ကြွားချင်လွန်းလို့ပါ

ကြွားချင်လွန်းလို့ပါ

ကမ္ဘောဇဘဏ်သူဌေးကြီး သူဘယ်လောက်ချမ်းသာတယ်လို့ မကြွားဘူး၊ ထူးကုမ္ပဏီ၊ အေးရှားဝေါ ကုမ္ပဏီ ပိုင်ရှင်ကြီးတွေ မကြွားဘူး။ တကယ့်ကို ချမ်းသာပါတယ်ဆိုတဲ့လူတွေ ဘယ်တော့မှမကြွားဘူး။ ပြည့်တဲ့အိုး တွေက မကြွားဘူး၊ မပြည့်တဲ့အိုးတွေကပဲ ကြွားတာလို့ ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ ကြွားတယ်။

ကားလေးတစ်စီးပေါ် တက်ခွရရင် အဲဒီကားလေးနဲ့ဓာတ်ပုံရိုက်တင်ပြီးကြွားတယ်။ ကားတစ်စီးပေါ် တက်ခွရဖို့ ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ခင်ဗျားမှာ ထိုက်သင့်တဲ့ငွေကြေးသာမရှိကြည့်၊ ဆိုင်ကယ်ပေါ် တက်ခွရင် တောင်မှ ငါ့ဆိုင်ကယ်ထိခိုက်ပျက်စီးလိမ့်မယ်လိုပြီး ပိုင်ရှင်က ပြောမှာ။ သွားစရာမရှိလို့ ခဏလောက် ငှားပါလို့ပြောရင် ပိုဆိုး။ ခင်ဗျားတို့က ငှားစီးတဲ့အချိန် မျက်နှာငယ်ရတဲ့အကြောင်းကို မသိဘူး၊ ကျွန်တော် ကတော့ သိတယ်။ အဲဒါမို့ စီးရတဲ့အချိန် ကျွန်တော်ကြွားတယ်။

ကော်ဖီတစ်ခွက်၊ အထုပ်လေးဝယ်ပြီး အိမ်မှာသောက်ရင် ၂၅၀ ကျပ်ပဲ ကုန်တယ်။ ဆိုင်မှာ ၅၀၀၀ ပေးပြီး သွားသောက်တဲ့အချိန် ကျွန်တော်ကြွားတယ်။ ဒီတိုင်းသောက်ရင်ခါး၊ နို့နဲ့သကြားအကုန်ထည့်ရင် ချိုပြစ်ပြစ်ဖွယ် တယ်တယ်နဲ့ ဘာအရသာမှမရှိတဲ့ ကော်ဖီကို ကျွန်တော်ဘာလို့ ပိုက်ဆံအကုန်ခံပြီး သွားသောက်တယ် မှတ်လို့ တုန်း။ ကျွန်တော် ကြွားချင်လို့။

အကျီင်္ဘောင်းဘီတွေ လူတိုင်းမှာ ရှိတယ်။ အချိန်တန်ဟောင်းသွားမှန်းသိသိနဲ့ တစ်ထည်ကို သောင်းဂဏန်း၊ သိန်းဂဏန်း ပေးဝယ်တယ်။ သန့်သန့်ပြန့်ပြန့်နဲ့ဝတ်လို့ကောင်းတဲ့ အကျီင်္ထောင်ဂဏန်းတန်တွေ အများကြီးရှိ ပါလျက် ဈေးကြီးပေးပြီး ၀ယ်တာ ကျွန်တော်ကြွားချင်လို့။ တစ်နှစ်လောက်စုပြီးမှ ၀ယ်ရတဲ့အကျီင်္ ဈေးနှုန်း မပြောဘဲနေရင် ခင်ဗျားတို့သိမှာမှ မဟုတ်တာ။

တိုက်ခန်းတစ်ခန်းမှာ မိသားစုပြွတ်သိပ်နေရတဲ့လူတွေ၊ နယ်က ထရံကာအိမ်လေးမှာ နေရတဲ့သူတွေ၊ အနေဆင်းရဲလွန်းလို့ ဘယ်လောက်စိတ်ညစ်ရလဲဆိုတာ ခင်ဗျားတို့ သိချင်မှသိလိမ့်မယ်။ အဲဒီတော့ အိမ်သစ်၊ အိမ်ကောင်းလေးတွေမှာ နေရတဲ့အချိန် ကျွန်တော်ကြွားတယ်။ ခင်ဗျားတို့အတွက်က သာမန်၊ ကျွန်တော့် အတွက်က အဲဒါ နိဗ္ဗာန်ဘုံလိုပဲ။

ပြီးတော့ အစားအသောက်တွေ။ အိမ်မှာစားရင် ထောင်ဂဏန်းနဲ့တစ်မိသားစုလုံး စားလို့ရပေမယ့် ဈေးကြီးပေးပြီး ဆိုင်မှာ သွားစားတယ်။ အစားကောင်းစားရရင် ငါဒီလိုစားနေပါလားဆိုပြီး မိတ်ဆွေတွေကို ပြချင်တယ်။ အဲဒီ တော့ ကျွန်တော်ကြွားတယ်။

ခရီးတွေသွားရင် ကျွန်တော်ကြွားတယ်။ ရုံးနဲ့အိမ် ပတ်ချာလည်လိုက်နေလို့ မြို့ထဲကမြို့ပြင်တောင် မရောက်ဖူး တဲ့သူတွေ တစ်ပုံကြီး။ ကျွန်တော်က မြို့ခြားနယ်ခြားကို ခရီးသွားနိုင်လို့ ကြွားတယ်။ ဟိုတယ်ကြီးတွေမှာ အိပ်ရရင်လဲ ကြွားတယ်။ တစ်သောင်းလောက်ပေးပြီး တည်းခိုခန်းမှာ အိပ်လို့ရပါလျက်နဲ့ ငါးသောင်းတစ်သိန်းအကုန်ခံပြီး ဟိုတယ်ကြီးတွေမှာ သွားအိပ်တာ ဘာကြောင့်လို့ထင်နေတုန်း။ ဒါတောင် နိုင်ငံခြားတွေ မသွားရသေးလို့၊ သွားလို့ကတော့ စပျစ်သီးခိုင်လို ပုံတွေအပြွတ်လိုက်တင်ပြီးကို ကြွားအုံးမှာ။

KTV ရောက်တိုင်းလဲ ကျွန်တော်ကြွားတယ်။ တစ်နာရီကို အခန်းခက တစ်သောင်းခွဲ၊ ဒါစားသောက်ဘာညာ စရိတ်မပါသေးဘူးနော်။ တစ်ချို့မိသားစုတွေရဲ့ တစ်ပတ်စာ စားသောက်စရိတ်ပိုက်ဆံကို သီချင်းဆိုပြီး သုံးကြတာ။ တစ်ခါတစ်လေ အငတ်ခံပြီးကို ကျွန်တော် KTV သွားတယ်။ သီချင်းဆိုပြီး သူငယ်ချင်းတွေကို ကြွားတယ်။ ဒါမှလဲ တန်တာကိုး။

ဟုတ်တယ်။ မပြည့်တဲ့အိုးတွေက သိပ်ဘောင်ဘင်ခတ်တယ်။ မဖြစ်စလောက်လူတွေက သိပ်အကြွားသန်တယ်။ အဲဒီလောက်ကြွားရဖို့အတွက် နောက်ကွယ်မှာ ဘယ်လောက်ပေးဆပ်ရတယ်ဆိုတာ ခင်ဗျားတို့ သိမှ မသိတာကိုး။ ခင်ဗျားတို့ ပြောတာလဲ မှန်တယ်။ သူဌေးအစစ်တွေက ဘယ်တော့မှ မကြွားကြဘူး။ အဲလိုပဲ ဘယ်တောင်းစားတဲ့လူမှလဲ သူ့မှာရှိကြောင်း မကြွားကြဘူး။

တစ်ချို့ကတော့ မရှိတာကို အရှိလုပ်ပြီး ကြွားတယ်။ တစ်ချို့ကတော့ ရှိတာကို ရှိတာထက်ပိုပြီး ကြွားတယ်။ကျွန်တော်ကတော့ ကြွားနိုင်တာမှန်သမျှ အကုန်ကြွားတယ်။ ကြွားချင်လွန်းလို့ကို ကြွားတာ။ ခုချိန် သိန်းတစ်သောင်းမပြောနဲ့၊ သိန်းတစ်ထောင်လောက် အရှေ့မှာ ရှိကြည့်။ သူခိုးဓားပြတွေ၊ ပိုက်ဆံချေးမယ့်သူတွေကို မကြောက်မလန့်နဲ့ ကျွန်တော် ကြွားပြီးတင်အုံးမှာ။

တစ်ခုတော့ ရှိတယ်။ ကမ္ဘောဇဘဏ်သူဌေးကြီးတို့၊ ထူးကုမ္ပဏီပိုင်ရှင်ကြီးတို့လို ဖြစ်လာတဲ့နေ့ကျရင်တော့ ကျွန်တော် မကြွားတော့ ဘူး။ ကြွားစရာမှ မလိုတော့တာ။ ဟုတ်တယ် မဟုတ်လား။

ကြွားရတာ သိပ်ကြိုက်တဲ့ဦးတိမ်