ဒါဖတ်ပြီးမှ မြ၀တီ-မဲဆောက် သွားလည်ပါ

ဒါဖတ်ပြီးမှ မြ၀တီ-မဲဆောက် သွားလည်ပါ

‘မြ၀တီ’ဆိုတာက မြန်မာပြည်ရဲ့အရှေ့တောင်တည်ရာ အရပ်ဒေသ၊ ကရင်ပြည်နယ်ရဲ့ ကားလမ်း အဆုံး နယ်စပ်၊ ခရိုင်ရုံးစိုက်တဲ့မြို့ပါ။ အဲဒီမြ၀တီမြို့ရဲ့ အရှေ့ဘက်ကပ်လျက်မှာက သောင်ရင်းမြစ်သာခြားတဲ့ ထိုင်းနိုင်ငံ ခြံစည်းရိုး၊ တာ့ခ် (TAK)ခရိုင်၊ မဲဆောက် (MAE SOT)ဆိုတဲ့ မြို့ရှိပါတယ်။ တာ့ခ်ခရိုင် ကိုးမြို့ထဲက သောင်ရင်းမြစ်နဲ့ ထိစပ်နေတဲ့ နယ်စပ် ငါးမြို့ထဲက တမြို့ပါ။ မကြာသေးခင်ကာလတခုကပဲ ကျွန်တော်နဲ့ နှစ်ပေါင်း (၂၀)ကျော်လောက် ခွဲခွာဝေးကွာနေခဲ့ရတဲ့ ကရင် ပြည်နယ် ဘားအံမြို့ကို တခေါက်တကျင်း ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နေထိုင်ဖြတ်သန်းခဲ့ဖူးတဲ့ ဟိုးကာလ ၁၉၉၆ ခုနှစ်ရဲ့ မိုးဦးကာလတွေဆီကို ကျွန်တော်ပြန်ပြီး မျှော်တမ်းကြည့်လိုက်တော့ ကြာအင်းဆိပ် ကြီးမြို့နယ်ရဲ့ အဇင်း၊ ကျိုက်ဒုံ၊ ကြိတ်ရွာ ဒေသတွေမှာ ကေအင်ယူနဲ့ န၀တအစိုးရ ‘လက်နက် နဲ့ငြိမ်းချမ်းရေး’လဲလှယ်ပြီးစ ကာလပါ။ အမှောင်ကြီးစိုးခဲ့ရတဲ့ နယ်မြေဒေသမှာ အလင်းရောင်ပွင့်လင်းစဖြစ်ပါတယ်။

ခုတော့ဖြင့် သွားလမ်းသာလို့လာလမ်းသင့်နေပါပြီ။ ဒါပေမဲ့လည်း မဲသဝေါဘက်မှာ ဖြစ်ပွားကြတဲ့ စစ်ပွဲတချို့ကြောင့် စစ်ဘေးရှောင်၊ မိုင်းရှောင်နေကြတဲ့ ဒေသခံသွေးချင်းတချို့ဟာ မြိုင်ကြီးငူဒေသဘက်ကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
ကျွန်တော်နေထိုင် ကျင်လည်ကျက်စားခဲ့ရဖူးတဲ့ ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်တွေတုန်းက ဘားအံအရှေ့ဘက်လမ်းတလျှောက် ကော့ကရိတ်နဲ့ မြ၀တီဘက်ကိုသွားဖို့ လုံးဝစိတ်မချရသလို၊ ကမမောင်းက ဖာပွန်ကို သွားဖို့ဆိုတာက လုံခြုံရေး ပိုပြီးစိတ်မချရပါဘူး။ ကမမောင်းရွာကနေပြီး ဖာပွန်အထိသွားတဲ့ကားလမ်း ကို အလောင်းတွေနဲ့ တန်းစီလိုက်ရင်တောင်ရနိုင်တယ်လို့ ပြည်တွင်းစစ်ပွဲတွေရဲ့ အတိတ်ဆိုးပဲ့တင်သံတွေကို ကြားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက သံလွင်မြစ်ဝှမ်း ကမမောင်းဆိပ်ကမ်းက သစ်ပင်ကြီးတပင်ရဲ့ ပင်စည်ကိုမှီပြီး မြိုင်ကြီးငူဆီကို မျှော်ငေးနေတဲ့ ကရင်လုလင်ပျိုလေးရဲ့ ကျွဲချိုတေးသံကို ဆွတ်ဆွတ်ပျံ့ပျံ့ ကျွန်တော် နားထောင်ခဲ့ရဖူးပါတယ်။ တမ်းတကြေကွဲ သံစဉ်တွေများလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နဲ့ ယခု ဘာမှ ထူးထူးခြားခြားမရှိလှသေးတဲ့ အခြေအနေပါ။

“ဘားအံမှ မြ၀တီ”

ပွင့်လင်းရာသီအစ ဒီသီတင်းကျွတ်က ဘားအံမြို့ကိုရောက်ခဲ့ပြီး မြို့ပေါ်ဘုရားစေတီကို ဖူးမြော်ကြလို့၊ ကျောက်ကလပ်စေတီနဲ့ ဇွဲကပင်တောင်ခြေက ဗောဓိတထောင်ဘုရားတွေ လှည့်လည်ဖူးမြော်ခဲ့ရတာ စိတ်အေးချမ်းသာစွာပါပဲ။ ဘားအံကနေ မြ၀တီကို ခရီးဆက်ဖို့စီစဉ်ခဲ့ပါတယ်။ ခရီးမဆက်ခင်မှာ လမ်းပန်း လုံခြုံအေးချမ်းမှုရှိရဲ့လားဆိုတာကို သတင်းစုံစမ်းခဲ့ရသေးတယ်။ တခေါက်မှမရောက်ဖူးသေးတဲ့ နယ်မြေ ဒေသမို့ လက်ရှိအခြေအနေတွေက မစုံစမ်းလို့မဖြစ်ပါဘူး။ တနေ့ရွှေ တနေ့ငွေဖြစ်တတ်တဲ့သဘာဝကို ခေတ်က သင်ကြားပေးထားခဲ့လို့ တချက်သတိလစ်လို့ မရပါဘူး။ ဒါနဲ့ ဘားအံက မြ၀တီခရီးဆက်ခဲ့ပါတယ်။ အိန္ဒု၊ လွန်းည၊ ဂျိုင်း၊ ကျုံဒိုး၊ ကော့ကရိတ်အထိ မူလကားလမ်းအဟောင်းအတိုင်းပါပဲ။ ပတ်ဝန်းကျင် တောတောင်လယ်မြေတွေ စိမ်းစိမ်းဝေေ၀နဲ့ အေးအေးချမ်းချမ်းပါပဲ။ လမ်းဘေးဝဲယာက ကရင်သွေးချင်းရွာ ကလေးတွေလည်း ငြိမ်းချမ်းလို့ပါ။

“လမ်းသစ်စပြီ”

ကော့ကရိတ်မြို့ဝင်ခါနီးမှာတော့ ကားလမ်းဟောင်းကနေခွဲထွက်ပြီး ကားလမ်းအသစ်ကို မြ၀တီကို ဆက်လက် ခရီးနှင်ခဲ့ကြပါပြီ။ ထိုင်းနိုင်ငံက ဖောက်လုပ်ပေးထားတဲ့လမ်းတဲ့။ အာရှစီးပွားရေးမဟာဗျူဟာ လမ်းဆိုလားပဲ။ လမ်းကဖြူးပြီး ညက်နေတာပါ။ ကားဆိုတာ မောင်းလို့မောင်းနေမှန်းမသိအောင်ကို သက်သောင့်သက်သာ ရှိလှပါတယ်။ (ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မျက်ရည်ကျလောက်တဲ့လမ်းပါ။) မြ၀တီရောက်တဲ့အထိ ခလုတ်မထိ၊ ဆူးမငြိပါ။ (ဒီလိုရေးပြ နေရတာက အဲဒီဘက်ကို မရောက်ဖူးသေးကြတဲ့သူတွေအတွက်ရော၊ ရောက်ဖူးသူတွေအတွက်ပါ လိုအပ်မယ်ထင်လို့ပါ။ စိုးရိမ်ဖို့မဟုတ်ပါဘူး။ ရန်ကုန်ပြန်ရောက်တော့ မိတ်ဆွေတွေ က ”အဲဒီဘက်အေးချမ်းရဲ့လား၊ တိုက်ပွဲတွေဖြစ်နေတယ်ဆို”လို့မေးကြလို့ပါ။)

“မြ၀တီမှ မဲဆောက်”

မြ၀တီရောက်ပြီဆိုတာနဲ့ မူလကတည်းကလည်ပတ်ဖို့ စိတ်ကူးထားခဲ့တဲ့ တဖက်နိုင်ငံ မဲဆောက်ကိုသွားဖို့ စီစဉ်ရပါတယ်။ အဲမှာတင် ဘာစကြားရသလဲဆိုတော့ ”မဲဆောက်မှာ အလောင်းဘုရား ဦးအောင်ဇေယျရုပ်တုရှိတယ်။ အဲဒီရောက်အောင်သွား”တဲ့။ ဒီစကားကြားရတော့ ကျွန်တော်နောက် ကြောင်းရာဇ၀င်ကိုပြန်ပြီးစဉ်းစားခန်းဝင်ခဲ့ရပါတယ်။ ကျွန်တော် မှတ်ဖူးကြားဖူးသလောက်တော့’မဲဆောက်’ မှာ ဦးအောင်ဇေယျရုပ်တုရှိတယ်လို့ မကြားဖူး မမှတ်ဖူးပါဘူး။ (သူတို့တိုင်းပြည်ကရော ဦးအောင်ဇေယျကို ရုပ်တုလုပ်ပြီး ကိုးကွယ်မှာတဲ့လား။ ရှင်းပါတယ်။)
ကိုယ့်နိုင်ငံနဲ့ ခြံစည်းရိုးကပ်နေတဲ့ တဖက်အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေကို ရောက်ဖြစ်တဲ့အခါတိုင်း ကျွန်တော့်မှာခံစားမှုတခုရှိပါတယ်။ ကိုယ့်မြေနဲ့သူ့မြေ ဘာတွေများကွာခြားသလဲ။ သူ့မြေမှာ ဘာပန်းတွေပွင့်လို့ ဘာစခန်းတွေဖွင့်နေသလဲ။ ဘာလမ်းတွေသင့်နေသလဲ အလွန်သိချင်ပါတယ်။ ထိုင်းနိုင်ငံ ဘယ်လောက်ပဲတိုးတက်နေတယ်ဆိုဆို ပဒေသရာဇ်ခေတ်ထဲမှာပဲ ကျန်နေပါသေးတယ်။ ”မှန်ပါ့ ဘုရား”ခေတ်စနစ်ကြီးအောက်မှာပါပဲ ရှိနေပါသေးတယ်။ ဒီတော့ မြ၀တီရောက်လို့ အခါအခွင့်သင့်တုန်း ‘မဲဆောက်’ဆိုပြီး နာမည်ကြီးနေတဲ့ စီးပွားရေးအရှေ့တံခါးဝကို ကျွန်တော့်လက်နဲ့ တဒုန်းဒုန်းရိုက်ပုတ်ဝင်လိုက်ပါသည်။

“ဖဝေါရုပ်တုတွေ့ပြီ”

ချောင်းသာသာရှိတဲ့ သောင်ရင်းမြစ်ရဲ့ မြစ်ကူးတံတားကျော်ဖြတ်လိုက်ရုံနဲ့ မဲဆောက်မြို့ပေါ်ခြေချပါပြီ။ အဲဒီကနေ ဆယ်မိုင်ကျော်လောက် ဆက်သွားတော့ မဲဆောက်ပြီး အရှေ့ဖျားရောက်ပြီး ဖဝေါရုပ်တုကို တွေ့ရပါတယ်။ အဲဒီရုပ်တုထားတဲ့ အဆောက်အဦရဲ့ နောက်ကျောဘက် ခပ်လှမ်းလှမ်းမှာ အမြင့်ပေ လေးငါးရာလောက်ရှိတဲ့ တောင်ထွတ်တခု၊ ကျောက်တောင်တခုထင်ပါရဲ့။ (ဖဝေါရုပ်တုဆိုတာကို နောက်မှ သိရတာပါ။) ရုပ်တုအဆောက်အဦရှေ့နားမှာ ယိုးဒယားဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တခုတွေ့ရပါတယ်။ အဲဒီရုပ်တုရှေ့မှာတော့ သူ့နိုင်ငံကလူတွေ လာရောက်ပြီး ပန်းနဲ့သစ်သီးတွေ ပူဇော်နေကြတာတွေ့ရသလို၊ ဖဝေါရုပ်တုရဲ့မျက်နှာကိုပဲ ချန်ထားပြီး တကိုယ်လုံးမှာ ရွှေတွေချထားပါတယ်။ ရွှေကပ်လှူနေတာလည်းတွေ့ ရပါတယ်။ သူတို့ဒီရုပ်တုကို ကိုးကွယ်ရှိခိုးနေကြတာပါ။ ကျွန်တော်ကတော့ ရုပ်တုနားကပ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ရုံပါပဲ။ ဘာမှန်းမသိ ညာမှန်းမသိသေးတာကိုး။

မဲဆောက်ကိုသွားဖို့ဆိုပြီး ကျွန်တော်တို့ငှားလာတဲ့ကားက ယာဉ်မောင်းကလည်း မြ၀တီကပါ။ ဧရာဝတီတိုင်းသားဇာတိ မြန်မာတဦးပါပဲ။ မဲဆောက်ကို အခေါက်ခေါက်အခါခါ ကားအငှားလိုက်နေတဲ့သူပါပဲ။ ဖဝေါရုပ်တုကို ဦးအောင်ဇေယျရုပ်တုပဲလို့ သူက တပ်အပ်ပြောနေပေမဲ့ အခြားဘာမှမသိပါဘူး။ စူးစမ်း လေ့လာမှုမရှိပါဘူး။ မြ၀တီမှာ အခြေချနေထိုင်တာလည်း ကြာလှပြီဆိုသေး။ ဒီနေရာကို ဦးအောင်ဇေယျ ရုပ်တုရှိတယ်ပြောပြီး လိုက်လိုက်ပို့နေတာ အကြိမ်နည်းမှာ မဟုတ်တော့ဘူး။ ဒီရုပ်တုကို ကျွန်တော်မြင်တွေ့ခဲ့ရပေမဲ့ သဘော မတွေ့ပါ။ ဦးအောင်ဇေယျရုပ်တု မဖြစ်နိုင်ဟုသာ စိတ်ထဲထင်နေပါသည်။ ဒီရုပ်တု ဘာဆိုတာရှင်းပြမယ့်သူလည်း မရှာခဲ့မိဘူး။

“ဖဝေါ (သို့မဟုတ်) မောင်နီ”

မဲဆောက်နေ့ချင်းပြန်ခရီးမို့ အချိန်မရခဲ့လို့ ဒီရုပ်တုကိစ္စကြီးက မရှင်းမရှင်းနဲ့ ကျွန်တော့်ခေါင်းထဲ စွဲလာပါတယ်။ ကျွန်တော် မြ၀တီပြန်ရောက်တော့ မြ၀တီနယ် စာရေးဆရာအသင်းဥက္ကဋ္ဌနဲ့ဆုံတွေ့ပြီး သူ ဆက်သွယ်ပေးလို့ ဦးအောင်တင်ဝင်းဆိုသူနဲ့ ဖုန်းအဆက်အသွယ်ရခဲ့ပါတယ်။ ဦးအောင်တင်ဝင်းဆိုတာက ကျိုက်မရောမြို့နယ် ကတိုးကော့နှပ်ကျေးရွာဇာတိပါ။ မြ၀တီမြို့မှာ အခြေချနေထိုင်တဲ့သူဖြစ်ပြီး မြ၀တီမြို့ရဲ့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (Township Border Committee) TBC မှာ တရားဝင် မြန်မာ- ထိုင်း ဘာသာပြန်တဦးလို့ သိရပါတယ်။ ဦးအောင်တင်ဝင်းကို မေးမြန်းကြည့်တော့မှပဲ ရင်ထဲရှင်းသွားပါတယ်။ ဒါကို ကျွန်တော် ဆောင်းပါးရေးမယ်လို့ပြောပြတော့ ”ဆရာတို့ရေးမှပဲ လူတွေသိကြမှာပါ”လို့ တိုက်တွန်းအားပေးပါတယ်။ သူကလည်း မော်လမြိုင်ကပြန်အလာ ကျွန်တော်ကလည်း မြ၀တီက ရန်ကုန်ပြန်ဖို့ ပြင်ဆင်နေရချိန်ဖြစ်နေလို့ လူချင်းအချိန်မရတော့လို့ မတွေ့ဆုံဖြစ်ခဲ့ပေမဲ့ ဖုန်းနဲ့ပဲ အတော်ကြာကြာမေးမြန်းခဲ့ရပါတယ်။ ကျွန်တော် ရန်ကုန်ပြန်ရောက်တော့လည်း ဦးအောင်တင်ဝင်းဆီ သိချင်တာတွေ ထပ်မေးရပါတယ်။ စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဦးအောင်တင်ဝင်းကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဒီနေရာကပဲ မှတ်တမ်းတင်လိုက်ပါရစေ။ သူ ရှင်းပြတာက ‘ဖဝေါ’ဆိုတာ မြန်မာလို ‘မောင်နီ’၊ ကရင် လူမျိုးထိုင်းနိုင်ငံသားစစ်သားတဦးပါ။ ရှေးခေတ် ယိုးဒယားစစ်သည်ဆက်သားတဦးတဲ့။ အခု ဖဝေါရုပ်တု နောက်နားဆီက ကျောက်တောင်ထွတ်ပေါ်ကနေပြီး ရန်သူ တပ်အလာကို မျှော်ကင်းလုပ်ပြီး စောင့်ကြည့်ရသတဲ့။ ရန်သူတပ်လာတာကို လှမ်းမြင်ရပြီဆိုရင် အဲဒီတောင်ထိပ်ပေါ်ကဆင်းလာပြီး မိုင်(၄၀) လောက် ဝေးတဲ့ သူ့ရဲ့တပ်စခန်းရှိရာ (TAK) တာ့ခ်မြို့ကို မြင်းစီးပြီး အမြန်သတင်းပို့ရတဲ့ မြင်းစီးဆက်သား။ (ရန်သူတပ်ဆိုတာကလည်း အလောင်းဘုရား ဦးအောင် ဇေယျရဲ့ မြန်မာတပ်ဖြစ်ဖို့ပဲ ရှိပါတယ်။)

ဖဝေါ (မောင်နီ)သေတော့ နတ်စိမ်းဖြစ်တယ်လို့ ယုံကြည်ကြပြီး ရုပ်တုလုပ်၊ နတ်ကွန်းဆောက်ပေးခဲ့တာပါတဲ့။ အခုတွေ့ရတဲ့ ဖဝေါရုပ်တုထားရှိတဲ့ အဆောက်အဦရှေ့က ထိုင်းဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို ဘာရေးထားတာလဲလို့ ဦးအောင်ဝင်းကို ကျွန်တော် မေးကြည့်တော့ –
”ဖဝေါဘိုးဘိုးနတ်ကွန်း”ပါတဲ့။

ဖဝေါက ကြက်ဝါသနာအိုးမို့ သူ့နတ်ကွန်းရှေ့မျက်နှာစာမှာ ကြက်ရုပ်တုပေါင်းမြောက်မြားစွာ ထုလုပ်ထားပြီး ပန်းခြံသဖွယ်လုပ်ထားတဲ့ နတ်ကွန်းပါ။

နတ်ကွန်းဆိုင်းဘုတ်ရဲ့ရှေ့နားမှာတော့ မြင်းဖြူရုပ်တုနဲ့ ဓားကိုင်ထားတဲ့ ဖဝေါရုပ်တုကို ယှဉ်တွဲထားပါတယ်။ မြင်းသည်တော်ဆက်သားဖဝေါနဲ့ သူ့ခြေမြန်တော်မြင်းဆိုတာ ပေါ်လွင်လာပါပြီ၊ ယုတ္တိရှိလာပါပြီ။ အဲဒီ ဖဝေါဘိုးဘိုးကို ပူဇော်ပ,သရင် စီးပွား လာဘ်လာဘ တိုးတက်တယ်အယူရှိကြလို့ ဒေသခံ ထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားတွေ လာရောက်ကန်တော့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ ‘ဖဝေါ’ဟာ ယိုးဒယား စစ်သားတယောက်ဖြစ်လို့ သူ့နတ်ကွန်းမြေအတွင်းကို သေနတ်တလက်ပါလာရင် ကိုင်ဆောင်ခွင့်ပြုပြီး သေနတ်ပစ်ဖောက်ခွင့်ပေး၍ ပူဇော်ခြင်း၊ သေနတ်မပါခဲ့ရင် ဗြောက်အိုးများပစ်ဖောက်ခွင့်ပေးပြီး ပူဇော်ခြင်း များပြုလုပ်ကြတယ်လို့လည်း သိရှိရပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာပဲ ဗြောက်အိုးပစ်ဖောက်သံတွေ နတ်ကွန်းအနီးမှာ ဆူညံနေအောင် ကြားခဲ့ရပါတယ်။

(၁၉၉၁ ခုနှစ်က ကျွန်တော် ကော့သောင်းမြို့ရောက်ခဲ့စဉ် ထိုင်းငါးဖမ်းလှေတွေဟာ ဗြောက်အိုးတွေ ပစ်ဖောက်ပူဇော်ပြီးမှ ငါးဖမ်းထွက်ကြပါတယ်။ လာဘ်လာဘငါးများများရအောင် ဗြောက်အိုးပစ်ဖောက်ပူဇော် ကြတဲ့သူတို့ ရိုးရာဓလေ့ပါပဲ။)

“ခရီးသွားလုပ်ငန်းကြော်ငြာတွေရဲ့ လှည့်စားမှုလား”

မြန်မာပြည်ရဲ့ဥတုသုံးလီထဲက မိုးဥတုကုန်ဆုံးလို့ ပွင့်လင်းရာသီဘာ ၄ ဘာဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ကလေးတွေ သီတင်းကျွတ်ကျောင်းပိတ်ရက်၊ တန် ဆောင်တိုင်ပွဲတော်ရက်တွေနဲ့ ဘုရားဖူးထွက်ကြ၊ မိသားစုလိုက် အဖွဲ့လိုက်တွေ အလည်အပတ်ခရီးစဉ်တွေ စီစဉ်ကြတာမို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ အကြိုက်တွေ့တဲ့ရာသီပါပဲ။ သူတို့တွေ အကြိုက်တွေ့ အမြတ်ငွေတွေ ပွေ့ပိုက်ကြမှာက အကြောင်းမဟုတ်။ သူတို့ဆွဲဆောင်တဲ့ ကြော်ငြာတွေက အကြိုက်မတွေ့စရာ ပါလာတာ တွေ့ရတာကအကြောင်းပါ။

”မြ၀တီ-မဲဆောက်’ခရီးစဉ်ကြော်ငြာတွေပါ။ သတင်းစာတွေမှာရော FB တွေမှာပါ ပလူပျံနေတော့တာပါ။ အဲဒီကြော်ငြာတွေမှာ ‘မဲဆောက်က ဦးအောင်ဇေယျနတ်နန်း’နဲ့ အခြားနေရာတွေကို လည်ပတ်ကြဖို့ ဆွဲဆောင်ထားတာတွေ့တွေ့နေရပါတယ်။ ယိုးဒယား သမိုင်းနဲ့ ကျွန်တော်တို့’အလောင်းဘုရားဦးအောင် ဇေယျ’ကို မြန်မာတွေ သမိုင်းနဲ့ချီပြီး သိထားတဲ့ကိစ္စကို ခုတုံးလုပ်ပြီး လှည့်ဖြားထားတယ်လို့ ကျွန်တော် တွေး ကြည့်မိပါတယ်။ လွယ်လွယ်လေးပါ။ ယိုးဒယားက မြန်မာအလောင်းဘုရား ဦးအောင်ဇေယျကို ရုပ်တုလုပ်ပြီး ကိုးကွယ်ထားပါ့မလား၊ ဒီလောက်ပဲ ပြောပါရစေ။ ပြည်သူတွေကို မလှည့်ဖြား မလှည့်စားပါနဲ့လို့ ပြော ချင်ပါတယ်။

“ဘုမသိ ဘမသိ”

‘မြ၀တီ’ရောက်လို့ ‘မဲဆောက်’ကို အထင်တကြီးနဲ့ သွားကြမယ့် ကိုမြန်မာတွေ ဘုမသိဘမသိနဲ့ ဖဝေါရုပ်တုကို ဖင်ဗူးတောင်းထောင်ပြီး ကန်တော့ကုန်ကြရင်ဖြင့် ခက်ကုန်ကြပါလိမ့်မယ်။ ဒါကို ဟိုတယ်/ ခရီးဌာနနဲ့ တာဝန်ရှိသူတွေက လက်ပိုက်ကြည့်နေတော့မှာလား။ မြ၀တီ ‘လ၀က’နဲ့ မဲဆောက် ‘လ၀က’ကတော့ အိုကေမှာ စိုပြည်လျက် Special Pass (SP) တွေလုပ်ပေးပြီး စေတနာရေစီးကမ်းပြိုလျက်ပါပဲ။ ခရီးသွားတွေကတော့ SP အတွက်လည်း ခံကြပေရော့ပဲ။ ကျွန်တော်ကတော့ ဆိုင်ရာပိုင်ရာနဲ့လုပ်လိုက်လို့ SP အတွက် အကုန်အကျ မရှိခဲ့ပါဘူး။ ယိုးဒယားဘက်မှာတော့ ကားတစီး ဘတ် ၁၀၀ ပူဇော်ရပါတယ်။ ဟိုဘက်ကား ဘယ်နှစီးထွက်လဲ၊ တွက် ကြည့်ကြပေတော့ အရပ်ကတို့။

(တောင်တွင်းမောင်သင်းကျော်)

စာကြွင်း –
ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ၊ ခရီးသွားလမ်း ညွှန်တွေအနေနဲ့ မဲဆောက်မှာ ဦးအောင်ဇေယျနတ် နန်းရှိတယ်ဆိုတာ မှန်တယ်ဆိုရင် ဓာတ်ပုံအထောက် အထားယုတ္တိတန်တဲ့အကြောင်းအချက်တွေနဲ့ ကြော်ငြာဖော်ပြပေးစေလိုပါတယ်။ ကျွန်တော်တို့ မှတ်သားထားချင်လို့ပါ။ အရင်းအမြစ် (SOURCE) ကိစ္စ တွေဟာ ဘယ်ဘာသာရပ်မှာမဆို အလွန်အရေးကြီးပါတယ်။ ပေါ့ပေါ့တန်တန်လုပ်ကြရင်ဖြင့် သမိုင်းတွေ ကျွမ်းထိုးမှောက်ခုံဖြစ်နိုင်ပါတယ်။ ပြီးတော့ ရှိသေးတယ်။ ‘မြ၀တီ-မဲဆောက်သို့ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာလည်ပတ်မှုများပြား’ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပြည်တွင်းရေးရာသတင်းအမြစ် အစိုးရ သတင်းစာတစောင်မှာ လွန်ခဲ့တဲ့ တလလောက်ကရေးထားတဲ့ သတင်းတပုဒ်ကို ဖတ်ရပြန်ပါသေးတယ်။ ခရီးသွားအများစုဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဓိက ဦးအောင်ဇေယျနတ်နန်း၊ ရွှေကျောင်း၊ နဂါးဂူတွေကို သွားရောက်လည်ပတ်ကြတယ်လို့ ခရီးသွား ပို့ဆောင်ရေး လုပ်ကိုင်ပေးနေသူ ဦး—က ပြောကြောင်း၊ အထင်ကရ နေရာ (၁၁)နေရာကို တရက်တာခရီးစဉ် ကျပ်ငွေ ၁၂၀၀၀၀ိ နှုန်းသာကျသင့်ကြောင်း ရေးသားတဲ့ ကြော်ငြာသတင်းတပုဒ်ကို ဖတ်လိုက်ရတော့ သတင်းစာမှာ သတင်းတွေက ဒီလိုလည်းရှိပါလားလို့ အံ့သြရပါတယ်။ ဒါ စာနယ်ဇင်းကျင့်ဝတ်လို့တော့ မစွပ်စွဲရက်ပါဘူး။

(စာရေးသူ) news ThanbyuzayatWatch
Via ThaphyoNaing