NLD အစိုးရလက်ထက် ဘာတွေပြောင်းလဲလာပြီလဲ

NLD အစိုးရလက်ထက် ဘာတွေပြောင်းလဲလာပြီလဲ

ကိုဂျင်မီ ပြောပြီ ….

“ရေရှည်ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့အတွက် အချိန်တော့ပေးရလိမ့်မယ်”

“ ဘာမှ ပြောင်းလဲမှု မရှိသေးပါဘူး ဆိုပြီး ပြောခွင့်ရနေတာ ကိုက တော်တော်ကို ပြောင်းလဲလာတဲ့ အခြေအနေပဲ”
#ကိုဂျင်မီ
***********************

ဥပမာ – ကားနှစ်စီး တိုက်မိတယ် ဆိုပါစို့။ ဟိုဘက် ကားကနေ ဆင်းလာတဲ့သူက ငါဟာ ဘယ်ဌာနက ဘာရာထူးကွလို့ ပြောလို့ရှိရင် ကိုယ်မှန်နေပေမယ့်လည်း ချက်ချင်းထိုင်ပြီး ကန်တော့ရ မလိုလိုပေါ့။ အရင်တုန်းက အဲဒီလိုမျိုး တကယ် ဖြစ်ခဲ့တယ်။ အခုအချိန်မှာတော့ အဲဒီလိုမျိုး မရှိတော့ဘူး။ သူဘာသာသူ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ အမှန်နဲ့အမှားဟာ အဓိကပဲ။

Q. စစ်အာဏာရှင် အစိုးရရဲ့အုပ်ချုပ်မှုနဲ့ ပြည်သူ့အစိုးရ အုပ်ချုပ်မှု အောက်မှာ ဘာတွေ ကွာခြားသွားသလဲ အစ်ကို။

A. စစ်အာဏာရှင် အစိုးရခေတ်တုန်းက ဆိုရင် ပြည်သူ လူထုနဲ့ အစိုးရ ဆိုတာက အဝေးကြီးပဲ။ အခု ပြည်သူ့ အစိုးရ လက်ထက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ခရီးစဉ်တွေကို ကြည့်လိုက်ရင် ပြည်သူလူထုက အလိုအလျောက် ကြိုဆိုကြတယ်၊ နှုတ်ဆက်ကြတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတာက ရာထူးအရ ပြောရရင် တော်တော့်ကို ရာထူးကြီးတဲ့ သူတစ်ယောက်ပဲ။ နိုင်ငံတော်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ပေမယ့်လည်း ပြည်သူလူထုရဲ့ စိတ်ထဲမှာက အင်မတန်မှ ရင်းနှီး အားကိုး ရတဲ့သူ တစ်ယောက်လိုမျိုးပဲ။ အသက်အရွယ် ကြီးတဲ့ သူတွေ အတွက် ဆိုရင် သမီးတစ်ယောက်လိုမျိုး၊ အသက်အရွယ် ငယ်ရွယ်တဲ့ သူတွေအတွက် ဆိုရင် အမေ တစ်ယောက်လိုမျိုးပေါ့။

လူထုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးချုပ်တွေ၊ သက်ဆိုင်ရာဝန်ကြီးတွေက တစ်လက်စတည်း ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းတာ တွေ့ရတယ်။ အဲဒါက ဒီမိုကရေစီရဲ့ ထူးခြားချက် တစ်ခုပဲ။ အရင် စစ်အာဏာရှင် ခေတ်တုန်းက ဆိုရင် အဲဒီလိုမျိုးတွေ ဘယ်ရှိမလဲ။ မေးခွန်းထုတ်တာပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတာပဲ ဖြစ်ဖြစ် သတိနဲ့ ထိန်းချုပ်ဖို့လိုတယ်လို့ ကျွန်တော် ထင်တယ်။ တချို့လူတွေက ဆွေးနွေးတဲ့အခါ၊ ပြောဆိုတဲ့အခါမှာ အားပါတာတွေတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ အပြစ်တင် စွပ်စွဲတဲ့သူတွေက ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ ဖြစ်နေတယ်။ ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ ဆိုတာကလည်း ပြည်သူလူထုက ရွေးချယ် တင်မြှောက်ပြီး ခန့်အပ်ထားတဲ့ သူတွေ ဖြစ်တယ်။ အပြစ်တင် စွပ်စွဲလို့တော့ ရပါတယ်။ ဒါပေမဲ့ နူးညံ့ သိမ်မွေ့ဖို့တော့ လိုတယ်။ အခုက စိတ်ခံစားချက်တွေ များလွန်းနေတယ်လို့ ကျွန်တော် ထင်တယ်။ အရင်ခေတ်တုန်းက ဆိုရင် အဲဒီလိုမျိုးတွေ မရှိခဲ့ဘူး။ ရှိရင်လည်း သေချာပေါက် ထောင်ထဲ ၀င်ရမယ့် ကိစ္စပဲ။

ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာမိသလောက် ပြောရရင် ပြည်သူ့အစိုးရ လက်ထက်မှာ တင်ဒါပေးတာကအစ အရင်တုန်းကနဲ့ မတူတော့ဘူး။ အရင်တုန်းက ဆိုလို့ရှိရင် တစ်ယောက်တည်း ကိုပဲ ပုံပြီးအပ်လိုက်တယ်။ အဲဒီ တစ်ယောက်ကနေပြီး လက်ခွဲတွေ ပြန်ပေးတယ်။ အခုက အဲဒီစနစ် မရှိတော့ဘူး။ သူ့ဘာသာသူ ကုမ္ပဏီကြီးကြီး၊ သေးသေး အကုန်ဝင်ပြိုင်ပဲ။ ကုမ္ပဏီကကြီးလို့ အကုန် ရရမယ် ဆိုတာလည်း မရှိဘူး။ ကုမ္ပဏီကသေးလို့ မရဘူး ဆိုတာလည်း မရှိဘူး။ ကုမ္ပဏီအသစ်မို့လို့ မပေးဘူး ဆိုတာလည်း မရှိဘူး။ သူတို့ရဲ့ တွက်ချက်ပုံ တွက်ချက်နည်းတွေနဲ့ ဘောင်ဝင်လို့ရှိရင် တင်ဒါပေးတယ်။

၂၀၁၂ ခုနှစ်မှာ ကျွန်တော်ထောင်က ထွက်လာတော့ ခရီးတွေ သွားဖြစ်ခဲ့တယ်။ ဧရာဝတီတိုင်းကိုလည်း ခဏ ခဏ ရောက်တယ်။ ၂၀၁၅ ခုနှစ် မတိုင်ခင်တုန်းက ဆိုရင် ကျိုက်လတ် – ဖျာပုံလမ်းက ပျက်လိုက် ပြင်လိုက်ပဲ။ အဲဒီလမ်းက ခဏခဏ ပျက်နေတော့ ပြည်သူ့အစိုးရ လက်ထက်မှာ ပြန်ပြီး လမ်းခင်းခဲ့တယ်။ ဟိုတစ်လောက ကျွန်တော် အဲဒီနေရာကို ရောက်သွားတော့ လမ်းက ကောင်းနေတာပဲ။ ပျက်လည်း မပျက်တော့ဘူး။ ဒေသခံတွေကို လမ်းမပျက်ဘဲ ဒီအတိုင်းခံနေတာ ဘယ်လောက် ရှိပြီလဲလို့ မေးကြည့်တော့ ၃ နှစ်ရှိပြီတဲ့။ အဲဒီလမ်းကို အရင်အစိုးရ လက်ထက်တုန်းက လမ်းခင်းတဲ့ ကုမ္ပဏီကပဲ ပြန်ပြီးလမ်းခင်းခဲ့တာ။ အရင်တုန်းကလည်း ဒီလမ်းကို သူတို့ပဲ ခင်းခဲ့တာ။ အခု ပြည်သူ့အစိုးရ လက်ထက်ကျတော့ လမ်းက ဘာဖြစ်လို့ ကောင်းလာသလဲပေါ့။ အရင်တုန်းကသာ အခုလို လုပ်ခဲ့မယ် ဆိုရင် လမ်းက ကောင်းနေမှာပဲ။ အခုကျတော့ လမ်းက ဘာဖြစ်လို့ ဒီလောက်ခံနေသလဲ ဆိုပြီး မေးကြည့်တဲ့ အခါ Quality Control လုပ်တဲ့အခါမှာ အခု အစိုးရက ကြပ်ကြပ်မတ်မတ်လုပ်တယ်၊ လျှော့လို့ မရဘူးတဲ့။ အဲဒီဒေသမှာ ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း သူတို့ ဖောက်စစ်ချင်တဲ့ နေရာကို ဖောက်စစ်ခိုင်းတယ်။ Quality မပြည့်ဘူး ဆိုလို့ရှိရင် အဲဒီနေရာကို ပြန်ခင်းပဲ။ အတိအကျ လုပ်တာ။ အရင်တုန်းကလိုမျိုး အပေါ်ကို ပေးလိုက်၊ အောက်ကို ပေးလိုက် လုပ်လို့ မရတော့ဘူး။ ညှိလို့မရတော့ဘူး။ ညှိလို့မရတဲ့ အတွက် လမ်းတွေက ကောင်းလာတယ်။

ပြည်သူ့အစိုးရက အခြေခံ နှစ်ခုကို အဓိက တည်ဆောက် နေတာ တွေ့ရတယ်။ တစ်ခုက တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခြေခံပေါ့။ စီးပွားရေး အခြေခံ ဖြစ်တဲ့ လမ်းတွေ၊ လျှပ်စစ်မီးတွေကို အဓိက ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာကို တွေ့ရတယ်။ နောက်တစ်ခုက အကျင့်ပျက် ခြစားမှုတွေ မရှိဖို့အတွက် အခြေခံ စိတ်ဓာတ်တွေ ကောင်းမွန်အောင် ကြိုးစားနေတာကို တွေ့ရတယ်။ လျှပ်စစ်မီးနဲ့ လမ်းတွေကို ကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုက ပိုပြီးတော့ မြန်လာမှာပဲ။

Q. တချို့ လူတွေကျတော့ အစိုးရသစ် တက်လာတဲ့ အပေါ်မှာ ဘာမှ ပြောင်းလဲမှု မရှိသေးပါဘူး ဆိုပြီး ဝေဖန် နေကြတာနဲ့ ပတ်သက်ပြီး အစ်ကိုရဲ့ သဘောထားကို သိပါရစေ။

A. ဘာမှပြောင်းလဲမှု မရှိသေးပါဘူး ဆိုပြီး ပြောခွင့် ရနေတာကိုက တော်တော်ကို ပြောင်းလဲလာတဲ့ အခြေအနေပဲ လို့ ကျွန်တော် ပြောချင်တယ်။ ကျွန်တော် ထောင်ထဲမှာတုန်းက လယ်သမားတွေနဲ့ တစ်ခန်းတည်း အတူတူနေခဲ့ရတယ်။ သူတို့က နိုင်ငံရေးသမားတွေ ရှိတဲ့ အခန်းကို ရောက်လာတာ။ သူတို့က နိုင်ငံရေး လုပ်လို့ ထောင်ကျတာ မဟုတ်ဘူး။ သူတို့က ဘာနိုင်ငံရေး မှလည်း မသိဘူး၊ စိတ်လည်း မ၀င်စားဘူး။ သူတို့က အကြောင်း အမျိုးမျိုးကြောင့် ထောင်ကျခဲ့တာ။ ကျွန်တော်က လယ်သမား တစ်ယောက်ကို မေးဖူးတယ်။ “နိုင်ငံရေးပါတီ တစ်ခုရဲ့ လူတစ်ယောက် ကနေပြီး ခင်ဗျားကို မဲဆွယ်မယ်။ သူ့ကို မဲပေးပါ။ ခင်ဗျားတို့ လယ်သမားတွေကို ငါးနှစ် အတွင်း ချမ်းသာအောင် လုပ်ပေးမယ် ဆိုပြီး သူက မဲဆွယ်မယ်။ အဲဒါဆိုရင် ခင်ဗျားက ဘယ်လို သဘောရလဲ” ဆိုပြီး မေးဖူးတယ်။ အဲဒီလယ်သမားက ကျွန်တော့်ကို ဘာပြန် ပြောသလဲ ဆိုရင် “သူက အဲဒီလို ပြောရင် ကျွန်တော် လက်မခံဘူး။ ကျွန်တော် ငါးနှစ် အတွင်းလည်း မချမ်းသာချင်ဘူး။ ဘယ်သူ့ကိုမှ မကြောက်ရဘဲ အနှောင့်အယှက် ကင်းကင်းနဲ့ အေးအေး ဆေးဆေးလေး စပါးစိုက်စားရရင် တော်ပြီ” တဲ့။ အဲဒါက လူ့သဘာဝပဲ။ ဟိုလူ့ကို ကြောက်ရ၊ ဒီလူ့ကို ကြောက်ရနဲ့ ကြောက်ပြီးတော့ ရှာစားနေရတာထက် စာရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလို၊ စိုးရိမ်စရာ မလိုဘဲ ကိုယ့် ဘ၀လေးနဲ့ကိုယ် ရှာစားလို့ ရတယ် ဆိုရင်ပဲ အသက်ရှူရတာက တော်တော် ကောင်းတယ်။

အခုအစိုးရ လက်ထက်မှာ အကြောက်တရားတွေက အများကြီး လျော့သွားပြီ။ ကြောက်စရာမလိုတော့ဘူး။ ၂၀၁၂ ခုနှစ်မှာ ကျွန်တော်တို့ ထောင်က ထွက်လာ ကတည်းက တစ်ယောက်နဲ့ တစ်ယောက် ကြောက်နေရတဲ့ အခြေအနေ ကနေ လွတ်ကင်းဖို့ အတွက် ကြိုးစား ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြောက်နေသမျှ ကာလ ပတ်လုံး ဒီမိုကရေစီ ဆိုတာ ဖြစ်မလာဘူး။ နောက်ပြီးတော့ အခွင့်အရေးပေါ့။ ကိုယ့်အခွင့်အရေးကို ကိုယ်သိအောင် လုပ်ရမယ်။ အရင်တုန်းက မသိခဲ့ရဘူး။ အခု ကိုယ့် အခွင့်အရေးတွေကို ကိုယ်သိလာပြီ။ ကိုယ့် အခွင့်အရေးတွေကို သိလာပြီ ဆိုလို့ရှိရင် အဲဒီ အခွင့်အရေးတွေကို တောင်းဆို တတ်ရမယ်။ အဲဒီလို တောင်းဆိုတဲ့ အခါမှာလည်း ဥပဒေဘောင်ထဲကနေ ပြီးတော့ တောင်းဆိုတတ်ဖို့ လိုတယ်။ အခုက တစ်ခုခု ဆိုရင် မေးခွန်းတွေပြန်ထုတ်ပြီး ဥပဒေကြောင်း အရ ပြန်ပြီးတော့ ရင်ဆိုင် တိုက်ပွဲဝင်ရဲတဲ့ သတ္တိတွေ ရှိလာကြပြီ။ အဲဒါက သိပ်ကောင်းတဲ့ အချက်ပဲ။ အဲဒါဟာ ပြောင်းလဲလာတဲ့ အချက်ပဲ။

တက္ကစီသမားတွေ ပြောသလိုပေါ့။ အရင်တုန်းက ဆိုရင် ယာဉ်ထိန်းရဲ မြင်တာနဲ့ ကြောက်နေရတယ်တဲ့။ ဥပမာ-ကားနှစ်စီး တိုက်မိတယ်ဆိုပါစို့။ ဟိုဘက်ကားကနေ ဆင်းလာတဲ့သူက ငါဟာ ဘယ်ဌာနက ဘာရာထူးကွလို့ ပြောလို့ရှိရင် ကိုယ်မှန်နေပေမယ့်လည်း ချက်ချင်း ထိုင်ပြီး ကန်တော့ရမလိုလိုပေါ့။ အရင်တုန်းက အဲဒီလိုမျိုး တကယ် ဖြစ်ခဲ့တယ်။ အခုအချိန်မှာတော့ အဲဒီလိုမျိုး မရှိတော့ဘူး။ သူဘာသာသူ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ အမှန်နဲ့ အမှားဟာ အဓိကပဲ။ အဲဒီတော့ သာမန် ပြည်သူတွေဟာ ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာက မှားတယ် ဆိုပြီးတော့ ရပ်တည်ရဲလာတာဟာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပဲ။

Source: Eternal Lightò