ရန်ကုန်မြို့သစ်စီမံကိန်း နှင့် အကြွေးထောင်ချောက်

ရန်ကုန်မြို့သစ်စီမံကိန်း နှင့် အကြွေးထောင်ချောက်

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်တဲ့ အစည်းအဝေး မှာအမတ်တယောက်ရဲ့အမေး၊ရန်ကုန်ဝန်ကြီးချုပ်အဖြေ၊ ပြီးတော့ NYDC Chairman ရဲ့ ရှင်းလင်းချက်နဲ့ပတ်သက်တဲ့ Video File လေးတခုကိုကြည့်လိုက်ရတယ်။

မေးစရာရှိတာကို၊နေရာမရွေး၊ အချိန်မရွေးမေးနိုင်ပါတယ်၊ သိလိုတဲ့အချက်အလက်တွေကိုလဲ၊ ပေးနိုင်ပါတယ် လို့ ပြောတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို လေးစားပါတယ်။ ဘာမှကွယ်စရာ၊ ဝှက်စရာ မရှိတဲ့အကြာင်း၊ ပြည်သူ့ကို မျက်နာမူပြီး၊ နောင်နှစ်ပေါင်းများစွာကို ရည်ရွယ်ပြီးလုပ်တဲ့အကြောင်း၊ ယုံကြည်မှု့အပြည့်၊ အမျော်အမြင် အပြည့်နဲ့ ပြောသွားပါတယ်။
ဆိုတော့ကာ – စာနယ်ဇင်းလောကသားတွေ၊ ပြည်သူ့အတွက်၊ လိုအပ်တဲ့ အချက်အလက်တွေ၊ ရှာဖွေစုစောင်းဖို့၊ မေးမြန်း၊ ဖေါ်ထုပ်ပြီး၊ ပြည်သူကိုချပြပေးကြဖို့ ပဲကျန်တော့တယ်။ လုပ်ပေးဖို့လဲ
အနှုးအညွတ် မေတ္တာရပ်ခံပါတယ်။

အဲ့ဒီမတိုင်ခင် တရက်မှာ တရုပ်ရဲ့ အကြွေးထောင်ချောက်နဲ့ ပတ်သက်လို့ လဲ ကျွန်တော် ပိုစ်တခုတင်ခဲ့တယ်။ ထောင်ချောက်ထဲမိနိုင်ခြေရှိတဲ့ စာရင်းထဲမှာ ရန်ကုန်မြို့သစ်စီမံကိန်း လဲပါတယ်။ https://www.facebook.com/746299806/posts/10156568564639807?sfns=mo

NYDC Chairman ရဲ့ရှင်းပြချက်ကို ဒီလိုနားလည်ပါတယ်။ China Construction Communication Company (CCCC) ကုမ္မဏီကို လုပ်ငန်း ၆ မျိုးလုပ်ပိုင်ခွင့်ပေးမယ်။ NYDC challenge လုပ်ပြီး တော့လဲ Tender ခေါ်မယ်။ ကုမ္မဏီတွေကိုပြိုင်စေမယ်။ သို့သော် CCCC က၊ ကနဦးလုပ်ငန်းတွေ လုပ်ထားပြီးဖြစ်တဲ့အတွက်၊ တခြား ကုမ္မဏီက Tender အောင်လျင်၊ CCCC ကို သူ့ရဲ့ ကုန်ထားတဲ့ငွေတွေပေးရမယ်။ ဘာဘဲပြောပြော CCCC ဟာ ear-marked လုပ်ပြီးသား၊ လက်တို့ပြီးသားလို့ ပြောလို့ရတယ်။

ဒီစီမံကိန်းမှာ Phase 1 နဲ့ Phase 2 ဆိုပြီး၊ နှစ်ပိုင်းရှိတယ်။ Phase 1 အပိုင်း ၁ စီမံကိန်းအတွက်၊ ကုန်ကျမဲ့ငွေစုစုပေါင်း က US$ 1.8 billions ။ အဲ့ဒီငွေကို တရုပ်က စိုတ်ထုတ်မယ် အတိုး ၁၃% နဲ့ နှစ်ပေါင်း ၃၀ ကြာ။

မြန်မာဘက်က ပထမ Phase 1 အတွက် မြေဧက ၂ သောင်း စိုက်မယ်၊ အဲ့ဒီ Equity value ၊ တရုပ်ကို မြေ ရောင်းလိုက်တဲ့ငွေ က US$ 144 million၊ တဧကကို US$ 7200 နဲ့ရောင်းလိုက်တဲသဘော။ ဒီနေ့ပေါက်ဈေး ၁ ဒေါ်လာကို ၁၅၀၀ ကျပ်နဲ့တွက်လိုက်လျင် ၁ ဧက ကို ၁၀၈ သိန်းပတ်ဝင်းကျင်။

Phase 1 နဲ့ Phase 2 အတွက် စုစုပေါင်း ၁၆၈,၀၀၀ ဧက။ ၁ စတုရန်းမီတာကို ၅ ဒေါ်လာနဲ့ ရောင်းတာ။ ပြောတော့ ရန်ကုန်မြေဈေးက၊ အရမ်းကြီးတယ်၊ နယူးရောခ် တို့ တိုကျိုတို့ ရဲ့မြေ ဈေးနဲ့ နင်လားငါလားဆို။ လောလောလတ်လတ်၊ မြေဈေးတွေထိုးကျသွားတယ်ထင်ပ။

နှစ်ပေါင်း ၃၀ မှာ မြန်မာ က ၈% ရပြီး တရုပ်က ၉၂% ရမယ်။ အဲ့ဒီ ၈% က မြေစိုက်ထားလို့။ နှစ်ပေါင်း ၃၀ ပြည့်လို့ တရုပ်က အရင်း ကော အတိုးကော ရရှိပြီး မှ မြန်မာ က ၂၅% နဲ့ တရုပ်က ၇၅% ဖြစ်မယ်။ တကယ်လို့များ နှစ်ပြည့်တာတောင်၊ တရုပ်ကြီးက အရင်းမကျေသေးပါဘူးလို့ လုပ်လာလျင် ဘယ်လိုလုပ်ကြမလဲ။ ဖွဟဲ့ မဖြစ်ပါစေနဲ့။

ဥပမာ – နောင်မှာ နှစ် ၃၀ ပြည့်လို့ ဒီစီကိန်းနဲ့ပတ်သက်လို့ နိုင်ငံတကာ ရင်းနှီးမြုတ်နှံမှု့တွေဝင်လာမယ်၊ အဲ့ဒီဝင်လာတဲ့ငွေတွေအပေါ်ကနေ သူတို့က ၇၅% ယူမှာလား။ ၁၀ ဘီလီယံ ဝင်လာရင် ၇ ဘီလီယံခွဲသူတို့ကယူဦးမယ်။ အတိုးကော အရင်းကော ပေးပြီးသားကို။ အဲ့ဒီ ၇၅% ကဘယ့်အတွက် ကြောင့်သူတို့ကယူမှာလဲ၊ ဘယ်လောက်အထိလဲ။ သိပ်မဟုတ်သေးဘူးလို့ထင်တယ်။ ဒီဟာ အများကို ကြေလည်အောင်ရှင်းပြသင့်တယ်။

မြန်မာတွေ စေတနာကောင်းတယ်၊ အလှုအတန်းရက်ရောတယ်။ ဝေသန္တရာမင်းကြီး ဘယ်လောက် အလှုအတန်းရက်ရောလဲ၊ သူပိုင်တဲ့ သူ့သား နဲ့ သမီးကိုတောင် အလှုခံလို့ ပေးပစ်တယ်။ ဒါပေမဲ့ ပြည်သူပိုင်တဲ့ တိုင်းပြည်၊ မြေအစိတ်အပိုင်း၊ ပိုင်းခြားပြီးလှုခဲ့တယ်ဆိုတာ၊ ကျွန်တော် ဖတ်မိသလောက်တော့မရှိခဲ့ဘူး။

အတိုးကြီးကြီးနဲ့ငွေချေး၊ အပေါင်ရှုံးပစ္စည်းအဖြစ်၊ သူများအချုပ်အခြာအာဏာပိုင်ထဲက ရေသိမ်း၊မြေသိမ်း လုပ်နေ တဲ့ တရုပ်ရဲ Neocolonialism အကြံအစည်ကို ကမ္ဘာတဝှမ်းမှာလဲ၊ တဖြည်းဖြည်းနဲ့ ရိပ်မိလာပြီး၊ စိုးရိမ်မှု့ဒီရေ တိုးလာပါပြီ။ ကမ္ဘာတဝှမ်းမှာ ပေါက်ပေါက်ဖေါက်သလို၊ ဟိုမှာ ဒီမှာ ပြောနေကြပြီ၊ ဆိုနေကြပြီ။

အဲ့ဒီတော့၊ သိသိကြီးနဲ့ ဆက်တိုးမလား။ ခံထားရတာလဲမမှတ်၊ သူတို့နဲ့ပတ်သက်လို့ ယူစရာသင်္ခန်းစာ၊ ကိုယ့်စီမှာလဲ တပုံတပင်။ ကောင်းတာဘာတွေရသလဲ။ ရှိလျင်လဲ စာရင်းလေးတော့ တို့ပြ၊ မြင်ဖူးတယ်ရှိရအာင်။ ပြည်သူ့အတွက်ကောင်းတာတွေကိုပြောတာ။

ဝေးဝေး သွားကြည့်စရာမလို၊ မြစ်ဆုံဆည် နမူနာရှိတယ်။ လက်ပန်းတောင်းတောင်ရှိတယ်။ ကျောက်ဖြူ-ယူနန် ရေနံပိုက်လိုင်းရှိတယ်။ ဘာတွေပေးလို့၊ ဘာတွေယူထားမှန်း အခုထိမသိ၊ ဒေသခံပြည်သူတွေ ချမ်းသာသွားပဟ လို့လဲသဲ့သဲ့လေးမှ မကြားမိ။ ဒေသခံတွေနဲ့တရုပ်တွေ ချစ်ကြည်ရင်းနှီးစွာ ဒေသဖွံ့ဖြိုးရေးအတွက်၊ လက်ပွန်းတတည်း၊ လုပ်ကြကိုင်ကြတယ်ဟေ့ ဆိုတဲ့ ဖြစ်စဉ် ခပ်ရေးရေးလေးတောင် မတွေ့မိ။ လက်ငင်း ချက်ချင်း ရတာကတော့၊ ဒေသခံပြည်သူတွေရဲ့ ဒုက္ခ၊သုက္ခ၊ မြေရှုံး၊ယာရှုံး၊ တရုပ်မုန်းတည်းရေးနဲ့၊ ဆန့်ကျင်ရေး။ “ခရီးတွင်လို့မှ ရွာစဉ်မသိ” သေးလျင်တော့၊ သူခိုးဓါးရိုးကမ်း တယ်လို့ပဲ ဆိုရတော့မှာပ။

ကိုယ့်မှာရှိတဲ့ သင်္ခန်းစာ နဲ့ မလုံလောက်သေးဘူးလား။ ဘေးဘီလေး စောင်းငဲ့ကြည့်လိုက်တော့လဲ အောတိုက်။ မဟုတ်တယုတ် လုပ်ထားတာတွေ။

သူတို့တတွေဘယ်လို လုပ်ကြသလဲ🚫🔍

၁)မလေးရှား🔥
မလေးရှား ဝန်ကြီးချုပ်မဟာသီရာ မိုဟာမက်၊ သူအာဏာရလျင်ရခြင်း၊ ရှေ့လူ Najib အစိုးရရှုပ်ခဲ့တဲ့အထုပ်ဖြေဖို့၊ တရုပ်စီ အလျင်အမြန်သွားတယ်။

“Sorry ကျုပ်တို့ အဲ့ဒီလောက်ထိ မတတ်နိုင်ဘူး၊ ခင်ဗျားတို့အကြွေးထောင်ချောက်ထဲမှာလဲ အမိမခံနိုင်ဘူး၊ တံစို့မှာထိုးပြီး၊ ခင်ဗျားတို့အကင်ခံရမဲ့ငါးလဲ အဖြစ်မခံနိုင်ဘူး”

အဲ့ဒီလိုပြောပြီး၊ BRI စီမံကိန်းရဲ့ အပိုင်းတခုဖြစ်တဲ့ 20bn East Coast Rail Link ရယ် Sabah Province မှာ ရှိတဲ့ ရေနံပိုက်လိုင်း ၂ ခုကို ဖျက်ပစ်ပါတယ်။ အဲ့ဒီ Project တွေရဲ့ Contractor ဟာလဲ CCCC ပါဘဲ။

“ခင်ဗျားတို့ရဲ့ BRI နဲ့ပတ်သက်တဲ့ စာချုပ်တွေဟာ၊ လုံးဝတရားမျှတမှု့မရှိဘူး။ Najib နဲ့လဲ ငွေရေးကြေးရေးတွေ အတော်ကို ပွေပွေလီလီတွေ ခင်ဗျားတို့လုပ်ခဲ့တယ်၊ ခင်ဗျားတို့ လုံးဝ မတရား ဘူး။ ခင်ဗျားတို့ရဲ့လုပ်ရပ်ဟာ a new version of colonialism ဘဲ”

ပြောရဲဆိုရဲရှိလိုက်တာ။ မဟာသီရာ Chinese Premier Mr Li နဲ့တွေစဉ်၊ ရှင်းရှင်းနဲ့ ဘွင်းဘွင်း ပြောခဲ့တယ်။(Ref: 1 & 2)

၂)ပါကစ္စတန်🔥
အောက်တိုဘာ ၂၀၁၈ မှာ BRI အစီအစဉ်ရဲ့ US$ 8.2 billion တန်ဖိုးရှိ ရထားလမ်းစီမံကိန်းကို 6.2 billion အထိလျော့ချခဲ့ပါတယ်။ Karachi-Peshawar Main Line Project တခုဘဲချန်ထားပြီး၊ BRI နဲ့ပတ်သက်တဲ့ စီမံကိန်းတွေကို ဖျက်ပစ်မယ်လို့ ကြေညာခဲ့တယ်။

တရုပ်နဲ့ ပါကစ္စတန် တို့ရဲ US$ 60 Billion တန်ဖိုးရှိ China Pakistan Economic Corridor (CPEC) Project ထဲမှာပါတဲ့ ၁၄ Billion တန်ဖိုးရှိ Diamer-Bhasha Dam ရေအားလျပ်စစ် စီမံကိန်းနဲ့ပတ်သက်ပြီး

“ခင်ဗျားတို့သိပ်ပြီး ခေါင်းပုံဖြတ်လွန်းတယ်”

ဆိုပြီးဖျက်ပစ်လိုက်တယ်။ ပါကစ္စတန်ကို ချေးတဲ့ငွေတွေအပေါ် တရုပ်က ၈ – ၁၀% ယူပါတယ်။ (Ref:3)

၃)နီပေါ 🔥
တဆက်ထဲမှာဘဲ နီပေါကလဲ
“တရုပ်ကုမ္မဏီတွေ မမှန်မကန်လုပ်တယ်၊ ပြောတော့တမျိုး လုပ်တော့တဖုံ၊ မယုံရဘူး”
လို့ပြောပြီး Budhi Gandaki Hydroelectricity Dam Project လုပ်မဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ (Ref:3)

၎)သီရိလင်္ကာ🔥
သီရိလင်္ကာ ကတော့တရုပ်ရဲ့ အကြွေးထောင်ချောက်ထဲမိသွားပါပြီ။ အဲ့ဒီအကြောင်းကို အရင်ပိုစ့်မှာရေးခဲ့ပါတယ်။ အတိုးအရင်းပေါင်း US$ 13 billions တရုပ်ကို ပြန်မဆပ်နိုင်တောတဲ့အဆုံး Hambantota ဆိပ်ကမ်း နဲ့ မြေဧက ၁၅,၀၀၀ တရုပ်လက်ထဲကို နှစ်ပေါင်း ၉၉ နှစ် မင်းတို့လုပ်ခြင်ရာလုပ်တော့ဟေ့ ဆိုပြီး၂၀၁၇ ဒီဇင်္ဘာ မှာ တရုပ်လက်ထဲကို ဝကွက်အပ်လိုက်ရပြီ။ အဲ့ဒါကလဲ တရုပ်ရဲ့ CCCC ကုမ္ပဏီ ဘဲ။

Hambantota Port Project Phase 1 အတွက် တရုပ်က US$ 306 million ကို 6.3% အတိုးနဲ့ Repayment ပြန်ဆပ်ကာလ ၁၁ နှစ်နဲ့ ချေးတယ်။

သီရိလင်္ကာတောင် ချေးငွေ ၃၀၆ သန်း၊ အတိုး ၆.၃% ပြန်ဆပ်ကာလ ၁၁ နှစ် နဲ့တောင် အပေါင်ရှုံးခဲ့လျင် ကျွန်တော် တို့ ရန်ကုန်မြို့သစ်စီမံကိန်း က ချေးငွေ ၁.၈ ဘီလီယံ၊ ၁၃% အတိုးနဲ့၊ ပြန်ဆပ်ကာလ နှစ် ၃၀ ဆိုတော့၊ စာဖတ်သူသာတွက်ကြည့်တော့။ ဘယ်ကံကိုယုံပြီး ဘယ်ဆူးပုံကို နင်းကြဦးမလို့လဲ။ တော်ကြာနေ “ယာရှင်ကို မျောက်မောင်း” ဒါနင်တို့နဲ့မဆိုင်ဘူး၊ ငါတို့ဟာ၊ မလာနဲ့သွား ဆိုဘယ်လိုလုပ်ရပါ့။

အစကောင်းမှ အနှောင်းသေချာ တဲ့။ ဒီစီမံကိန်းတွေ မစခင်၊ မိမိတို နှပ်အပစ်မခံရအောင်၊ ဘက်ပေါင်းဆုံမှ စဉ်းစားသင့်ပါသည်။ “နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုသလိုမျိုးမဖြစ်စေခြင်ပါ။

နောက်ထပ်တခုကျန်နေသေးတယ်၊ ဆောက်တုန်းတန်းလန်း။ Colombo Port City Project၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ခပ်ဆင်ဆင်။ သူကတော့ ပယ်လယ်ကို မြေဖို့ပြီး မြေ ဟက်တာပေါင်း၂၃၃ ဟက်တာ ဖေါ်ထုတ်တယ်။ တဝက် သီရိလင်္ကာကိုပေးတယ်။ ၂၀၁၄ ကထဲကစနေတဲ့ စီမံကိန်း ၂၅ နှစ်ကြာမယ်၊ ပြီးဖို့၊ 15 Billions ကုန်မယ်။ အဲ့ဒီ ၂၃၃ ဟက်တာထဲကနေမှ တဝက် တိတိကို တရုပ်က ၁၃၄ နှစ်အထိပိုင်မယ်။ အဲ့ဒီအချိန်ကျလျင် သိရိလင်္ကာလဲ၊ တရုပ်နိုင်ငံရဲ့ Province ဖြစ်လောက်ပါပြီ။ Sri Lanka Province of China ဖြစ်လောက်ပါပြီ။ နောပ်ထပ် Hambantota ဆိပ်ကမ်းလို့ အဖြစ်ဆိုးနဲ့ ထပ်ကြုံမှာကို၊ သီရိလင်္ကာတွေ အရမ်းစိုးရိမ်နေကြတယ်။

ထိုအတူ ရန်ကုန်မြို့ သစ်စီမံကိန်းလဲ နောင် နှစ်ပေါင်း ၃၀၊ တရုပ်ရဲ့ အရင်း၊အတိုး ကျေ ကာလရောက်လျင် “Yangon City – Autonomous Region of China” မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာဘဲ။

အမေရိကန်ကလဲ တရုပ်ရဲ့ BRI စီမံကိန်းတွေနဲ့ပတ်သက်ပြီး၊
“ခင်ဗျားတို့ ဆင်းရဲတဲ့နိုင်ငံတွေကို မဟားဒယား ငွေတွေပတ်ချေးပေးပြီး၊ ပြန်မဆပ်နိုင်အောင် လုပ်နေတယ်”
ဆိုပြီး သတိပေးပြောကြားလိုက်ပါတယ်။ တရုပ်က အမေရိကန်ရဲ့ ပစ်တင်ဝေဘန်ချက်ကို ပယ်ချလိုက်ပြီး “ကျုပ်တို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမဲ့ဟာတွေလုပ်နေတာပါ” လို ပြန်လည် ချေပလိုက်ပါတယ်။ ( Ref:4)

“ကျွေးတင်ကျွန်ဖြစ်” ဆိုတဲ့စကားပုံဟာ၊ အလကားစကားပုံ၊ သာမန်ညောင်ညစကားပုံ၊ စာရေးသူတွေ ကလောင်ဆော့ခြင်လို့ သုံးတဲ့စကားပုံမဟုတ်ပါ။ သွေးထွက်အောင်မှန်တဲ့ ရှေးစကား ဖြစ်တယ်ဆိုတာ၊ အားလုံးကိုသိစေခြင်ပါသည်။ ကျွန်တော်တို့ တရုပ်ရဲ့ချေးငွေတွေနဲ့ပတ်သက်လို့၊ သတိကြီးကြီးရှိဖို့လိုပါတယ်။ ချေးထားမိလျင်လဲ ကြိမ်းသေပေါက် ပြန်ဆပ်နိုင်အောင် အစီအမံတွေထားရှိဖို့လိုပါတယ်။

ပြည်သူ၊ပြည်သား၊အားလုံးရဲ့စိတ်ထဲမှာ၊ မဟုတ်လောက်ဘူး၊အဌာမကျလောက်ဘူးဆိုလျင်၊ ဆိုစရာရှိကဆိုကြပါ။ ပြောစရာရှိကပြောကြပါ။ ရေးစရာရှိကရေးကြပါ။

သူစိမ်းတယောက် ရပ်ကွက်ထဲဝင်လာလျင်၊ အဲ့ဒီရပ်ကွက်ရဲ့ခွေးလေ၊ခွေးလွင့်၊ခွေးအကောင်းစား၊ခွေးဝဲစား၊ သူဌေးခွေး၊ သူဆင်းရဲခွေး၊ အလွှာစုံကခွေးတွေဟာ၊ တညီတညွတ်ထဲ၊ သူ့အသိစိတ်နဲ့သူ၊ မိမိရပ်ရွာ၊ ဘေးကင်းစေရန်အလို့ငှာ၊ ထိုသူစိမ်းရဲ့သရုပ်၊သဏ္ဍာန်၊ အဖြစ်သနစ်ကို ဖေါ်ထုပ်ဖို့၊ ရပ်ကွက်ကလူတွေသိစေဖို့၊ ဟောင်သူကဟောင်၊ဟိန်းသူကဟိန်း၊အူသူကအူ လုပ်ကြသေးလျင်၊ ကျွန်တော်တို့လူတွေကကော၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ကိုထိပါးစေနိုင်သော၊ တခြားနိုင်ငံသားတို့၏ သရုပ်၊သဏ္ဍာန်ကို၊ တနိုင်ငံလုံး သိစေဖို့အတွက်၊ ရေးသူကရေး၊မေးသူကမေး၊ အော်စရာရှိသူကအော်ရပေလိမ့်မည်။

ပြည်သူ တွေကလဲ ၊ ဒီလိုစီမံကိန်းတွေနဲ့ပတ်သက်ပြီး Challenge လုပ်ကြပါ။ ဆွေးနွေးကြပါ၊ မျက်စိတွေဖွင့်၊ နားတွေစွင့်ကြပါ။ နိုင်ငံရေးအသိ၊ စီးပွားရေးအသိ၊ အမျိုးသားရေး အသိ နဲ့ ကမ္ဘာကြည့် ကြည့်ကြပါ။

စတုတ္ထ မဏ္ဍိုင်၊ သတင်းမီဒီယာပိုင်းကလဲ ဒီလို Project ကြီး တွေအပါ် အာရုံစိုက် ပြီး Investigative Journalism အဖြစ် နဲ့ လုပ်ဆောင်၍ မမှန်မကန်ဆောင်ရွက်မှု့တွေကို လိုက်လံစုံစမ်း ဖေါ်ထုပ်ပြီး၊ ပြည်သူသိအောင် တင်ပြသင့်ပါတယ်။ အောက်ပါ အချက်များကို အားလုံးသိအောင် ဖေါ်ထုပ်ရေးသားပေးပါရန် တောင်းပန်အပ်ပါသည်။

1. ဘာကြောင့် အတိုးနှုန်းက ၁၃% ဖြစ်ရသလဲ
2. မည်သူက ပွဲစားလဲ၊ ပွဲစားခဘယ်လောက်ရလဲ
3. ဘာကြောင့်မြေကိုအောက်ဈေးနဲ့ရောင်းရသလဲ
4. တရုပ်ကိုပိုင်ဆိုင်မှု့ဘယ်နနှစ်အထိပေးထားသလဲ၊ နှစ်တရာအထိလား၊ ကမ္ဘာကုန်ကျယ်သ၍လား စသည်ဖြင့်ပေါ့
5. NYDC Challenge ကို တကယ် Challenge လုပ်နိုင်သော အဖွဲ့အစည်းရှိပါသလား သို့မဟုတ် Challenge မလုပ်စေနိုင်အောင် အစီအမံများချထားပါသလား

အခုအခါ ကမ္ဘာစီးပွားရေးကို စိုးမိုးရေး ဆိုတဲ့ တရုပ်ရဲ့ မဟာရည်ရွယ်ချက်ကြီးဟာ၊ သူတို့ရဲ့၊ အမြတ်ကြီးစားမှု့၊ အပေးအယူမျှတမှု့မရှိမှု့၊ သူများနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး အရေးမသာမှု့အပေါ်ကို အခွင့်အရေးယူပြီး၊ တဖက်စောင်းနင်းလုပ်မှု့၊ သူများနိုင်ငံ၏ အချုပ်အခြာကိုထိပါးစေသော ပြုမူဆောက်ရွက်မှု့တို့ကြောင့်၊ “စလယ်ဝင်ဖင်မမဲခင်” ကတည်းက ဟိုမှာကွဲ၊ ဒီမှာရှ ဖြစ်နေပြီး၊ BRI လမ်းတလျောက် နိုင်ငံတွေရဲ့ ယုံကြည်မှု့တွေ လျော့ပါးလာနေပါတယ်။ (Ref: 5)

“မြန်မာ့အခက်၊ တရုပ်အချက်” မဖြစ်စေဖို့၊ သက်ဆိုင်ရာ တာဝန်ရှိလူကြီးများနှင့်တကွ ပြည်သူအပေါင်းက သတိ ဝီရိယကြီးစွာ ပြုမူဆောင်ရွက်ကြရန်၊ နိုင်ငံချစ်စိတ်ဖြင့် နှိုးဆော် လိုက်ပါတယ် ခင်ဗျာ။

References:
1. https://www.reuters.com/article/us-china-malaysia/malaysias-mahathir-cancels-china-backed-rail-pipeline-projects-idUSKCN1L60DQ
2. https://www.abc.net.au/news/2018-08-21/mahathir-says-china-will-sympathise-with-malaysia-problems/10145750
3. https://www.voanews.com/a/three-countries-withdraw-from-chinese-projects/4148094.html
4. https://www.reuters.com/article/us-pakistan-silkroad-railways/pakistan-cuts-chinese-silk-road-rail-project-by-2-billion-due-to-debt-concerns-idUSKCN1MB2V8
5. economictimes.indiatimes.com/articleshow/61688830.cms?utm_source=contentofinterest&utm_medium=text&utm_campaign=cppst
6. https://www.google.com/amp/s/foreignpolicy.com/2018/07/31/will-djibouti-become-latest-country-to-fall-into-chinas-debt-trap/amp
7. https://issafrica.org/iss-today/lessons-from-sri-lanka-on-chinas-debt-t
8. https://www.economist.com/asia/2018/09/06/the-perils-of-chinas-debt-trap-diplomacy

Image Credit:Current Affairs Made Easy
Image Credit: NYCD