Body BodyShaming နဲ့ နှုတ်မဆက်ပါနဲ့

Body BodyShaming နဲ့ နှုတ်မဆက်ပါနဲ့

▶️ Body Shaming ဆိုတာကို မြန်မာနိုင်ငံမှာတော့ အားလုံးနီးပါး ရင်းနှီးကြပြီးသား ဖြစ်မှာပါ။ ဘာမှ ခက်ခက်ခဲခဲ ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့အခါ “ဟယ် ၀လာတယ်နော်” “အသားတွေ မဲလာလိုက်တာ” “အရပ်က ရှည်မလာဘူးနော်” ဆိုတဲ့ နှုတ်ဆက်စကားမျိုးတွေက တစ်နည်းပြောရရင် Body Shaming လုပ်နေတာပါပဲ။ ဒီမှာတော့ ပြောနေကျ စကားတွေမို့ ဘာမှ မထူးဆန်းဘူးပေါ့ ဒီလိုမျိုးတွေက မကြုံဖူးရင် စာနာတတ်ဖို့ ခက်တယ်လေ။

▶️ ကျွန်တော်နားမလည်တာက နှုတ်ဆက်စကားပြောနည်းတွေ အများကြီး ရှိပါတယ် ယဉ်ယဉ်ကျေးကျေး လှလှပပလေး ပြောလို့ရတာတွေ ဒုနဲ့ဒေးပဲ။ ဒါပေမယ့် ဘာလို့များ Body ကြီးကို အရင်ဆုံး ပြောပြီး နှုတ်ဆက်ကြသလဲ နားကိုမလည်နိုင်ဘူး။ အဲ့တာတော်တော်များ ပါးစပ်အရသာ ရှိသလားပေါ့နော်။ ကျွန်တော်ဆိုလည်း အဲလို Body Shaming လုပ်တာမျိုး ခနခနကြုံဖူးပါတယ်။ ကျွန်တော်က အသားညိုသူမို့ ဥပမာ ရန်ကုန်က ပြန်လာတဲ့အခါမျိုးဆိုရင် တွေ့တွေ့ချင်း ပြောကြတာက ရန်ကုန်မှာနေပြီး အသားလည်း ဖြူမလာဘူးနော် ဆိုတာပါပဲ။ အဲ့ဒီိအချက်ပါ အဓိက တွေ့ရင် Body ကိုပဲ ခြေဆုံးခေါင်းဆုံး ကြည့်၊ အားနည်းချက်ကို ထောက်ပြီး နှုတ်ဆက်တာမျိုးတွေပေါ့။ ရန်ကုန်မှာနေတယ် အသားမဖြူဘူး မှန်တယ် ဘယ်သူမှ မပြောလည်း ကျွန်တော်သိတယ် ဒါပေမယ့် ဘယ်လို ဦးနှောက် မရှိတဲ့သူကများ ရန်ကုန်မှာနေတဲ့သူတိုင်း အသားဖြူမယ်လို့ တွေးမိတာပါလိမ့်။

▶️ တကယ်တမ်း Body Shaming လုပ်ပြီး နှုတ်ဆက်တယ်ဆိုတာ အရမ်း အရမ်းကို ရိုင်းပါတယ်။ နိုင်ငံခြားမှာဆို အရေးယူလို့ ရနိုင်တဲ့ အခြေအနေပါ။ ဒီမှာကျတော့ ဘာမှမဖြစ်သလို လျှာဖျားလေးနဲ့ အရသာခံပြောနေတာ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အချင်းချင်းတွေပဲ ဘာမှမဖြစ်ပါဘူး ပြောမနာ ဆိုမနာတွေလေ ဆိုပြီး ကိုယ်က ခင်မင်မှုနဲ့ အမှုမဲ့ အမှတ်မဲ့ နေလိုက်ပေမယ့် ကိုယ့်ခင်မင်မှုက သူ့အတွက် အဆိပ်အတောက်များ ဖြစ်စေလေမလား စဉ်းစားကြည့်ဖူးရဲ့လား။ သူဘာမှ မဖြစ်ပါဘူး၊ ပျော်နေတာပဲလေ ဆိုပြီးတော့ နောက်ကွယ်မှာ သူလုံးဝ မငိုပါဘူးလို့ အာမခံနိုင်ရဲ့လား။ ကိုယ့်ရဲ့ ဘာမဟုတ်ဘဲ ပြောလိုက်တဲ့ စကားတွေကြောင့် လူဘယ်နှစ်ယောက်ကိုများ စိတ်ဓာတ်ကျ ထိခိုက်စေခဲ့ပြီးပြီလဲ။

▶️ လူတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တစ်ခုမဟုတ် တစ်ခုတော့ ရှိကြတာပါပဲ။ အကြီးအသေး အနည်းအများ အားနည်းပုံချင်း မတူကြရုံလေးကို ဘာများအဲလောက် အရေးတယူနဲ့ လက်ညိုးထိုးနေစရာ လိုပါသလဲ။ သူများအားနည်းချက်ကို ချိုးနှိမ်ပြီး ပြောလိုက်ရလို့ ဘယ်သူကမှ တော်လိုက်တာဆိုပြီး အထင်မကြီးပါဘူး။ ပြီးတော့ ဘယ်သူမှလည်း ကိုယ့်အားနည်းချက်ကို ထိပါးလာရင် မကြိုက်ကြဘူးလေ။ အားလုံး နာကျင်တတ်ကြပါတယ်။ ကိုယ်လည်း ကိုယ့်အားနည်းချက်ကို လာထိရင် ကြိုက်မှာ မဟုတ်တဲ့အတွက် ကိုယ်မကြိုက်တဲ့ ကိစ္စကို တခြားသူတွေအပေါ်လည်း သွားမလုပ်ပါနဲ့။

▶️ “ဘယ်သူမှ မပြည့်စုံပါဘူး” ဒီစကားက လူတိုင်းရဲ့ ပါးစပ်ဖျားကနေတော့ လွယ်လွယ်ကူကူ ထွက်လာတတ်ပေမယ့် မပြည့်စုံမှုတွေကိုကျတော့ လက်ညိုးထိုးပြီး ဟားတိုက်တတ်ကြလေရဲ့။ မပြည့်စုံမှုတွေ၊ အားနည်းချက်တွေဆိုတာ ဖိနှိပ်ဖို့ မဟုတ်သလို ဟားတိုက်ရယ်မောဖို့လည်း မဟုတ်ပါဘူး။ တကယ်လို့များ သူများအားနည်းချက်ကို လက်ညိုးထိုးပြီး ရယ်မောမိခဲ့မယ်ဆိုရင် အော် ငါတော်တော် ဦးနှောက်မရှိပါလား၊ တော်တော် အောက်တန်းကျပါလား ဆိုတာကို သတိရလိုက်ပါ။ ဘာလို့လဲဆိုတော့ သူများအားနည်းချက်အပေါ် အခွင့်အရေးယူပြီး ထိုးနှက်တာ အရမ်း အောက်တန်းကျတယ်လေ။

▶️ အဲတော့ ၀သည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ ပုသည်ဖြစ်စေ ကိုယ့်ပုံစံ ကိုယ့် Body က ဘယ်လိုပဲ ဖြစ်နေနေ ဘေးလူတွေ လက်ညိုးထိုးလာတဲ့အခါ သူတို့ဘက်ကို ပြန်ထိုးမယ့် လက်ညိုးတွေအများကြီး ရှိတယ်ဆိုတာ သတိရပါ။ ဦးနှောက်မရှိဘဲ ပြောကြတဲ့ အရည်မရ အဖတ်မရ စကားတွေအတွက် ကိုယ့်ယုံကြည်ချက်နဲ့ ပျော်ရွှင်မှုတွေ အပျောက်မခံပါနဲ့။ ဘာမှအကျိုးမရှိဘူးလေ။ လူတိုင်းမှာ ကိုယ့်တန်ဖိုး၊ ကိုယ့်အလှတရား ကိုယ်စီ ရှိကြတာလည်း သိနေတာပဲ။ သိသိကြီးနဲ့ ငါက အသုံးမကျပါဘူး၊ ငါ့ပုံစံက ဆိုးရွားလိုက်တာ ဆိုပြီး စိတ်ဓာတ်ကျဖို့ နည်းနည်းလေးတောင် မတွေးပါနဲ့ မတန်ဘူး။ အားနည်းချက်က ကိုယ့်ကိုယ် သေစေမှာ မဟုတ်ပါဘူး အားနည်းချက်အပေါ် ရှက်ရွံ့စိတ်ကပဲ ကိုယ့်ကိုယ် သေစေမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား ချစ်မြတ်နိုးဖို့က အရေးကြီးဆုံး မို့လို့ပါပဲ။ ကိုယ့်အလှတရား၊ ကိုယ့်တန်ဖိုးနဲ့ အလှပဆုံး တောက်ပအောင်သာ နေပါနော်။

▶️ စတွေ့တာနဲ့ Body Shaming လေးထည့်ပြီး နှုတ်ဆက်လိုက်ရမှ ဆိုတဲ့သူတွေကိုတော့ ရှင်းရှင်းပဲ ပြောပါမယ်နော်။ ၂၁ရာစုခေတ် ရောက်နေပါပြီ ဒိတ်အောက်တဲ့ အတွေးတွေကို ထားခဲ့လိုက်ပါတော့။ ယဉ်ကျေးမှု ဆိုတာလေးကို နည်းနည်းပါးပါး သတိထားပြီး အထက်တန်းကျကျ အဆင့်အတန်းရှိရှိ နေပါလေ။ အဆင့်အတန်း ရှိတဲ့သူတွေအတွက် လှပပြီး ယဉ်ကျေးတဲ့ နှုတ်ဆက်စကားတွေ အများကြီး ရှိပါတယ်။ ကြိုက်တာကို ကြိုက်သလို သုံးပါ။ Body Shaming နဲ့ ဘယ်တော့မှ နှုတ်မဆက်မိပါစေနဲ့။ ပြောင်းလဲချိန် တန်နေပါပြီနော်။😄

#Body Shaming #Standard #Change #LiveTheDream
@KuKu