ပါးစပ်ရဲ့ စွမ်းအား (ဝစီဗေဒ ထိတိုင်းရှ)

ပါးစပ်ရဲ့ စွမ်းအား (ဝစီဗေဒ ထိတိုင်းရှ)

အမ္ဗပါလီဟာ…
အရင်ဘဝက ဘုရားပေါ် တံမြက်စည်းလှဲနေရင်းနဲ့
အမှတ်တမဲ့ ချွဲထပြီး ပါးစပ်မှ သလိပ်ထွက် ကျသွားတဲ့ ဘိက္ခုနီမကြီးကို
ဒီိလောက် သူများ သန့်ရှင်းရေး လုပ်ထားတဲ့ နေရာမှာ ဒီလိုလုပ်တယ်ဆိုတာ
ပြည့်တန်ဆာမတွေပဲ လုပ်တာလို့ ပြစ်မှားခဲ့ဘူးလို့
ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။

ဂေါတမဘုရားအလောင်းတော်ဟာ…
ငါဘုရားဖြစ်လျှင် ခြောက်နှစ်ကျင့်မည်လို့ ကြုံးဝါးခဲ့လို့ တကယ်ပဲ ခြောက်နှစ်ကျင့်ခဲ့ရတယ်။

သောဏမထေရ်လောင်းလျာဟာ…
အရင်ဘဝက ရှင်မဟာကစ္စည်းဆိုတဲ့ ရဟန္တာကြီးကို ငါ့မိန်းမဖြစ်ရင် ကောင်းမှာပဲလို့
စိတ်ကူး ကြံစည်မိရုံလေးနဲ့ ယောက်ျားဘဝကနေ
မိန်းမဘဝကို ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

ဇဋိလအလောင်းတော်ဟာ…
ဘဝတစ်ခုမှာ ဘုရားတည်ခဲ့တယ်။
ဘုရားတည်နေတုန်း ရဟန်းတစ်ပါးက မပြီးသေးကြောင်း လာပြီးပြောတာကို
မိန်းမနဲ့ ရန်ဖြစ်ခါစ စိတ်ဆိုးနေတုန်းမို့
အရှင်ဘုရားတို့ ဘုရားကို
ရေထဲသာ မျောလိုက်တော့လို့ ပြောခဲ့မိလို့
ဘဝအဆက်ဆက် ရေမျောခံခဲ့ရတယ်။

ဘဝတစ်ခုမှာ မအေနဲ့ တပ်ပြီးဆဲခဲ့မိတဲ့
ထေရီမကြီး တစ်ဦးဟာ…
နောက်ထပ်ဘဝတစ်ခုမှာ မအေက မယားကြီး
သမီးက မယားငယ် သားကို လင်လုပ်ပြီး
တစ်ဘဝထဲမှာ ပြန်လည် ပေးဆပ်ခဲ့ရတယ်။

ဥဂ္ဂါသေနရဲ့ဇနီးသည်ဟာ…
ရဟန်းတစ်ပါးကို ကချေသည်နဲ့ တူတယ်လို့
စွပ်စွဲခဲ့မိလို့ နောက်ဆုံး တရားထူးရမဲ့ ဘဝမှာတောင် ကချေသည်ဘဝနဲ့ ပေးဆပ်ရတယ်။

ဘုရားရှင်ကလည်း…
ပါးစပ်ကထွက်တဲ့ စကားလုံးတိုင်းဟာ
အကျိုးမခံစားရပဲနဲ့ ပျောက်ပျက်မသွားဘူးလို့ ဟောထားခဲ့ပါတယ်။

မိတ်ဆွေများလည်း စကားပြောတော့မည်ဆိုလျှင်
သတိဝင်ကာ စောင့်ထိန်းနိုင်ကြပါစေဗျာ။

Credit