ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးတွေးခေါ်ချက် ကမောက်ကမ ဖြစ်နေ

ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးတွေးခေါ်ချက် ကမောက်ကမ ဖြစ်နေ

ဒေါ်စုက ပြည်မြို့မှာ " မြစ်ဆုံအပါအဝင် ကြီးကျယ်တဲ့ စီမံကိန်းကြီးများနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် အမြင် ကျယ်ရမှာ ဖြစ်သလို အစိုးရတရပ် အနေနဲ့လည်း စကားတည်ဖို့ လိုအပ်ကြောင်း” ပြောဆိုသွားတယ်။ "အစိုးရအနေနဲ့လည်း ဆုံးဖြတ်ချက်တွေကို ဘာကြောင့်ချခဲ့ရတာကို ပြည်သူထံတင်ပြရမှာကတော့ နိုင်ငံရေးမှာ တာဝန်ယူထားသူတိုင်းရဲ့ ဝတ္တရားပဲ ဖြစ်ပြီး အမှန်အကန် အကျိုးရှိမယ် ယူဆပါကလည်း အမုန်းခံလုပ်ရဲရမှာ ဖြစ်ကြောင်း" လည်း ထည့်သွင်း ပြောကြားခဲ့တယ်။

ဒါဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးမှာ Sense of justice ခေါင်းပါးသွားတာ၊ Moral justice မရှိတော့တာကို ပြသနေတယ်။ ဒီမှာ ပြောစရာ ရှိတာက ဒေါ်စုက ပြည်သူတို့ကို အမြင်ကျယ်ဖို့ ပြောတာဟာ ရိုးသားမှုရှိမရှိ၊ တိုင်းပြည်အတွက် အကျိုးရှိဖို့ လုပ်တာလား၊ သူ့အာဏာတည်မြဲဖို့အတွက် လုပ်တာလား စစ်ကြောဖို့ လိုအပ်တယ်။ ဒေါ်စုစကားကို မသုံးသပ်ခင် အောက်မှာ ပေးထားတဲ့ ဥပမာကို ကြည့်ရအောင်။

၁။ လူစိမ်းတစ်ယောက်က သူငယ်ချင်း(၂)ယောက်ကို ချဉ်းကပ်တယ်။ အဲ့ထဲက တစ်ယောက်ကို သတ်ချင်တယ်။ သူငယ်ချင်း(၂)ယောက်ထဲမှာ တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိတယ်လို့ ပုံမှားရိုက်တယ်။ သတ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ကတိပျက်သူ မဖြစ်ချင်လို့ လူသတ်သမားအဖြစ်ကို ငါခံယူမယ်ဆိုပြီး ကိုယ့်သူငယ်ချင်းကို မသတ်မဖြစ် သတ်ရလိမ့်မယ်လို့ ယူဆပါသလား။

၂။ ဒရိုင်ဘာတစ်ယောက်က ထရောလီကားကို မောင်းလာတယ်။ ရှေ့မှာ လတံတားပြင်နေတဲ့ ဝတုတ်ကြီးကို တိုက်ရမလား၊ ဝတုတ်ကြီးကို ရှောင်ပြီး ချောက်ထဲ မောင်းချမလား။ တကယ်လို့ စေတနာကို အဓိကထားရင် ဝတုတ်ကြီးကို ရှောင်ရမယ်၊ အကျိုးကို အဓိကထားရင် ကားမှာ ပါလာတဲ့ ခရီးသည်တွေကို ငဲ့လို့ ဝတုတ်ကြီးကို တိုက်ရလိမ့်မယ်။ ဘယ်ဆုံးဖြတ်ချက်က အမှန်ဖြစ်မလဲ။

၃။ နောက်တစ်နည်း-အပေါ်က ဒရိုင်ဘာက ဝတုတ်ကြီးကို မတိုက်ဘဲ ထရော်လီကားကို ချောက်ထဲ မောင်းချခဲ့တယ်ဆိုပါတော့။ ကားမှာ ပါတဲ့ ၅ ယောက်က အကြီးအကျယ် ဒဏ်ရာရသွားကြတယ်။ ၅ ယောက်စလုံး ဆေးရုံကို ရောက်နေကြတယ်။ အသက်ကယ်ဖို့ဆိုရင် တစ်ယောက်က အသည်း၊ တစ်ယောက်က အဆုတ်၊ တစ်ယောက်က နှလုံး၊ တစ်ယောက်က ကျောက်ကပ်၊ တစ်ယောက်က ပန်ကိရိယ အစားထိုးဖို့ လိုတယ်။ အဲ့အချိန်မှာ ဘေးနားက အခန်းမှာ ပုံမှန်ဆေးလာစစ်နေတဲ့ လူတစ်ယောက် ရောက်နေတယ်။ သူ့မှာ အကုန်ကောင်းနေတယ်။ ဒီတော့ ဒီတစ်ယောက်ကို သတ်ပြီး ဟို (၅)ယောက်အသက်ကို ကယ်သင့်လား၊ မကယ်သင့်ဘူးလား။

၎။ ပင်လယ်ပြင်မှာ သဘောင်္ပျက်လို့ အသက်ကယ်လှေပေါ်မှာ လူ(၄)ယောက် ပါလာတယ်ဆိုကြပါစို့။ အဲ့ထဲမှာ (၃)ယောက်က မိသားစု ရှိတယ်။ ကျန်တစ်ယောက်က မိဘမဲ့ပါ။ ကူဖော်လောင်းဖက် ရအောင် ခေါ်လာခဲ့တာ။ ဒီကောင်လေးက ပထမဆုံး ပင်လယ်ခရီး ထွက်လာတာမို့ ပင်လယ်မူးလို့ ခေါင်းမထူနိုင်ရှာ။ တစ်ပတ်ကျော် ကြာတော့ ရိက္ခာက မရှိတော့ဘူး။ စားစရာမရှိ၊ သောက်စရာ မရှိရင် (၄)ယောက်လုံး သေကြရတော့မှာ။ ဒီတော့ ဒီမိုကရေစီနည်းအရ (၃)ယောက်က တစ်ယောက်ကို သတ်ပြီး အသက်ဆက်ကြရတော့မယ်။ ဒီတော့ အားအနည်းဆုံးက ဓားစာခံပဲ။ ဒီကောင်လေးကို " ကဲ ကောင်လေး မင်းကို သတ်ပြီး ငါတို့က မင့်သွေးကို သောက်၊ မင့်အသားကို စားပြီး အသက်ဆက်ရတော့မှာ၊ မင်းမှာ မိသားစု မရှိ၊ မျှော်နေသူ မရှိ၊ ငါတို့မှာ မျှော်နေသူတွေ ရှိတယ်၊ ဒီတော့ မင်းက ငါတို့အသက်ကို ကူပါ" ဆိုပြီး သတ်ခဲ့ရင်ကော မှန်လား၊ မှားလား။
——-

(က) ပထမတွေးနည်းအရ ဒေါ်စုရဲ့ သဘောက တရုတ်နဲ့ စစ်အစိုးရ လက်မှတ်ထိုးခဲ့လို့ ဒီကတိကို သူ စောင့်ထိန်းရမယ်ဆိုတဲ့ သဘောကို ပြောတယ်။ ဒီတော့ ဧရာဝတီကို သတ်မယ်။ ပြည်သူတို့ကို သတ်မယ်။ တရုတ်နဲ့သန်းရွှေတို့ကို မျက်နှာမပျက်စေရဘူးလို့ ဆိုလိုဟန်ရှိတယ်။ မသတ်ရင် သူခိုးက သူ့ကို အယုံအကြည်မရှိရင် ဘယ်လိုလုပ်မလဲ တွေးပူတယ်။ တကယ့်တကယ်ကျတော့ တရုတ်က မသိနားမလည်တဲ့ စစ်အစိုးရကို မျက်နှာပြောင်တိုက်ပြီး လိမ်ခဲ့တာကို တကမ္ဘာလုံး သိတယ်။ ဒါကို ဒေါ်စု မသိတာ အံ့သြတယ်။

(ခ) ဒါပေမယ့် ဒုတိယတွေးနည်းအရ ဒေါ်စုက အခြား moral justice ပုံစံနဲ့ စဉ်းစားတော့ ဝတုတ်ကြီး အသက်ကို ကယ်ဖို့ ကိုယ့်ကားကို ချောက်ထဲ မောင်းချသွားပြန်တယ်။ ဒီတော့ ဝတုတ်ကလည်း သူ့ကို မကယ်နိုင်၊ ကား ချောက်ထဲကျလို့ ဒဏ်ရာရတဲ့ ၅ ယောက်ကိုလည်း မကယ်နိုင် ဖြစ်သွားတယ်။ ကြည့်နော် အပေါ်မှာကျတော့ တစ်မျိုး တွေးတယ်။ ဒီနေရာကျတော့ သူက တစ်မျိုးတွေးတယ်။ တရုတ်ရဲ့ ယုံကြည်မှုအတွက် မြစ်ဆုံနဲ့ ပြည်သူတို့ကို ချောက်ထဲ တွန်းချရရင် တွန်းချမယ်ဆိုတဲ့ သဘောကို ပြောတာတာပါ။

(ဂ) တတိယတွေးနည်းအရ ဒေါ်စုက ကျန်းမာရေးကောင်းတဲ့တစ်ယောက်ကို သတ်ပြီး ဒီ (၅)ယောက်ကို ကယ်ဖို့ သူ စဉ်းစားနေပါအုံးမယ်။ ဟိုတစ်ယောက်က သူ့ဟာနဲ့သူ ကျန်းမာရေးကို ပုံမှန်လာစစ်တာနော်။ တကယ်လို့ ဒေါ်စုက ဆရာဝန်တစ်ယောက်ဆိုခဲ့ရင် အသက်ကို လောင်းကြေးထပ်ပြီး ဆေးခန်းလာပြရမလို ဖြစ်နေတယ်။ အရမ်းအန္တရာယ်ကြီးတယ်။ စိတ်ချလို့ မရတဲ့ ဆရာဝန်ပါ။

(ဃ) စတုတ္ထတွေးနည်းအရ ဒေါ်စုက တရုတ်ကို အကူအညီတောင်းပြီး ကချင်တွေကို သတ်ဖို့ ကြိုးစားတယ်။ KIO ကို ဖိအားပေးတာ၊ KBC ကို ဖိအားပေးတာဟာ အသက်ကယ်လှေပေါ်က ကောင်လေးကို သတ်ပြီး အသွေးကို သောက်ဖို့၊ အသားကို စားဖို့ ဖြစ်တယ်။ ဒါဟာ ဒေါ်စုအစိုးရနဲ့ ဗမာလူများစုကို ကယ်ဖို့ ဖြစ်တယ်။ ဒီမိုကရေစီနည်းအရ ဒါဟာ မှန်တယ်လို့ ဒေါ်စု ပြောချင်တာ ဖြစ်တယ်။

အထက်ဖော်ပြပါ (၄)ချက်နဲ့ ချိန်ထိုးကြည့်ရင် ဒေါ်စု လိမ်ညာနေတယ်ဆိုတာ ထင်ရှားတယ်။ ပထမ၊ တတိယ အရ သူက စေတနာကို အဓိကထားသလို လုပ်တယ်။ ဒုတိယနဲ့ စတုတ္ထအရ အကျိုးကို အဓိကထားသလို လုပ်တယ်။ ဒါဟာ သူရဲ့ moral reasoning ဟာ unstable ဖြစ်နေလို့၊ sustainable မဖြစ်လို့ consistent မဖြစ်လို့ သူ့ဆုံးဖြတ်ချက်တွေက ကမောက်ကမ ဖြစ်နေတယ်။ တကယ့်တကယ်မှာကျတော့ သူ့မှာ Political moral justice နိုင်ငံရေးကိုယ်ကျင့်အရ တရားမျှတမှု ကင်းမဲ့သွားခဲ့ပြီ ဖြစ်တယ်။

Credit