ရဲတပ်ဖွဲ့နှင့် ပြသနာဖြစ်သည့် မတူပီလူငယ်များကို တရားစွဲဆိုခြင်းကို ရုတ်သိမ်းပေးစေရန်တောင်းဆိုမည်

ရဲတပ်ဖွဲ့နှင့် ပြသနာဖြစ်သည့် မတူပီလူငယ်များကို တရားစွဲဆိုခြင်းကို ရုတ်သိမ်းပေးစေရန်တောင်းဆိုမည်

Salai Khup Khup

မတူပီမြို့တွင်ကျင်းပခဲ့သည့် ၇၁ ကြိမ်မြောက် ချင်းအမျိုးသားနေ့ညတွင် လူငယ်များနှင့်ရဲများအကြားပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူငယ်များမှ ရဲကားမှန်ကွဲစေခဲ့သည့် အမှုကိုမြို့နယ်ရဲစခန်းမှ အများပြည်သူပိုင်ပျက်စီးစေမှု ပုဒ်မ ၆၁ (က) ဖြင့်တရားစွဲထားပြီး အဆိုပါပုဒ်မဖြင့် တရားစွဲဆိုမှုသည် လူငယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်းနိုင်သည့်အတွက် အမှုရုတ်သိမ်းပေးစေလိုကြောင်းချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးဦးပိုင်ဟုန်ကပြောသည်။

ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးဦးပိုင်ဟုန်းက “ ကလေးတွေကလည်း ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက်စိတ်တိုလို့ ဖြစ်သွားတဲ့ အတွက်ကြောင့် ဒီမှာကတော့ မြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၆၁ (က) နဲ့ အမှုဖွင့်ထားပြီးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အဲဒီဟာကို ပြည်နယ်အစိုးရ ပြည်နယ်ရဲမှူးအထိ ရပ်မိရပ်ဖအနေနဲ့သွားပြီးမှ ဒီလိုမျိုးအဖြစ်ကို နောက်လူငယ်နဲ့ ရဲအကြားရန်ငြိုးမရှိအောင် ပူပေါင်းဆောင်ရွက်နိုင်အောင် တောင်းပန်ဖို့စီစဉ်နေတုန်းရှိတယ်။ အခုအချို့လူငယ်ကအချုပ်ထဲရောက်နေတဲ့လူငယ်တွေဆိုရင်ကျောင်းသားတွေလည်းရှိတယ်၊ကျောင်းပြီးခါစတွေလည်းရှိတယ်၊ အလုပ်ထဲဝင်တဲ့လူငယ်များလည်းရှိတယ်။ သူတို့ရဲ့ရှေ့လျှောက်ဘဝအတွက် ထောင်ဒဏ်က အနည်းနဲ့အများရှိတဲ့အခါ သူတို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျသွားမှာစိုးရိမ်ရတယ်၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ တရားလိုများအနေနဲ့ ဒီအမှုကို ဖြစ်နိုင်ရင်ရုပ်သိမ်းပေးလိုက်စေချင်တယ်ပေါ့”ဟုပြောသည်။

ဖြစ်စဉ်မှာ မတူပီမြို့နယ်ဖက်ရှိ ရွာဖက်က လူငယ်တစ်ယောက်မှ စင်ပေါ်မှ လုံခြုံရေးတာဝန်ကျနေသော ရဲကို အမျိုးမျိုးသွားနှောက်ယှက်ခဲ့ရာ စင်ပေါ်မှရဲမှ ဆင်းပြီး ရိုက်လိုက်သောကြောင့် လူငယ်မှာ ခေါင်းကွဲပြီးသွေးများထွက်ရာ လူငယ်များအားလုံးမှ ရုတ်တရက်စိတ်ဆိုးကြပြီး လူငယ် အယောက်၂၀၀ ကျော်လောက်မှ ဘောလုံးကွင်းအပြည့် ရဲများကိုဝိုင်းရန်ရှာခဲ့ကြပြီး ပွဲကျင်းရေးကော်မတီမှ ရဲများကိုကူညီ ကာကွယ်ပေးခဲ့ရကြောင်း၊ ပြသနာစရှာခဲ့သည့် လူငယ်ကို ယနေ့အချိန်ထိ ဖမ်းစီးမမိကြောင်း ဦးပိုင်ဟုန်းကပြောသည်။
ငလားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆလောင်းက “ပွဲဆိုတော့ လူငယ်သဘောသဘာဝပျော်ကြတာလေ၊ အဓိကတော့ အရက်ကြောင့်ဖြစ်တယ်။ အရက်သောက်ပြီးအပျော်လွန်လို့ဖြစ်သွားတာ ဖြစ်တယ်။ ဒီလိုနောက်မဖြစ်အောင် အသိပညာပေး သဘောအနေနဲ့ပဲလုပ်ပြီး ပြင်းပြင်းထန်ထန် အရေးမယူသင့်ဘူးလို့တော့ ကျွန်တော်ထင်တယ်။ အခုအဖမ်းခံရတဲ့လူငယ်တွေမှာ အဖမ်းမခံသင့်ပဲ အဖမ်းခံရသူတွေလည်းရှိနေတယ်။ အခု ဆယ်တန်းစာမေးပွဲကိုလည်း အချုပ်ထဲမှာ လူငယ်တစ်ယောက်က ဖြေနေရတယ်”ဟုပြောသည်။

လက်ရှိမတူပီရဲစခန်းတွင် လူငယ်အယောက် ၂၀ ကိုဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက် မတူပီ ရဲစခန်းမှ ပါဝင်ပတ်သက်သူ လူငယ်အားလုံးကို လိုက်လံရှာဖွေနေကြကြောင်း ဦးပိုင်ဟုန်ကပြောသည်။

ဦးပိုင်ဟုန်းက “ရုတ်တရက် ဖြစ်တဲ့ကိစ္စဖြစ်လို့ ကွဲသွားတဲ့ကားမှန်ကိုလည်း မတူပီမြို့မိမြို့ဖအားလုံးက ပြုပြင်ပေးသွားမယ်။ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက် ရှေ့ဆက်ကျွန်တော်တို့ ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါ ရှေ့လျှောက်လူငယ်ပါဝင်မှုအားနည်းသွားမှာစိုးလို့ရယ်၊ လူထုပါဝင်မှုအားနည်း သွားမှာဆိုးလို့ ကျွန်တော်တို့်ဆက်လက်တောင်းဆိုပေးဖို့ဖြစ်တယ်။ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ တရားလိုများအနေနဲ့ ဒီအမှုကို ဖြစ်နိုင်ရင်ရုပ်သိမ်းပေးလိုက်စေချင်တယ်ပေါ့။ နေ့ထူးနေ့မြတ်မှာ ဖြစ်သွားတဲ့ ပြသနာဖြစ်တဲ့အတွက် ဆက်လုပ်ဆောင်မဲ့လုပ်ငန်းတွေအတွက် အဟန့်အတားမရှိအောင် ကျွန်တော်တို့ကကြိုတင်ပြီးတော့တောင်းပန်ပေးဖို့၊ ဒါကရုတ်တရက်ဖြစ်သွားတဲ့ ကိစ္စဖြစ်တဲ့အတွက် မြို့ပေါ်ကလူငယ် ရွာဖက်ကလူငယ်တွေ အားလုံးနယ်ပေါင်းစုံက လူငယ်တွေပါနေတော့ အခုရဲတွေက လိုက်စုံစမ်းနေတယ်။ အယောက်၂၀၀ ကိုဖမ်းဖို့ကိစ္စက လွယ်တဲ့ကိစ္စလည်းမဟုတ်ဘူး”ဟုပြောသည်။

chin world