သူ့အကွက်နဲ့သူ

သူ့အကွက်နဲ့သူ

အခု တင်လိုက်တဲ့ မြေပုံထဲက မင်နက်နဲ့ ဝိုင်းပြထားတဲ့ နေရာဟာ Siligil Corridor (ဆိလိဂီ စင်္ကြန်) လို့ ခေါ်ပါတယ်၊ Chicken neck (ကြက်လည်ပင်း) ဆိုတဲ့ နာမယ်ပြောင်နဲ့လဲ ခေါ်ကြပါတယ်။ အိန္ဒိယပြည်မနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံ၊ မဏိပူရ စတဲ့ ပြည်နယ်တွေ ဆက်သွယ်တဲ့ တခုတည်းသော မဟာဗျူဟာမြောက် ထောက်ပို့ လမ်းကြောင်းဖြစ်ပါတယ်။ မတော် တရုတ်နဲ့ စစ်ဖြစ်ပြီး ဒီလမ်းကြောင်း ဖျက်ဆီးခံရရင် အိန္ဒိယ ပြည်မနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း အဆက်အသွယ် လုံးဝ ပြတ်သွားပါပြီ။

အခု အိန္ဒိယက မြန်မာပြည်မှာ လုပ်မယ့် ကုလားတန် စီမံကိန်းအရ မြေပုံထဲ ပါတဲ့ အတိုင်း စစ်တွေကနေ ကားလမ်းဖေါက်မှာပါ။ အဲဒါ ပြီးသွားရင် အိန္ဒိယပြည်မနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းကို ဆက်သွယ်ပေးမယ့် အရန် ထောက်ပို့ လမ်းကြောင်း ဖြစ်လာပါပြီ။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ နောင် ဖြစ်လာမယ့် ကျောက်ဖြူ-ကူမင်း ရထားလမ်းတွေကို အခြေခံတဲ့ တရုတ်ရဲ့ မဟာဗျူဟာ တိုးချဲ့မှုကို အိန္ဒိယက တုန့်ပြန်တာ ဖြစ်ပါတယ်။

အမ် . . . အိန္ဒိယနဲ့ တရုတ်က မြန်မာပိုင်နက်ကို မြန်မာ အစိုးရ ခွင့်မပြုဘဲ စစ်ရေးမှာ ကြိုက်သလို သုံးခွင့် ရှိသလားလို့ မေးစရာ ရှိပါတယ်။ မြန်မာ ပိုင်နက်ကို သုံးခွင့် ရဖို့ ဆိုတာ တကယ် စစ်ဖြစ်လာချိန်ကျမှ ညှိကြရမှာပါ။ ဘာပဲ ဖြစ်ဖြစ် အဲဒီအချိန် ကျမှ လမ်းထဖေါက်လို့ မဖြစ်တဲ့ အတွက် လိုအပ်တဲ့ infrastructure ကို နှစ်ဖက်စလုံးက ကြိုတင် လုပ်ထားကြတဲ့ သဘောပါပဲ။

ဒီတော့ စဉ်းစားကြည့်။ အိန္ဒိယရဲ့ ကုလားတန်မြစ် စီမံကိန်းကို ပေါက်ဖေါ်ကြီးက ဘယ်ကြိုက်နိုင်ပါ့မလဲ။ ဒါကြောင့် သူ့ကို မလွန်ဆန်နိုင်တဲ့ KIA အရိပ်ကို ခိုနေရတဲ့ AA ကို ရခိုင်ပြည်နယ်မှာ အခြေချနိုင်အောင် ကြိုးစားဖို့ မီးစိမ်းပြခဲ့တာပဲ။ AA မှာ သူ့ဟာသူ ဘာရည်ရွယ်ချက်တွေ ရှိရှိ၊ ပေါက်ဖေါ်ကြီးအတွက်ကတော့ AA ဟာ အိန္ဒိယရဲ့ ကုလားတန်မြစ် စီမံကိန်းကို နှောင့်ယှက်ဖျက်ဆီးဖို့ ထိုးကျွေးလိုက်တဲ့ ပွန်းတကောင်သာ ဖြစ်ပါတယ်။

ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ ဖြစ်ပါတယ် ခင်ဗျား။

စာကြွင်း။ ။ ဒီလို ဖြစ်လာနိုင်တာကို မြန်မာ အစိုးရက မသိဘူးလား၊ ဘာလို့ ကုလားတန်မြစ် စီမံကိန်းကို လက်ခံခဲ့သလဲလို့ မေးစရာ ရှိပါတယ်။

မြန်မာပြည်မှာ တရုတ် အကျိုးစီးပွားတွေသာ အဓိက ရှိပြီး အိန္ဒိယရဲ့ အကျိုးစီးပွား မယ်မယ်ရရ မရှိဘူး ဆိုရင် အိန္ဒိယနဲ့ တရုတ် စစ်ဖြစ်လာချိန်မှာ မြန်မာပြည်ဟာ အိန္ဒိယရဲ့ ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။ ရန်စောင်နေကြတဲ့ အဲဒီ နိုင်ငံကြီး နှစ်နိုင်ငံရဲ့ အကျိုးစီးပွား နှစ်ဖက်စလုံး မြန်မာပြည်မှာ ရှိမှသာ သူတို့ စစ်ဖြစ်တဲ့အခါ မြန်မာပြည်ကို ချမ်းသာပေးကြမှာပါ။ အမျိုးသား လုံခြုံရေး ဆိုတာ ဒီအထိ စဉ်းစားရပါတယ်။

Credit to-Pandita