ဖားအောက်ဆရာတော်ဘုရား အသက်သတ်လွတ် စားရခြင်း အကြောင်းရင်း

ဖားအောက်ဆရာတော်ဘုရား အသက်သတ်လွတ် စားရခြင်း အကြောင်းရင်း

ရဟန်းတစ်ပါး အမေး

မြတ်စွာဘုရားက အသားစားတာကို လောဘဒေါသ မပါရင် စားခွင့်ပြုထားပါတယ်။ ဆရာတော်ဘုရားက အသက်သတ်လွတ်ဆိုတော့ အဲဒီတော့ ဆရာတော်ဘုရား အသက်သတ်လွတ် စားရခြင်း ရည်ရွယ်ချက်ကို သိပါရစေဘုရား ^^^

ဖားအောက်ဆရာတော်ဘုရား အဖြေ

တောနေတဲ့ အချိန်အခါမှာပေါ့လေ တခါတရံ အဟာရနဲ့ ပတ်သက်ပြီးတော့ တောင့်တမှု မဖြစ်တတ်ဘူးလား ဖြစ်တတ်ပါတယ် ပိုဆိုးတာက အဲဒီမှာ ဟိုအသားစားချင်တယ် ဒီအသားစားချင်တယ် ဆိုတဲ့ တောင့်တမှုတွေက တော်တော်ဆိုးတယ် နောက်တခုက တောဓလေ့ဆိုတော့ ဆွမ်းခံသွားရင် ကြက်သားလည်း ချက်လောင်းချင်လောင်းမယ် ကြက်ဥလည်း ကြော်ပြီးပြုတ်ပြီး လောင်းချင်လောင်းမယ် ။ ဒီတောမှာရှိတဲ့ ကြက်ဥဆိုတာက အကောင်ပေါက်နိုင်တဲ့ ကြက်ဥတွေပါ အကောင်မပေါက်တဲ့ ကြက်ဥမျိုး မဟုတ်ဘူး အဲဒါ ပါဏာတိပါတကံ မထိုက်နိုင်ဘူးလား ထိုက်နိုင်တယ် ။ ဒီလိုပြဿနာလေးတွေ ရှိတယ် ။

နောက်တောဓလေ့ ထုံးစံအရ ဆွမ်းလှည့်ကျတယ်ဆိုရင် တချို့(ဝယ် ) မနိုင်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ပိုက်ကွန်လေး ယူပြီး ငါးဖားသွားရှာတယ် ဒါမျိုးတွေလည်းရှိတယ် ဒီတော့ တောတွေမှာ တောနေတဲ့ရဟန်းတွေမှာ တောရဲ့အလေ့အထအရ ဒီကြက်သားတို့ ဝက်သားတို့က အပ်အပ်စပ်စပ်ဖြစ်ဖို့ဆိုတာ မရှိဘူးလို့ မဆိုလိုဘူး။ တော်တော်လေး ခက်ခဲတာကို တွေ့ရတယ်။ မနက်ဖန် ဆွမ်းလှူမယ်ဆိုလို့ရှိရင် ကြက်ကိုကြိုတင်ပြီး စီစဉ်ထားတာတွေရှိတယ်။ တခါတလေ မသိတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်လည်း မနက်ဖန် အလှူရှိရင် ဒီနေ့ ကြက်တွေ ကြိုတင်ပြီးမှာလိုက်တယ်။ မနက်ဖန် အလှူလုပ်မယ်ဆိုရင် ဒီနေ့ကြိုတင်ပြီး ဝက်တွေချိန်ထားတယ်။ ဒီလိုပြဿနာလေးတွေရှိတယ် ဒါတွေကိုတော့ (မစားဖို့) ဘုရားရှင်က တိုက်ရိုက် ကန့်ကွက်ထားပါတယ်။

သူကမိမိအတွက် သတ်တယ်လို့ သိခဲ့ရင်မစားရ စားခဲ့ရင် အာပတ်လည်းသင့်တယ် ပါဏာတိပါတကံလည်း ထိုက်တယ်။ နမူနာလေးတခု အဋ္ဌကထာက ရှင်းထားတာက ကျောင်းတိုက်တတိုက်မှာ သံဃာတထောင်လောက်ရှိတဲ့ ကျောင်းတိုက်အတွင်းမှာ ဒီသံဃာတထောင်ကို ကျွေးမွေးဖို့ကြိုတင်ပြီး ကြက်တွေ ဝက်တွေ စီစဉ်ထားတယ်။ စီစဉ်ထားတယ်ဆိုတာကို တချို့သံဃာသိတယ် တချို့သံဃာကမသိဘူး သိတဲ့သံဃာက စားလို့ရှိရင် အာပတ်လည်းသင့်တယ် ပါဏာတိပါတကံလည်း ထိုက်တယ်။ မသိတဲ့သံဃာက စားလို့ရှိရင် အာပတ်သင့်တယ် ဘာဖြစ်လို့လဲ ပါဏာတိပါတကံမှာ ၄ ချက်ရှိတယ် ကိုယ်တိုင်ကျူးလွန်တာ စေခိုင်းတာ သူများကိုအသတ်ခိုင်းတာ ချီးမွမ်းတာ နောက်တခုက သဘောတူမဲဆန္ဒပေးတာ ပါဏာတိပါတကံပဲ ။

ဒကာကြီးတွေအားလုံး ကြားဖူးကြလိမ့်မယ် ဝိတဒူပကနေ သာဂီဝင်မင်းသားတွေကို သတ်တဲ့ကိစ္စ အောင်မြင်သွားတာ ဘာကြောင့်လဲ သူတို့အတိတ်က ကျူးလွန်ခဲ့တဲ့ ကံတခုရှိတယ်။ ဘုရားရှင်က ဒီကံကြောင့်လို့ ဟောထားတယ် တချိန်မှာ ဒီသာဂီဝင်မင်းသားတွေက နိုင်ငံတခုမှာ တိုင်းသူပြည်သားတွေ ဖြစ်ကြတယ် ဖြစ်တဲ့အချိန်အခါမှာ ဒီတိုင်းသူပြည်သားတွေက ဘာလုပ်ကြသလဲ အဲဒီသာဂီဝင်တွေက မြစ်ထဲကို အဆိပ်ခပ်ဖို့ သဘောတူ ဆန္ဒပေးခဲ့တဲ့အတွက် ဒီအကုသိုလ်ဆန္ဒကြောင့် သူတို့က ငရဲရောက်တယ်။ ငရဲကကျွတ်လာ လွတ်လာတဲ့ အချိန်ခါမှာ သာဂီဝင်တွေ လာဖြစ်တဲ့အလှည့်နဲ့ကြုံတော့ အဲဒီမှာ ကြွင်းကျန်နေသေးတဲ့ အကုသိုလ်တွေက အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေပြီ ။ ပထမအကြိမ် ဘုရားရှင်သွားပြီးတော့ တားတယ် ပြန်သွားတယ် ဒုတိယအကြိမ် သွားတားတယ် ပြန်သွားတယ်။ တတိယအကြိမ်ကြတော့ သူတို့ရဲ့ကံက အကျိုးပေးဖို့ အခါအခွင့်သင့်ပြီဆိုတော့ ဘုရားရှင်လည်း မတားတော့ဘူး ဒါသူ့ကံအလှည့်ကျလို့ သူ့ကံကအကျိုးပေးသွားတာပဲ။ ဒါကြောင့် ဒီပါဏာတိပါတာကံမှာ ၄ ချက်ရှိတယ် ကိုယ်တိုင်ကျူးလွန်တာ သူတပါးကိုစေခိုင်းတာ ချီးမွမ်းတာ သဘောတူဆန္ဒပေးတာ ပါဏာတိပါတကံပဲ ။

ဒီတော့အိမ်တအိမ်မှာ မိသားစုခုနှစ်ဦးလောက်ရှိတယ် ထားပါတော့ တယောက်ကနေပြီးတော့ ကြက်တကောင်ကိုသတ်ပြီး မိသားစုဝိုင်းစားတယ် မိသားစုအားလုံး သိရက်နဲ့စားတဲ့အတွက် ပါဏာတိပါတကံ အကုန်လုံးထိုက်တယ် ။ အဲဒီပုံစံအတိုင်းပဲ ကျောင်းတိုက်တတိုက်မှာ သံဃာတထောင်လောက်ရှိတယ် ဒီတထောင်လောက်ရှိတဲ့ သံဃာအတွက် ရည်ညွန်းပြီး ကြက်တွေဝက်တွေ သတ်ဖြတ်စီစဉ် ချက်ပြုတ်ထားတယ်။ သိတဲ့ရဟန်းတွေ စားခဲ့ရင် အာပတ်လည်းသင့်တယ် ပါဏာတိပါတကံလည်း ထိုက်တယ်။ မသိတဲ့ရဟန်းတွေ စားခဲ့ရင် ပါဏာတိပါတကံတော့ မထိုက်ဘူး အပတ်တော့သင့်ပါတယ် ။

အဲဒီပုံစံလေးတွေက ရှိနေတဲ့အခါကြတော့ တောရွာမှာ တောဓလေ့အတိုင်း ဆွမ်းခံကြွတဲ့အခါမှာ ရှောင်ရှားအပ်ဖို့ တော်တော်လေးခက်ခဲပါတယ်။ အဲဒီလိုအခက်အခဲလေးတွေရှိလို့ လည်းတကြောင်း တရားအားထုတ် နေရင်းနဲ့ မနက်ဖန် ကြက်သားဟင်းလေးနဲ့ စားလိုက်ရရင်တော့ သိပ်ကောင်းမှာပဲ မနက်ဖန် ဝက်သားလေးစားလိုက်ရင် သိပ်ကောင်းမှာပဲ (ရယ်လျှက်) အမယ် ဆရာတော်တပါးကတောင် ပြောတယ် ဆိတ်သားဟင်းလေးစားပြီး တရားထိုင်ရင် တရားထိုင်လို့ သိပ်ကောင်းတာတဲ့ အဲဒီလိုတောင့်တတဲ့ စိတ်လေးတွေက ပုထုဇဉ်သဘာဝဆိုတာ ပေါ်ချင်လည်း ပေါ်လာတတ်ပါတယ်။ ဒါကြောင့် တပည့်တော်က အသက်သတ်လွတ်လောင်းရင်တော့ သဘောတူကြေနပ်တယ်။ ဒါပေမဲ့ ကျုပ်ကအသက်သတ်လွတ်ပဲစားတယ် အသားငါးမစားဘူးလို့ ဒီလိုတော့ ထုတ်ဖေါ်မပြောဘူး သူတို့လောင်းခဲ့ရင် ကိုယ်မကြိုက်ရင် ကိုယ်အလှူမခံဘူး ဒီလောက်ပဲရှိပါတယ်။

တပည့်တော်ဖားအောက်ရောက်တဲ့အခါ ဒီဖားအောက် သစ်သီးကျောင်းကို စပြီးတည်ထောင်တဲ့ ဆရာတော်က စစ်ကိုင်းက နာမည်ကျော်ဆရာတော်ဖြစ်တဲ့ မဟာဂန္ဓာရုံ ဆရာတော်ရဲ့တပည့်ဖြစ်ပါတယ်။ အဲဒီတော့ အဟာဂန္ဓာရုံ ဆရာတော်ကလည်း သူ့ကျောင်းမှာ အသက်သတ်လွတ် စားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း စားခွင့်ပြုထားတယ်။ အသားငါးစားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း သူအပ်စပ်ရင် စားခွင့်ပြုထားတယ်ဆိုတော့ သူကအသက်သတ်လွတ်စားတဲ့ အုပ်စုထဲမှာ ၆ နှစ်လောက်နေခဲ့ပါတယ် အဲဒီအကျင့်ကြောင့် ဖားအောက်ရောက်တဲ့ အချိန်မှာလည်း အခုသစ်သီးကျောင်းခေါ်တဲ့ ဖားအောက်တောရကို စတည်ထောင်တဲ့ အခါမှာလည်း သူက အသက်သတ်လွတ်ပဲဖြစ်တယ်။

အကြောင်းအားလျော်စွာ တပည့်တော်ကလည်း အဲဒီကျောင်းမှာ ဒုတိယဆရာတော်ဖြစ်တဲ့ဆရာတော်က တပည့်တော်နဲ့အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ဖြစ်ပါတယ် တောထဲနေစဉ် ရင်နှီးကြတယ်။ အဲဒီမှာ သူပြန်လွန်တော်မူခါနီး သတင်းလေးသွားမေးရင်းနဲ့ ကျောင်းမှာစောက်ရှောက်မည့်ပုဂ္ဂိုလ် မရှိတာနဲ့ တပည့်တော်က ဖားအောက်ရောက်သွားတော့ ပထမဆရာတော်ကလည်း အသက်သတ်လွတ် ဒုတိယဆရာတော်ကလည်း အသက်သတ်လွတ်ဆိုတော့ တပည့်တော်လက်ထက်မှာလည်း ဘာမှမပြောရပါဘူး သူတို့ဟာသူတို့ အသက်သတ်လွတ်လှူနေ ကြပါတယ် လှူတော့လည်း တပည့်တော်ဒီအတိုင်းပဲ စားတာပါပဲ။
သို့သော် သူများတွေအတွက် ဖားအောက်မှာ အသားငါးဟင်းတွေလာလှူတယ် တပည့်တော်အပ်အပ်စပ်စပ်ဆိုရင် မကန့်ကွက်ပါဘူး သူအပ်အပ်စပ်စပ်ဖြစ်ခဲ့ရင် စားပေါ့ ။ နှစ်ခြိုက်တဲ့သူတွေ ဒါကြောင့် ဖားအောက်မှာ တခါတလေကျရင် အသက်သတ်မလွတ်တဲ့ အရာတွေ အပြင်ကနေလာလာလှူတာရှိတော့ ဒါကတော့တပည့်တော် မကန့်ကွက်ပါဘူး ပြောလည်းမပြောရက်ဘူး သူနှစ်ခြိုက်လို့ သူစားချင်စားပါစေ သို့သော် ကျောင်းမှာစီစဉ်တာကတော့ အများအတွက် အခုချိန်ဆိုကျောင်းမှာ ပရိတ်သတ်နှစ်ထောင် ဝန်းကျင်ရှိတယ်။ ဒီလောက်နှစ်ထောင်ဝန်းကျင်ကို ကြက်သားကျွေးချင်တယ် ဆိုရင်တော့ဘယ့်နယ်လုပ်ပါ့မလဲ တော်တော်လေးအပ်အပ်စပ်စပ် ဖြစ်အောင်စီစဉ်ဖို့ဆိုတာ တော်တော်ခက်တယ်နော်။ ဖားအောက်ဈေးမှာတော့ အဲဒီ သံဃာနှစ်ထောင်စာအထိ ရောင်းတဲ့ကြက်သား မရှိပါဘူး ဒီတော့အဲဒီကြက်ရအောင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့ အရှင်ဘုရားတို့ နားလည်လိမ့်မယ်ထင်ပါတယ်နော် ။

ဒါကြောင့် အဲဒီအခက်အခဲလေးတွေရှိတဲ့အတွက် အသက်သတ်လွတ်စားတာကို သက်သက်ချီးမွမ်းတာ မဟုတ်သော်လည်း တပည့်တော်ကတော့ နည်းနည်းလေးလက်ခံတဲ့ သဘောမှာရှိပါတယ်။ ဘာဖြစ်လို့လဲ (အပ်စပ်အောင်)ရှောင်ရှားရတာ နည်းနည်းခက်ခဲလို့ပါ အဲဒီတော့ အသက်သတ်မလွတ်ဘူးထား သူ့မှာတွယ်တာမှု မရှိဘူးဆိုရင် ဒါကအပြစ်မဖြစ်ပါဘူး ။ အသက်သတ်လွတ်ပဲထား ဟာ ဒီသက်သတ်လွတ်ပွဲက သိပ်ကောင်းတာပဲ (ရယ်လျှက်) တချို့ကလာပြောတယ် ဒီမှာ အသက်သတ်လွတ်ချက်တာ တော်တော်ကောင်းတာပဲ တော်တော်ဟန်ကျတယ် ဆရာတော်အသက်သတ်လွတ်က တော်တော်အချိုးကျတယ် ဒါဆိုရင်ဘာဖြစ်လဲ ဒါတွယ်တာမှုပဲ ဒီတွယ်တာမှုကိုတော့ ဘုရားရှင်က ကန့်ကွက်တယ်။

ဒီတော့အဟာရအနေနဲ့ ခန္ဓာကိုယ်မျှတရေးအတွက် ရည်ရွယ်ပြီးစားတာတော့ ဘုရားရှင်ကနှစ်ခြိုက်ပါတယ်။ ဒီခန္ဓာကိုယ်ကို တည်တန့်ပြီးတော့ ဗြဟ္မာ့စရိယာခေါ်တဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန် ဆိုသော မွန်မြတ်သော ဦးတည်ချက်ဖြင့် အာဟာရကိုမှီဝဲဖို့ ဘုရားရှင်က ဆုံးမပါတယ်နော်။ (ပါဋ္ဌိ)… စသည်ဖြင့် ဆင်ခြင်ပြီးစားဖို့ ဘုရားရှင်ကအမြဲတမ်း ဆုံးမတော်မူပါတယ်။ အဲဒီတော့ အသက်သတ်လွတ်ပဲ ဖြစ်စေဦး စွဲလန်းမှုရှိခဲ့ရင် အဲဒါက အညှီအဟောက်ပဲ ဘုန်းပေးနေတာဖြစ်တယ် အသက်သတ်မလွတ်ဘူးထား တွယ်တာမှုမရှိဘူးဆိုရင်လည်း ဒါကတော့အညှီအဟောက်ကို ဘုန်းပေးတယ်လို့ မပြောနိုင်ဘူး။

သို့သော် နည်းနည်းတော့စဉ်းစားနော် ဒီအသားအရသာ ငါးအရသာက လူရဲ့လျှာကိုအင်မတန် စွဲလန်းစေပါတယ်။ ဟုတ်တယ်မဟုတ်လား အခုတချို့ဆိုရင် ငပိမပါရင်ထမင်းတောင် စားလို့မရဘူး ဒါဘာဖြစ်လို့လည်းဆိုတော့ စွဲနေတာ ဒီတော့ခုနက ကိစ္စလေးတခု ဘုန်းကြီးနဲနဲထပ်ပြီး ပြောချင်ပါတယ်။ သံဃာတထောင်လောက်ရှိတဲ့ ကျောင်းတိုက်မှာ ဒီသံဃာတွေအတွက် ရည်ညွန်းပြီးသတ်ဖြတ်တာ ဆွမ်းဟင်းတွေ စီစဉ်ထားပါတယ်ဆိုတာ သိခဲ့ရင် စားတဲ့ပုဂ္ဂိုလ်တွေက ပါဏာတိပါတကံလည်းထိုက်တယ်။ အာပတ်လည်းသင့်တယ်။

ဒီလိုဆိုရင် ကျေးရွာတရွာမှာ လူတသောင်းလောက်ရှိတယ်ထား ဒီလူတသောင်းလောက်အတွက် ရည်ရွယ်ပြီး သတ်ဖြတ်ထားတဲ့ အသားငါး ထိုကျေးရွာအတွက် သတ်ဖြတ်ထားတယ်ဆိုတာ ဝယ်တဲ့လူမသိဘူးလား သိနိုင်တယ်ဆိုတော့ ခုနက သံဃာတထောင်အတွက် ရည်ရွယ်ပြီး သတ်ထားတဲ့အသားတွေကို သိရက်နဲ့စားရင် ပါဏာတိပါတကံထိုက်တယ် အာပတ်လည်း သင့်တယ်ဆိုရင် အခုလည်း လူတသောင်းအတွက် ရည်ရွယ်ပြီး သတ်ဖြတ်ထားတဲ့ အသားကိုစားရင် ပါဏာတိပါတကံ မထိုက်နိုင်ဘူးလား အဲဒီအချက်လေးတွေကို နည်းနည်းသတိထားဖို့ လိုပါတယ်။

ကျေးရွာတရွာက တသောင်းဆိုရင် မြို့တမြို့က လူဆယ်သိန်းလောက်ရှိတယ်။ ထားတော့ လူဆယ်သိန်း လောက်အတွက် နှစ်စဉ်အစိုးရကနေပြီးတော့ စနစ်တကျဖြစ်အောင် လိုင်စင်တွေဘာတွေ အသေအချာထုတ်ပေးတာ သတ်မဲ့သူတွေက လုနေတယ်။ လိုင်စင်တွေဘာတွေ အသေအချာ ထုတ်ပေးထားတယ် ဆိုတော့ ဒီမြို့အတွက် တို့ကြက်ကဘယ်နှစ်ကောင် ဝက်ကဘယ်နှစ်ကောင် သတ်ရမယ်ဆိုတာ စီမံကိန်းတွေ မရှိဘူးလား ရှိနေတယ် ဒီတော့ဒီမြို့သူမြို့သားတွေက ဒါဒို့အတွက်ရည်ညွန်းပြီး သတ်တယ်ဆိုတာကိုကော မသိနိုင်ဘူးလား သိနိုင်ပါတယ် သက်သက်ကိုယ့်ကိုယ်ကိုယ် လိမ်နေရင် မသိချင်ယောင်ဆောင်နေရင်တော့ ဖြစ်ထာပေါ့လေ ဟုတ်တယ် မဟုတ်လား ကိုယ့်ကိုယ်ကိုယ် မလိမ်ဘူး ဆိုရင်တော့ ဒီဥစ္စာတွေက တော်တော်လေး စဉ်းစားဖို့ ကောင်းပါတယ်နော်။

ဒါကြောင့် မင်းတုန်းမင်းလက်ထက်က ရွှေကြိုးဝိုင်းဆိုပြီး ဘယ်လိုကြိုးဝိုင်းတော့ မသိဘူး ဒီကြိုးဝိုင်းအတွင်း ဘာကိုမှ မသတ်ရဘူးလို့ အမိန့်ထုတ်ထားဖူးတယ်။ အဲဒါကြောင့် ကြက်တွေလည်းဖြောက်ဖြောက် ယုန်တွေလည်း တဖြောက်ဖြောက်တဲ့ ကြက်တွေယုန်တွေက ဘာမှပြဿနာမရှိခဲ့ဘူး ။ အခုဘုန်းကြီးတို့ နမူနာ သီဟိုလ်မှာ မျောက်အင်မတန်ပေါတယ် ဘာဖြစ်လို့ မျောက်အင်မတန် ပေါသလဲဆိုတော့ နှစ်ပေါင်းတရာကျော်သွားပြီ တိုင်းပြည်မှာ အစိုးရကိုယ်တိုင်က အမိန့်ထုတ်ထားတယ် ဒီမျောက်တွေ တိရိစ္ဆာန်တွေကို မသတ်ဖြတ်ရဆိုတဲ့ အမိန့်ကို ထုတ်ထားတယ်။

အထူးသဖြင့် ဖွတ်ပဲထင်တယ် အဲဒီဖွတ်တွေက သူတို့ဆီမှာ တော်တော်အမျိုးအစားများတယ် အဲဒီဖွတ်ကိုလည်း မသတ်ရဘူး သတ်ခဲ့ရင်သေဒဏ် ဒီလောက်အထိ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတယ်။ အဲတော့ ဖွတ်တွေက ကျောင်းထဲမှာရှောက်သွားနေတာ ဘုန်းကြီးတို့နိုင်ငံ ဆိုရင်တော့ကုန်ပြီ မျောက်တွေဆိုလည်းပေါသလားမမေးနဲ့ လူတွေသွားပြီဆိုရင် လိုက်ပြီး လက်တွဲပြီး လူတွေနဲ့အတူလိုက် လမ်းလျောက်ကြတယ် လျောက်ပြီးတော့ လက်ဝါးလေးတွေဖြန့်ပြီးတော့ စားစရာလိုက်တောင်းနေတယ်။ အဲဒီတော့ သူတို့ဆီမှာ ဒီမျောက်တွေ ငှက်လေးတွေ တိရိစ္ဆာန်လေးတွေကို မသတ်ရဘူးလို့ နှစ်ပေါင်းများစွာ ရာကျော်ပြီ အမိန့်ထုတ်ထားတော့ ဒီမျောက်သားကို စားရမယ်ဆိုတဲ့ စိတ်လည်းမဖြစ်ဘူး စားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်တဲ့ သဘောလည်းမရှိတော့ဘူး။

မျောက်တွေဘဲလားဆိုတော့ မဟုတ်ဘူး တခြားသတ္တဝါ လေးတွေကိုလည်း ဒီလိုပါပဲ။ အဲဒါကြောင့် မိမိတို့ရဲ့ စိတ်ကိုမိမိတို့ ဆန်းစစ်ကြည့် ကိုယ်ကဒီအဟာရအပေါ်၌ တွယ်တာမက်မောစိတ် သိပ်အားပြင်းနေရင်တော့ မကောင်းတော့ဘူး ဒီတွယ်တာမက်မောတဲ့ စိတ်တန်းလန်းနဲ့ ဘဝကိုအဆုံးသတ်သွားရင် ကောင်းရာသုဂတိ ဘယ်လိုမှမရောက်ဘူးလို့ ဘုရားရှင်က ဟောထားပါတယ် ဒါကြောင့် တွယ်တာမက်မောမှုကသာလျှင် တကယ်အညှီအဟောက် အစစ်ဖြစ်ပါတယ်။

ဖားအောက်တောရဆရာတော်ဘုရားကြီး

သတ္တဝါမှန်သမျှ ဘေးရန်ကင်း ကြပါစေ

Credit to original writer & post