လက်သိပ်ထိုးကမ်းလှမ်းမှုဆိုတာကြောင့်ပဲ”

” ဟာ … ဆန်းကြယ်လှပါလား၊ အနက်ကို ရှင်းပါဦး”

” နားလည်အောင် ပြောရရင်တော့ကွာ၊ ဆေးဘယ်နှကဒ် သုံးပေးရင် မင်းအတွက်ဘယ်လောက်ပေါ့၊ ဘယ်နှဗူး၊ ဘယ်နှဖာ ဖြုန်းပေးရင် ဆရာ့အတွက် Cash နဲ့လား ချက်လက်မှတ်နဲ့လား၊ ကျပ်ငွေလား ဒေါ်လာလား ကြိုက်တာရွေးလေ။ အကိုတောင် ဆေးခန်းစဖွင့်ခါစက ဆေး ၁၀ ဖာ သုံးပေးရင် ရွှေဘယ်လောက်သားပေးမယ်ဆိုပြီး လာမေးတာရှိဖူးတယ်၊ ပြန်တွက်ကြည့်လိုက်တော့ ဆေးဈေးနှုန်းက သူနဲ့ ကွာလတီတူဆေးထက် ၁၀ ဆကျော် တင်ထားတယ်၊ သုံးလို့အဆင်မပြေဘူးလို့ ပြောလိုက်တယ်”

” အကိုကလည်းဗျာ၊ သုံးလိုက်တာမဟုတ်ဘူး၊ ရွှေဆိုတော့ အမကို ဆင်ပေးလို့ရတာပေါ့” 😁😁

” တော်ပါပြီကွာ၊ သူပေးမယ်ဆိုတဲ့ ရွှေက မင်းကို စေတနာရှိလွန်းလို့ သူ့အိတ်ထဲက စိုက်ပြီးပေးတာမဟုတ်ဘူး။ ဆေးဈေးကို အဆမတန်တင်ထားပြီဆိုတော့မှ အဲ့ဒီပိုက်ဆံနဲ့ မင်းကိုပေးမှာ၊ အဲ့ဒီခါကျတော့ မင်းလူနာတွေပဲ ဆေးဖိုးအကုန်အကျပိုများလာမှာ။ နောက်ဆုံးတော့ ရွှေက သူတို့ပေးတာ မဟုတ်တော့ဘူး၊ မင်းလူနာတွေ ဝယ်ပေးတာဖြစ်သွားပြီ။
ကိုယ်လည်း ထိုက်သင့်တဲ့ ဆေးဖိုးဝါးခယူထားပြီးပြီပဲကွာ၊ လောဘကတော့ ရှိပေမယ့်လည်း တော်ရုံပဲ ကောင်းပါတယ်”

“နံပါတ် ၂ အချက်လေး လင်းပါဦး”

“အေး၊ မင်းလည်း ဖေ့စဘွတ်သုံးတာပဲ မဟုတ်လား။ အဲ့မှာ နိုင်ငံခြားခရီးစဉ်တွေ ဘာညာ ဘယ်သူတွေ အများဆုံး သွားနေတာလဲ၊ ဆေးများများ ဖြုန်းပေးနိုင်ရင် နိုင်ဂံခြားသွားရတယ်လေကွာ၊ ကမ်ပနီတွေကတော့ ဆရာဝန်တွေ စဉ်ဆက်မပြတ်ဆေးပညာတိုးတက်စေရေး ခေါင်းစဉ်နဲ့ ပို့ပေးတာပေါ့။ အဲ့တာတော့ ငါပြောတာ မဟုတ်ဘူးနော်၊ ငါ့ဆရာတယောက်က ပြောပြတာ” 😁😁

“ဟာ… ဒါဆို ခရီးတွေအမြဲထွက်နေတဲ့ ဆရာဝန်တွေက အဲ့ဒါမျိုးသွားနေတာလား”

“မင်းကလည်းကွာ၊ အားလုံးတော့ ဘယ်ဟုတ်မလဲ။ အမြဲတမ်းတော့လည်း မဟုတ်ပါဘူး။
တချို့ သူတို့ငွေနဲ့ သူတို့သွားကြတာတွေလည်း ရှိပါတယ်။ ကမ်ပနီကတော့ ဆေးများများ ဖြုန်းပေးနိုင်မှ ပို့ပေးတာပေါ့ကွာ။ ဒါကလည်း စောနကပြောသလိုပဲလေ၊ သူတို့ ပို့ပေးရတာမှမဟုတ်တာ။ ဆေးကောင်းကောင်းပေးပါလို့ တောင်းတတ်တဲ့လူနာတွေ၊ မတောင်းဆိုပဲနဲ့ အပေးခံလိုက်ရတဲ့ လူနာတွေက စုပြီး ပို့ပေးနေသလိုမျိုးပေါ့ကွာ ”

“အကိုတို့ဟာကလည်းဗျာ၊ စောင်ဆန်းရီးတွေနော်၊ နောက်ဆုံးတချက်ကရော”

” ဒါလည်း သိပ်တော့ မထူးပါဘူးကွာ။ ဟိုဟာဝယ်ပေးပါဦး၊ ဒီဟာလုပ်ပေးဦး ပူဆာတတ်တဲ့ ဆရာဝန်တွေ သုံးတဲ့ဆေးက ဈေးကြီးသွားပြန်ရော”

” ဒါလည်း အဆန်းပဲ၊ ကျွန်တော်တော့ လိုက်မမီတော့ဘူး၊ ဘာတွေများ ပူဆာလို့လဲဗျာ”

” ရှိတာပေါ့ကွာ၊ မြန်မာထိုင်ကနေ ဘိုထိုင်အိမ်သာ ပြောင်းတတ်ပေးရတယ်၊ ယာဉ်မောင်းလိုင်စင်တွေ လုပ်ပေးရတယ်၊ ဖုန်းဟမ်းဆက်တွေ အသစ်ထွက်တိုင်း ဝယ်ပေးရတယ်၊ ဗီဒိုတွေ ဆိုဖာဆက်တီတွေ ဝယ်ပေးရတယ်၊ အိမ်ပြင် ကားပြင်ရင် တတ်နိုင်သမျှ ထည့်ဝင်ပေးရတယ် ၊ အမျိုးမျိုးပေါ့။ ကြားဖူးတာကို ပြောတာနော် 😁😁ဟုတ်ချင်မှလည်း ဟုတ်မှာ။
ဇာတ်ပေါင်းတော့ ခုလိုဝယ်ပေး၊ ပို့ပေး၊ အာရကေပေးနေရတဲ့ ငွေက ကမ်ပနီတွေက စိုက်ထုတ်ရတာမဟုတ်ပဲ လူနာတွေဆီကနေပဲ အရင်းခံလာတာကို မင်းမြင်ပြီမဟုတ်လား”

” အင်း … မဆိုးပါဘူး၊ တော်တော်တော့ ရှင်းသွားပြီ။
ဒါဆို လူနာတွေ တောင်းတောင်းနေတဲ့ ဆေးကောင်းကောင်းဆိုတာ တကယ်မရှိဘူးပေါ့နော်”

” ရှိတာပေါ့ကွာ၊ ဘယ်လိုပြောလိုက်တာလဲ။
အနာနဲ့ဆေး၊ ရောဂါနဲ့ဆေး တွေ့ပြီဆိုရင် ဒါဟာဆေးကောင်းတာပဲပေါ့။
ရောဂါရာဇဝင်ကို အချိန်ပေးပြီး သေချာမမေး၊ လူနာကို သေချာလည်းမစမ်း (မစမ်းတတ်)၊ လူနာဘာဖြစ်နေမှန်း ရောဂါအမည်တောင် မတပ်နိုင်ပဲနဲ့တော့ မင်းဟာမင်း ဘယ်လောက်ဈေးကြီးတဲ့ ဆေးတွေပဲသုံးနေပါစေဦးတော့၊ သူများဂျင်းထည့်တဲ့ဆေးတွေနဲ့ ကိုယ့်လူနာတွေကို တဖန်ပြန်ပြီး ဂျင်းထည့်နေရုံနဲ့တော့ သူတို့တောင်းဆိုနေတဲ့ ဆေးကောင်းကောင်းတခွက်တော့ ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။
မင်းတို့ လူငယ်တွေ ပိုတောင်သတိထားရမှာ၊
ဈေးကြီးတဲ့ ဆေးတွေ၊ ဗိုက်တာမင်အားဆေးတွေ အများကြီးသုံးနေလို့ မင်းတို့ဒင်နာတက်ရ၊ အဆိုတော်တွေနဲ့ သီချင်းတွဲဆိုလိုက်ရပေမယ့် မင်းရဲ့ လူနာတွေ ခံစားနေရတဲ့ ဝေဒနာထူးခြားပြီး မသက်သာသွားဘူးဆိုရင်တော့ မင်းရှူံးတာပဲ။”

“အံမယ် … ကိုယ့်ဖက်ပါ လှည့်လာပြီဟ” 😒😒

“အတည်ပြောနေတာ ဟျောင့်ရ။
လူနာတွေ တောင်းနေတဲ့ ဆေးကောင်းကောင်း ပေးချင်ရင်တော့ မင်းကြိုးစားမှရမယ်။ ဘယ်လိုကြိုးစားရမလဲဆိုတော့ သူတို့ကို အချိန်ပေးပြီး သေချာမေးမြန်း၊ စမ်းသပ်ရမယ်။ ရိုးသားရမယ်၊ မနိုင်တာ မကုနဲ့၊ မင်းလက်လှမ်းမီတာထက် ကျော်သွားရင် လွှဲသင့်တာတွေ လွှဲရမယ်။ မင်းကို ဘာမှမပေး၊ ဘယ်မှမပို့ပေး၊ ဆီမလာ၊ ပဲမလာရင်လည်း သင့်တင့်လျှောက်ပတ်တဲ့ဈေးနဲ့ ကွာလတီမညံ့တဲ့ ဆေးမျိုး မင်းရှာတတ်၊ သုံးတတ်ရမယ်။
အဓိက ပြောချင်တာကတော့
အထူးကုပဲဖြစ်ဖြစ်၊ ဂျီပီဆရာဝန်ပဲဖြစ်ဖြစ် ကိုယ်ပေးနေတဲ့ ဆေးတွေကို ကိုယ်တိုင်မျက်ခြေမပြတ် စောင့်ကြည့်နေခြင်းကလည်း လူနာကို တဖက်တလမ်းကနေ စောင့်ရှောက်နေခြင်းတမျိုးပဲလေကွာ”

“နားလည်ပါပြီ ခင်ဗျာ ”

#ဆေးကောင်းကောင်းပေးပါ
#Thet_Kyaw_Soe