ဘယ်လိုဖိနပ် စီးပေးမယ်။

ဘယ်လိုဖိနပ် စီးပေးမယ်။

===============
ကလေးလေးတွေရဲ့ ခြေထောက်လေးတဖက်စီမှာ အရိုး ၂၆ချောင်း အဆစ် ၃၅ဆစ်ပါပါတယ်။ အရွတ်လေးတွေ ၁၀၀ကျော်နဲ့ တွယ်ဆက်ထားပါတယ်။ ချွေးထုတ်ဂလင်းလေးတွေ ၂၅၀၀၀ လောက်ရှိပါသတဲ့။ ကြားထဲမှာ ကြွက်သားလေးတွေနဲ့ အဆီတွေဖြည့်ထားလို့ ပြည့်ပြည့်ဖောင်းဖောင်း ပျော့ပျော့ပြောင်းပြောင်းလေး ဖြစ်နေတာပေါ့။

ဒီခြေထောက်လေးတွေနဲ့ လျှောက်လှမ်းလို့ တသက်လုံး အလုပ်လုပ်ရမှာမို့ ငယ်ကတည်းက ဒီခြေထောက်လေးတွေ သန်မာအောင် နည်းလမ်းမှန်ဖွံ့ဖြိုးလာအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။

လွတ်လပ်စွာ လှုပ်ရှားပါစေ။
~~~~~~~~~~~~~~~~
အရေးအကြီးဆုံးအချက်ပါ။ ခြေထောက်လေးတွေ အစွမ်းကုန် ကန်ပါစေ။ ဆန့်ထုတ်ပါစေ။ မွေးကင်းစကတည်းက အနှီးနဲ့ တချိန်လုံး တင်းကြပ်အောင် ထုပ်မထားသင့်ပါ။ ခြေအိတ်နဲ့တဆက်တည်း ညအိပ်ဝတ်စုံတွေ ဝတ်တဲ့အခါ တင်းကြပ်နေတာမျိုး မဖြစ်အောင်သတိထားရပါမယ်။ လမ်းမလျှောက်နိုင်သေးတဲ့ကလေးငယ်တွေ ဖိနပ်စီးမပေးသင့်ပါဘူး။ နွေးထွေးအောင် ခြေအိတ် သိုးမွေးဖိနပ်လေးတွေ ဝတ်ပေးနိုင်ပါတယ်။ ခြေထောက်ဖွံ့ဖြိုးမှုအတွက် မတင်းကြပ်အောင် သတိထားဖို့လိုပါမယ်။

လမ်းစလျှောက်ချိန်
~~~~~~~~~~
ကလေးငယ်လေးတွေဟာ အသက် ၈လနဲ့ တနှစ်ခွဲကြားမှာ စလမ်းလျှောက်ကြပါတယ်။ သူတို့လေးတွေရဲ့ ခြေဖဝါးပုံသဏ္ဍာန်က ပြား နေပြီး လူကြီးလို အလယ်မှာ မခွက်သေးပါဘူး။ အတွင်းဘက်ကိုလည်း အနည်းငယ်ခွင်တာ သဘာဝပါ။

တတ်နိုင်သမျှ ခြေဗလာထားပေးစို့။
~~~~~~~~~~~~~~~~~~~~
လမ်းလျှောက်စမ်းချိန်မှာ ခြေဖဝါးရဲ့အထိအတွေ့မှတ်သားမှုက သိပ်အရေးကြီးပါတယ်။ မြေကြီး သဲ အပျော့အမာ အကြမ်းအချော ဒါတွေကို မှတ်သားဖို့ ရင်းနှီးဖို့ လိုပါတယ်။ ဒါကြောင့် လမ်းစလျှောက်ဖို့ ကြိုးစားနေတဲ့ကလေးငယ်တွေကို ဖဝါးအလွတ်နဲ့ထားသင့်ပါတယ်။ ဟန်ချက်ညီဖို့ ကိုယ်နေဟန်ထားမှန်ကန်ဖို့ ခြေအနှုတ်အသိမ်းနဲ့လက်လွှဲဟန်ချက်ထိန်းမှန်ကန်ဖို့တွေက ခြေဗလာနဲ့ကလေးတွေမှာ သင်ယူလေ့ကျင့်တတ်မြောက်ဖို့ ပိုအဆင်ပြေစေပါတယ်။ ခြေဗလာထားခြင်းက အရိုး အဆစ်လေးတွေ ကြွက်သားလေးတွေ အရွတ်လေးတွေ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးသန်မာစေပါတယ်။

ဘယ်လိုအချိန် ဖိနပ်စီးပေးမယ်။
~~~~~~~~~~~~~~~~~
ဒါဖြင့် ဖိနပ်လုံးဝစီးမပေးရတော့ဘူးလား လို့ မေးစရာအကြောင်းရှိလာပါတယ်။ အချိန်တိုင်းစီးမပေးဘဲ ခြေဖဝါးလေးတွေ ထိခိုက်ဒဏ်ရာရနိုင်တဲ့ မျက်နှာပြင်နဲ့ ပူတဲ့အေးတဲ့နေရာတွေ လျှောက်စေမယ်ဆိုတဲ့အခါ စီးပေးသင့်ပါတယ်။ ဖိနပ်စီးပေးတဲ့ ရည်ရွယ်ချက်က ဒဏ်ရာမရအောင် အပူအအေးခံနိုင်အောင်ပဲ ဖြစ်သင့်ပါတယ်။

ဘယ်လိုဖိနပ် ရွေးချယ်မယ်။
~~~~~~~~~~~~~~~~
လမ်းစလျှောက်ခါစမှာ ရွေးချယ်တဲ့ဖိနပ်က အောက်ခံပြားပျော့ပျောင်းပြီး ပါးရမယ်။ ခြေဗလာနဲ့လျှောက်သလို ခံစားမှုတူတဲ့ ဖိနပ်မျိုးရွေးသင့်ပါတယ်။ ခြေချောင်းလေးတွေနားမှာ ကွေးလို့ရရမယ်။ နောက်ပိုင်းမှ အောက်ခံပြားထူတဲ့ဖိနပ်တွေ တဖြည်းဖြည်း ပြောင်းစီးပေးနိုင်ပါတယ်။

ဖိနပ်ဦးက ဖနောင့်ဘက်ထက် ပိုကျယ်ရမယ်။
ခြေထောက်ရဲ့ သဘာဝလှုပ်ရှားမှုအတိုင်း ဖြစ်စေမယ့် ဖိနပ်မျိုး ဖြစ်ရမယ်။

သက်တောင့်သက်သာရှိအောင် အနေတော်ဖြစ်ရမယ်။ ခြေချောင်းလေးတွေ အကွေးအဆန့်အတွက် နေရာရှိရမယ်။ ကလေးရဲ့ခြေဖဝါး ဘေးတိုက်ဗျက်အကျယ်ရော အရှည်ရော မကျပ်စေမယ့် ဖိနပ်မျိုးရွေးချယ်ပါ။ ဖိနပ်ဦးက အရှည်ဆုံးခြေချောင်းလေးရှေ့ လက်မဝက်ပိုကျယ်ရပါမယ်။ ဖနောင့်ဘက်ကတော့ မချောင်လွန်းမကျပ်လွန်း ကွက်တိဖြစ်တာ ရွေးသင့်ပါတယ်။ ခြေဖဝါးနှစ်ဖက်လုံး တိုင်းကြည့်ပြီး ပိုကြီးတဲ့ဖက်နဲ့ တိုင်းတာပြီး ဝယ်သင့်ပါတယ်။

အသက် ၁-၂ နှစ် မှာ – ၂ လတခါ
အသက် ၃-၄ နှစ် မှာ – ၄ လတခါ
အသက် ၅-၆ နှစ် မှာ – ၆ လတခါ
ဖိနပ်နဲ့တော်သေးရဲ့လား ပြန်စစ်ဆေးရပါမယ်။ ခြေဖဝါးလေး ကြီးလာတဲ့အလျောက်လည်း သင့်တော်တဲ့ဖိနပ်ကို ပြောင်းပေးရမှာပါ။ ကျပ်တဲ့ဖိနပ်တွေက ခြေထောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

ကလေးတွေရဲ့ ခြေဖဝါးလေးတွေက ချွေးထွက်များတာကြောင့် ဖိနပ်အသားက လေဝင်ထွက်နိုင်တဲ့ သားရေ ကင်းဗတ်စ် အဝတ် လိုမျိုးအသားဖြစ်ရပါမယ်။ သားရေတု ပလတ်စတစ်လိုမျိုး မဝတ်ပေးသင့်ပါဘူး။

မချော်နိုင်တဲ့ အောက်မျက်နှာပြင်မျိုး(မြောင်းလေးတွေ ဖုလေးတွေပါတာမျိုး)က ကလေးခြေကုတ်မြဲအောင် အကူအညီပေးလို့ ရွေးချယ်သင့်ပါတယ်။

စီးလို့လွယ် ချွတ်လို့လွယ်တာမျိုး ရွေးသင့်ပါတယ်။

နောက် အရေးကြီးတာတခုက ပေါ့ပါးရပါမယ်။ ကြီးတဲ့ထိ စီးလို့ရအောင်ဆိုပြီး ဆိုဒ်ကြီးနေတဲ့ ဖိနပ်လေးလေးကြီးမျိုး မစီးပေးသင့်ပါဘူး။ ကလေးခြေထောက်အနှုတ်အသိမ်းမှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။ လမ်းလျှောက်ရခက်ပြီး ချော်လဲနိုင်ပါတယ်။

ချစ်စရာရင်သွေးတို့ လိုရာခရီးချောချောမောမော လျှောက်လှမ်းနိုင်ပါစေ။ ။

ဒေါက်တာသက်ထားရွှေစင်ဝင်း
(ကလေးဆရာဝန်)