စတိဖ်ဂျော့ရဲ့ နောက်ဆက်တွဲဇာတ်လမ်း

စတိဖ်ဂျော့ရဲ့ နောက်ဆက်တွဲဇာတ်လမ်း

“စတိဖ်ဂျော့ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ပြောပြစမ်းပါလို့ တောင်းဆိုနေကြသော စာပေမိတ်ဆွေများအတွက်”

စတိဖ် ကိုမွေးပြီး ၆ လအကြာမှာ ဂျုံးရဲ့အဖေ ဆုံးပါတယ်။ အဲဒီအခါမှာ ဂျုံးဟာ စတိဖ်ရဲ့အဖေ ဂျန်ဒါလီကို ပြန်လက်ထပ်ပါတယ်။ ၁၄.၆.၁၉၅၇ ရက်နေ့မှာ ဂျုံးဟာ ‘မွန်နာ’ ဆိုတဲ့ သမီးလေးကို ဖွားမြင်ပါတယ်။ စတိဖ် ရဲ့ အဖေတူ အမေတူ နှစ်မ အရင်းလေးပေါ့။ ၁၉၆၂ ခုနှစ် မွန်နာ ငါးနှစ်သမီးအရွယ်မှာ ဂျုံးနဲ့ ဂျန်ဒါလီတို့ ကွာရှင်းလိုက်ပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂျုံးဟာ ‘ဂျော့ရှ် ဆင်မ်ဆန်’ George Simpson ဆိုတဲ့ စကိတ်စီး နည်းပြဆရာနဲ့ လက်ထပ်လိုက်ပါတယ်။ မွန်နာဟာ ပထွေးနာမည်ကိုယူလိုက်တဲ့အတွက်သူ့နာမည်ဟာ ‘မွန်နာ ဆင်မ်ဆန်’ Mona Simpson ဖြစ်လာပါတယ်။ ၁၉၇၀ ခုနှစ်ရောက်တော့ ဂျုံးနဲ့ ‘ဂျော့ရှ် ဆင်မ်ဆန်’ တို့ ကွာရှင်းလိုက်ကြပြန်ပါတယ်။
ဂျုံးဟာ မွန်နာ့ကို လော့ဆင်းဂျလိစ်ကိုခေါ်လာပြီး ကိုယ်တိုင်ပြုစု စောင့်ရှောက်ပါတယ်။ မွန်နာဟာ အခု လုံးချင်း ၆ အုပ်ထုတ်ဝေပြီးဖြစ်တဲ့ ကမ္ဘာကျော် စာရေးဆရာမကြီး ဖြစ်နေပါပြီ။

စတိဖ်ရဲ့မွေးစားအမေ ‘ကလယ်ရာ’ ဟာ ၁၉၈၆ ခုနှစ်မှာ အဆုတ် ကင်ဆာနဲ့ ကွယ်လွန်ပါတယ်။ အဲဒီနောက်မကြာခင်မှာ စတိဖ်ဟာ
သူနှစ်ရှည်လများ အသည်းအသန်ရှာဖွေလာခဲ့တဲ့ အမေရင်း ဂျုံးနဲ့ ပြန်ဆုံပါတယ်။ ဂျုံးက စတိဖ်ကို သူ့နှစ်မ မွန်နာနဲ့လည်း နယူးယော့မှာ ပြန်ဆုံပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ မွန်နာဟာ နယူးယော့မှာအလုပ်လုပ်နေတာပါ၊ အသက်တောင် ၂၅ နှစ်ရှိနေပါ ပြီ။ မောင်နှစ်မနှစ်ယောက်ပြန်ဆုံကြတော့ စတိဖ်က သူ့မှာ နှစ်မရှိတယ် ဆိုတာမသိခဲ့သလို မွန်နာကလည်း သူ့မှာအစ်ကိုရှိပြီး သူ့အစ်ကိုကို အမေက သူများကို မွေးစားဖို့ပေးပစ်ခဲ့တယ်ဆိုတာကိုလည်း မသိခဲ့ပါဘူး။
မောင်နှစ်မ နှစ်ယောက်တော်တော် ချစ်ကြပါတယ်။ စတိဖ် ကွယ်လွန်ခါနီး တအီးအီး တအဲအဲ နဲ့ အော်နေရတဲ့အချိန်မှာ တစ်ဖ၀ါးမှ မကွာပြုစုခဲ့တာဟာ ညီမလေး မွန်နာပါပဲ။

ဂျန်ဒါလီဟာ နောင်သောအခါမှာ ကျောင်းဆရာအလုပ်ကို စွန့်လွှတ်လိုက်ပြီး စားသောက်ဆိုင်ထောင်ပါတယ်။ သူ့ဆိုင်က ခယ်လစ်ဖိုးနီးယားပြည်နယ်ထဲက ‘ဆက်ခရယ်မန်းတို’ Sacramento ဆိုတဲ့မြို့လေးမှာရှိပါတယ်။ သမီး မွန်နာကတော့ အဖေ့ကို သိနေတာမို့ မကြာမကြာ အဖေ့ဆီသွားလည်ပြီး စကား အကြာကြီးပြောဖြစ်ကြပါတယ်။ အဲဒီမှာ အဖေ ဂျန်ဒါလီက
“သမီးမှာ အစ်ကိုတစ်ယောက်ရှိသေးတယ်၊ သမီးအမေက သူ့ကိုမွေးပြီးပြီးချင်း သူများကို မွေးစားဖို့ပေးလိုက်တာ။ အဲဒီကတည်းက အဖေတို့ သူ့ကိုတစ်ခါမှ ပြန်မတွေ့ရတော့ဘူး၊ ရှိမှရှိသေးရဲ့လား မသိတော့ပါဘူးကွာ”
လို့ သမီးဖြစ်သူကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်က မွန်နာဟာ အစ်ကိုဖြစ်သူနဲ့
သူပြန်လည် တွေ့ဆုံခဲ့ကြပြီးဖြစ်ကြာင်းကိုတော့ အဖေ့ကို ဖွင့်မပြောပြဖြစ်ခဲ့ပါဘူး။

ခယ်လစ်ဖိုးနီးယား ပြည်နယ်ရဲ့ အနောက်ပိုင်းမှာ ‘ဆန်ဟိုဇေး’ San Jose ဆိုတဲ့ မြို့ကလေးရှိတယ်။ ‘စီလီကွန်တောင်ကြား’ Silicon Valley ဆိုတဲ့ ကွန်ပျူတာ နတ်ဘုရားတွေ ကျက်စာားနယ်မြေရဲ့ အရှေ့ဘက် ၁၉.၄ ကီလိုမီတာအကွာမှာပေါ့။ ဂျန်ဒါလီဟာ နောက်ပိုင်းမှာ စားသောက်ဆိုင်ကို ဆန်ဟိုဇေး မှာ ပြောင်းဖွင့်ပါတယ်။ အဲဒီနောက်ဖွင့်ထားတဲ့စားသောက်ဆိုင်ကို Silicon Valley ကကျော်ကြားတဲ့ အိုင်တီ နည်းပညာရှင်တွေလာစားကြလေ့ရှိပါတယ်။

“အဖေ့ဆိုင်ကို လာစားကြသူတွေထဲမှာ စတိဖ်ဂျော့လည်းပါတယ် သမီးရဲ့။ သူတစ်ခါတစ်ခါလာရင် အဖေ့ကို တစ် (ဘောက်ဆူး) တွေ အများကြီးပေးပေးသွားတတ်တယ်”

လို့ ဂျန်ဒါလီက မွန်နာ့ ကိုပြောပြပါတယ်။ မွန်နာက ဘာမှဝင်မပြောခဲ့ပါဘူး။ အစ်ကိုလုပ်သူကလည်း “ငါ့အကြောင်း အဖေ့ကို သွားမပြောနဲ့” လို့ မှာထားတာကိုး။
နောက်ပိုင်းရောက်တော့ ဘယ်နေလိမ့်မလဲ ဂျန်ဒါလီလည်း စတိဖ်ဟာသူ့သားအရင်းဆိုတာ သိသွားတာပေါ့။ ဒါ့ကြောင့် တစ်ရက်မှာတော့ ဂျန်ဒါလီက မွန်နာ့ကို ခေါ်မေးတယ်။

“သမီး စတိဖ်ဂျော့ က အဖေ့သားဆိုတာ ဟုတ်လား” လို့။
မွန်နာက ဟုတ်တယ်လို့ဖြေလိုက်ပါတယ်။

နောက်ပိုင်း မွန်နာ ပြန်ပြောပြတာက “အဖေကလည်းအဖေပါပဲ၊ တော်တော့်ကိုနေနိုင်ပါတယ်။ စတိဖ်ကိုလုံးဝ ပြန်မဆက်သွယ်ဘူး။ ကျမထင်တာက အဖေ မဆက်သွယ်တောင်မှ စတိဖ်ကတော့ အဖေ့ကိုပြန်ဆက်သွယ်လိမ့်မယ်လို့ထင်တာ၊ အစ်ကိုကလည်း အဖေ့ကို တကယ်ပဲ လုံဝပြန်မဆက်သွယ်ခဲ့ပါဘူး” လို့ ပြန်ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒီအဖြစ်အပျက်တွေကို မွန်နာက ‘ပျောက်ဆုံးသွားသောအဖေ’ The Lost Father ဆိုတဲ့နာမည်နဲ့ လုံးချင်းတစ်အုပ် ထုတ်ခဲ့ပါတယ်။
စတိဖ်ဟာ ခယ်လစ်ဖိုးနီးယား က ‘ဖာလိုအဲလ်တို’ Palo Alto ဆိုတဲ့ မြို့လေးမှာ (၅.၁၀.၂၀၁၁) ရက်နေ့ ညနေ သုံးနာရီမှာ ကွန်လွန်သွားခဲ့ပါတယ်။

ကွယ်လွန် ချိန်မှာ အနားမှာ ဆွေမျိုးတွေအားလုံးရှိနေပါတယ်။

“စတိဖ်ဟာ မကွယ်လွန်ခင်မှာ ဘာမှ သိပ်မသိရှာတော့ပါဘူး။ ဝေဒနာခံစားပြီး အော်နေရရှာတာပါ”
လို့ မွန်နာက နောက်ပိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။

နီမင်းဆွေ