ရဲဘော်လေး တယောက်က မေးလာတယ်။

ရဲဘော်လေး တယောက်က မေးလာတယ်။

လွန်ခဲ့တဲ့ နှစ် ခုနှစ်ဆယ်ကျော်ကာလက
ကျဆုံးခဲ့တဲ့ အမေရိကန် စစ်တပ် စစ်သည်
ရုပ်ကြွင်းလို့ ထင်ရတာလေးကို
တပင်တပန်း အကုန်အကျအများကြီးခံ
လိုက်ရှာ ပြန်ယူ တရိုတသေ စစ်အခမ်းအနား နဲ့

တလေးတစား တန်ဖိုးထားတာ
တွေ့ရတယ်။။

ကျနော်တို့ မြန်မာတပ်မတော်သားတွေ
ရှေ့တန်းမှာ ကျဆုံး တာ အများကြီးပဲ

ဘာလို့ အခုလို မလုပ်ပေးတာလဲ သိချင်ပါတယ် ။

လို့ မေးလာတယ်။

ဟုတ်ပါတယ် ရဲဘော်။
လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော် က ကျဆုံးခဲ့တဲ့
စစ်သည် အရိုးစုကိုတောင်
တလေးတစား တန်ဖိုးထားတယ် ဆိုတာ
ထင်ရှားတဲ့ အဖြေရှိတယ်။

သူတို့ အမေရိကန် စစ်တပ်ကြီး တခုလုံးဟာ
ပြည်သူကို ဦးထိပ်တင်၊
ပြည်သူရွေးချယ်တဲ့ အစိုးရကိုပဲ သစ္စာခံစောင့်ရှောက်ပြီး
တခါမှ စစ်အာဏာ မသိမ်းစစ် အာဏာ မမက်ပဲ
စစ်သား အလုပ်ကို စစ်သား အဖြစ် ပီပြင်စွာ
တာဝန်ကျေပွန်ကြတဲ့ သမိုင်းကောင်း ရှိလို့
သူတို့ အမေရိကန် တနိုင်ငံလုံးက စစ်သား ဆိုရင်
အရမ်းလေးစား တန်ဖိုးထား ဂုဏ်ယူကြတယ်။

ဒါကြောင့် ကျဆုံးတဲ့ စစ်သည် ရုပ်အလောင်း အရိုးအကြွင်းအကျန်ကိုတောင်
အခုလို ဒို့ မြန်မာတွေ အံ့သြရလောက်အောင်
တလေးတစား တန်ဖိုးထားတဲ့ ပုံမျိုး မြင်ရတာ။

သူတို့ နိုင်ငံ စစ်တပ်နဲ့ ဒို့နိုင်ငံက စစ်တပ်
ခေါင်းဆောင် အရည်အချင်း ချင်း
အရမ်းကွာတယ်လေ။

သူတို့ စစ်တပ်က သူ့နိုင်ငံကိုလည်း လုံခြုံအောင်
အရည်အချင်းစွမ်းရည် အထူးထက်မြက်ဖို့ပဲ စဉ်းစားတယ်
သူ့ရဲဘော်တွေကိုလည်း အထူး တန်ဖိုးရှိသူ တွေ အဖြစ်
တန်ဖိုးထားတယ်။

ဒို့နိုင်ငံက ကျဆုံး စစ်သည်တိုင်းကိုသာ
အခုလို အရိုးအိုးနဲ့ မြေပုံစစ်သချိုင်္င်း လုပ်ပေးရစကြေးဆို
အခု နေပြည်တော်မြို့လောက်ကျယ်တဲ့ စစ်သချုင်္ိင်းကြီးတောင် လောက်မယ် မထင်ဘူး။

နှစ်ငါးဆယ်လောက် စစ်အာဏာသိမ်းပြီး
သေနက်ပြောင်းက ထွက်တဲ့ အာဏာနဲ့
ထင်သလို ကိုယ်ကျိုးရှာစားခဲ့ကြတာ။
သူတို့ မိသားစုဆွေးမျိုးသားချင်းတွေပဲ
ကြီးပွားချမ်းသာကြပြီး။
အောက်ခြေ အခြားအဆင့် အရာရှိငယ် အဆင့်
မိသားစုတွေ ခုထိ ဘယ်လိုနေနေရတုန်းလဲ
ရဲဘော်တို့ သိမှာပါ။

သူတို့ အမေရိကန်မှာ လစာ နဲ့ မလျော်ညီစွာ ချမ်းသာလွန်းတဲ့
စစ်ဗိုလ်ချုပ် တယောက်မှ မရှိပေမယ့်
ဒို့နိုင်ငံမှာတော့ နောက်ကြောင်းပြန် အရေးမယူရဆိုတဲ့
ဥပဒေ အကာအကွယ်နဲ့
အလွန်အမင်း ချမ်းသာသူ စစ်ဗိုလ်ချုပ်ကြီးတွေ ရှိတယ်။

သူတို့ အမေရိကန်မှာ
ခြေပြတ်လက်ပြတ်နဲ့ စာအုပ်လိုက်ရောင်းစားရတဲ့
စစ်သား တယောက်မှ မရှိချိန်။
ဒို့ စစ်တပ်မှာ တပ်ထဲဝင်ဖို့
တပ်သားသစ် တယောက်ကို ဆယ်သိန်းလောက်ထိ
အခုဆို ပိုက်ဆံနဲ့ လူသစ်စုနေရတယ်။

သူတို့ နိုင်ငံမှာ စစ်တပ်ထဲ ၀င်ခွင့်ရဖို့
အလွန်တော်မှ အလွန် ကျန်းမာမှ
သူ့နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်နဲ့
ပညာထူးချွန်မှ အမေရိကန် စစ်တပ်ထဲ ၀င်ခွင့် ရနိုင်တဲ့ အချိန်

ဒို့ တပ်မတော်က
ကိုယ်တွေ ရေးထိုးထားခဲ့တဲ့ ဆယ်နှစ်အကြာ တာဝန်ထမ်းပြီးရင်
ပြန်လည် နှုတ်ထွက်ခွင့် ရှိတယ် ဆိုတဲ့ စာချုပ်တွေတောင် အသက် မ၀င်တော့ဘူး မလား။
အခြား အဆင့်ရော အရာရှိတွေ ရော ထွက်ခွင့် တင်သူ များလွန်းလို့
ခွင့်မဲ့ စစ်ပြေးတွေ များလွန်းလို့ ရေးသုံးတွေ များလွန်းလို့
အထက်ကို ဘယ်လောက်တောင် လိမ်ညာပြီး ဖုံးဖိနေရသလဲ
ရဲဘော်တို့ အသိပဲ မဟုတ်လား

၂၀၀၈ ခြေဥ ခေါ်တဲ့ စစ်ကျွန်ပြု ဥပဒေဆိုးတွေ ရှိနေသေးသမျှ

ဒီ ၀မ်းနည်းစရာ အဖြစ်ဆိုးတွေ ရှိနေအုန်းမှာပဲ ရဲဘော်။

ပြီးတော့ ဒို့နိုင်ငံထဲ ဒို့တပ်မတော်က
စစ်သည်ရဲဘော် အများစု သေကြေခဲ့ကြရတာဟာ
ပြည်ပ နိုင်ငံခြားနဲ့ စစ် ဖြစ်ကြလို့
အမိမြေကို ကာကွယ်ရင်း
သေကြရတာမဟုတ်ဘူးနော်။

ကိုယ့်ပြည်တွင်းမှာပဲ ကိုယ့်နိုင်ငံသား
တိုင်းရင်းသား အချင်းချင်း စစ်ခင်း သတ်ဖြတ်
အနိုင်တိုက်ခိုက်လို့ သေကြရတာ။

အမေရိကန် စစ်သားလေး တယောက် အပေါ်
သူ့နိုင်ငံသားတွေ အခုလို တန်ဖိုးထား လေးစား ဂုဏ်ပြုမှုမျိုး
မြန်မာစစ်တပ်မှာ ဖြစ်လာစေချင်ရင်
ရဲဘော်တို့ အသိစိတ်ထဲ ရည်မှန်းပြီး
ကြိုးစားကြရမှာ တခုပဲ ရှိတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတဲ့
စစ်ကျွန်ပြု ဥပဒေ အောက်မှာ
တပ် နဲ့ ပြည်သူ စည်းခြား ထားခံရတာကို
ကောင်းစွာ သိကြရမယ်။

ဒီ ခြေဥတည်ရှိနေသမျှ
ရဲဘော်တို့ ဘ၀ မကောင်းစား လာနိုင်ဘူး။
ညီအကိုချင်းချင်း စစ်တိုက်နေရအုန်းမယ်။
မသေချင်ပဲ သေကြရအုန်းမယ်။
ဖအေမဲ့ သားသမီးလေးတွေ မဖြစ်ချင်ပဲ ဖြစ်ကြရအုန်းမယ်။

တောထဲ တောင်ထဲ လဒ ဆွဲဆွဲ
ခွေးစားစား ရဲဘော်တို့ အလောင်းတွေ
အပစ်ပယ် ခံနေရအုန်းမယ်။

ဒီခြေဥ နေရာမှာ ပြည်သူသာ တကယ့်
အချုပ်အခြာ အာဏာဖြစ်လာစေမယ့်
ပြည်သူ့ အစိုးရ တရပ်ကို တိုင်းရင်းသား အားလုံးက
အာဏာ အပ်နှင်းနိုင်ခွင့် ရှိတဲ့
ဥပဒေ သစ် တရပ်နဲ့ အစားထိုးပြီး
မြန်မာ့တပ်မတော်ပေါ်မှာ ဆက်လက် လွှမ်းမိုးချယ်လှယ်နေဆဲဖြစ်တဲ့
စစ်အာဏာရှင် စနစ် အရိပ်ဆိုး၊ တင်စီးပိုး ဗိုလ်ကျပိုင်ခွင့်တွေ
ဖယ်ရှားနိုင်တဲ့ တနေ့မှာ

ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်လာမယ်။
ပြည်သူတိုင်းရင်းသားအားလုံး တပ်မတော်ကို ယုံကြည်လာမယ်။
တပ်မတော်ကို ပြည်သူတွေ ယုံကြည်လာရင်
ရဲဘော်တို့ အားလုံးကို အခု အမေရိကန် စစ်သားလေးလို
ပြည်သူတွေက တလေးတစား တန်ဖိုးထားလာမယ်။
ရဲဘော်တို့လည်း ပျော်မယ်၊
ပြည်တွင်းစစ်လည်း ရပ်သွားမယ်။

တိုင်းပြည်လည်း ငြိမ်းချမ်းမယ်။

ရဲဘော်လေးရေ။

အမေရိကန် စစ်လေယာဉ်ကြီးထဲမှာ ပါသွားတဲ့
နှစ်ခုနှစ်ဆယ်ကျော်ရုပ်ကြွင်းလေးကို လှမ်းမျှော်
ကြည့်ရင်း
ဆုံးဖြတ်လိုက်ပါ။

ခင်ဗျားတို့လည်း စစ်သား
ကျုပ်တို့လည်း စစ်သား

ပြည်သူကြည်ဖြူတဲ့ စစ်သား စစ်တပ် ပြည်သူ့တပ်မတော်ဖြစ်လာအောင်
စစ်အာဏာရှင်တွေ ရေးဆွဲပြဌာန်းပေးခဲ့တဲ့ စစ်ကျွန်ပြု
၂၀၀၈ ခြေဥ ကို ငါတို့ လက်ထက်မှာ
ရအောင် ပြင်ဆင်ရေး ကူညီပေးကြမယ် လို့။

ငါတို့ တပ်မတော်တရပ်လုံး ပြည်သူ့  အပြုံးပန်းစည်း ကြီးတွေနဲ့ ကြိုဆိုခံရမယ့် နေ့ဟာ ၂၀၀၈ ခြေဥကို ပြည်သူ့လိုလားချက်တွေနဲ့ အညီ ပြင်ဆင်နိုင်တဲ့ နေ့ပဲဖြစ်လိမ့်မယ်လို့

ရဲဘော်တို့ မှန်းမျှော် ပြင်ဆင်နေကြပါ။

ရဲဘော်လေး အပါအ၀င် ပြည်သူ့တပ်မတော်သား အားလုံးကို လေးစားစွာဖြင့်

နေမျိုးဇင်
ကြည်း ၂၉၄၄၄
စတသ ဗလ အမှတ် (၄၆၇၆)

ဓါတ်ပုံ credit – US Embassy.rangoon