ကျွန်တော်နှင့် အတောင်ပံ #မင်းလူ

ကျွန်တော်နှင့် အတောင်ပံ #မင်းလူ

အိပ်ရာမှ နိုးသောအခါ ခြင်ထောင် အမိုးမှာ ဇောက်ထိုးရပ်နားနေသော ခြင်တစ်ကောင်ကို ထူးထူးခြားခြား မြင်လိုက်ရ၏။ ထူးထူးခြားခြား ဆိုသော စကားသည် ခြင်၏ ရပ်တည်နေမှုနှင့် မသက်ဆိုင်။ ခြင်သည် ရေပြင်ညီဖြစ်စေ၊ ထောင်လိုက် ဖြစ်စေ၊ ပြောင်းပြန်ဖြစ်စေ ရပ်နားနိုင်ကြောင်း အများ သိပြီးသားပင်။ ခြင်ထောင်ထဲတွင် ခြင်ရောက်နေသောကြောင့် ထူးခြားသည်ဟု ဆိုရခြင်း ဖြစ်သည်။

ငယ်ငယ်တုန်းက ခြင်သတ်တမ်း ကစားဖူးသည်။ လက်ဝါးနှစ်ဖက်ကို ခပ်ခုံးခုံး ခပ်ဖွဖွလုပ်၍ ရိုက်လိုက်သောအခါ ခြင်သည် လေဟပ်ပြီး မူးမေ့သွားသည်။ အကောင်မပျက် အရှင်ဖမ်းမိခြင်း ဖြစ်သည်။ ခြင်ထောင်ပေါ်သို့ ဖယောင်းစက်ချသည်။ ဖယောင်းခြောက်သွားသောအခါ အသာ ခွာယူလိုက်လျှင် ဂူသွင်းပြီးသား ရလေသည်။ ဖယောင်းလုံး ဘယ်နှစ်လုံးရသည်ဟု သူငယ်ချင်းတွေနှင့် ပြိုင်လေ့ရှိသည်။ လူပျိုပေါက် အရွယ် ရောက်သောအခါ ခြင်တွေကို မေ့သွားပြန်၏။

တစ်ချိန်တွင် ခြင်ကိုက်ခြင်း၊ ကြမ်းပိုးကိုက်ခြင်းတို့ကို ပေယျာလကန် သဘော ထားခဲ့လိုက်ပြန်သည်။ ခြင်ထောင် ဆိုသည်မှာ အကျင့်ကြီး ပါနေသောကြောင့်သာ ညကျလျှင် ဆွဲချ၊ မနက်ကျလျှင် လုံးထွေးပြီး ပြန်တင်အပ်သော အရာ တစ်ခုအဖြစ် အသိအမှတ်ပြုထား၏။

ကျွန်တော့်ခြင်ထောင်ထဲတွင် ပုံမှန်စတည်းချသော ခြင်လေးငါးကောင်လောက် ရှိချင် ရှိပေလိမ့်မည်။ ကိစ္စမရှိ။ ခြင်တစ်ကောင်သည် တစ်ညလျှင် တစ်ကြိမ်လောက်သာ ကိုက်နိုင်မည်။ ခြင်လေးငါးကောင် အကိုက်ခံရလို့ သွေးနှစ်စက်၊ သုံးစက် အပြင် ပို၍ မဆုံးရှုံးနိုင်။ သွေးလှူသောအခါ သွေးတစ်ပုလင်းလုံး ထုတ်ပေးလိုက်တာတောင် ကိုယ်ခန္ဓာ အတွက် ပြောပလောက်အောင် ထိခိုက်မှု မရှိနိုင်ဟု ကြားဖူးသည်။ ပြီးတော့လည်း “ခြင်ထောင်” ဆိုသောနာမည် မှည့်ထားပါလျက် ခြင်တွေကို ဝင်ခွင့် မပေးတာတော့ ဘယ်တရား မလဲဟု ကတ်ကတ်သတ်သတ် တွေးသည်။

အိမ်ထောင်ကျသောအခါ ခြင်ဆန့်ကျင်ရေးသမားနှင့်မှ သွားတွေ့သည်။ လေးမေသည် ညအိပ်ခါနီးလျှင် ခြင်ထောင်ထဲမှာ ခြင်တစ်ကောင် တစ်မြီးမျှ မကျန်အောင် သုတ်သင်ပြီးမှ အိပ်တတ်သည်။

“တစ်ကောင်တလေကျန်လည်း ကိစ္စမရှိပါဘူးဟာ၊ သိပ်နုမနေစမ်းပါနဲ့၊ ခြင်ကိုက်တာလောက်တောင် မခံနိုင်ဘူးလား၊ ခြင်ထောင် ထောင်စရာ မရှိတဲ့လူတွေ ဘယ်လိုလုပ်မလဲ” ဟု ကျွန်တော်က သူ့ကိုထေ့သည်။ သူက..
“ခြင်ထောင် မရှိတဲ့အခါကျတော့လည်း မရှိသလို နေနိုင်အောင် ကြိုးစားရမှာပေါ့၊ ခု ခြင်ထောင် ရှိနေလျက်သားနဲ့တော့ တမင်တကာ ခြင်ကိုက်မခံနိုင်ပါဘူး” ဟု ကျွန်တော့်ကို ပြန်တွယ်ပြီးလျှင် ခြင်ကြောင့် ဖြစ်နိုင်သော ရောဂါများ အကြောင်းကို ပညာပေး ဟောပြောလေတော့သည်။ ပလက်စမိုဒီယမ်ခေါ် ငှက်ဖျားပိုးကြောင့် သွေးတွေ အဆိပ်တက်ပြီး….
“ဒါတွေ ကိုယ်သိပြီးသားပါကွာ၊ ဆယ်တန်းတုန်းက ဘိုင်အိုယူခဲ့တာကွ” ဆိုပြီး အနိုင်နှင့် ပိုင်းလိုက်သည်။ သူကတော့ ညတိုင်းကျလျှင် ခြင်တွေကို ရှာမြဲ၊ သတ်မြဲပင်။

တစ်ခါကျတော့ ကျွန်တော့် အစ်ကို တစ်ယောက် ငှက်ဖျားရောဂါ ဖြစ်သည်။ အချိန်မှန်မှန် တက်တတ်သော အဖျား။ သူအဖျားတက်ပြီ ဆိုလျှင် တစ်ကိုယ်လုံး တုန်နေသည်။ စောင်လေးငါးထပ် ခြုံလို့လည်း မရ။ လူသုံးလေးယောက် တက်ဖိထားလို့လည်း တုန်နေတုန်း။ အဖျားကျသွားပြီး ဆိုလျှင် လူက ယူပစ်လိုက်သလိုပင် ဟိုက်ခနဲ ကျသွားတတ်သည်။

ကျွန်တော်တို့အိမ်နားက ကလေး တစ်ယောက်ကျတော့ သွေးလွန်တုပ်ကွေး ဖြစ်သည်။ ဆေးရုံမှာ အတော် ကုယူလိုက်ရသည်။ ဆေးရုံကဆင်းပြီးသည့်တိုင် ရက်အတန်ကြာသည်အထိ နာလန် မထူချင်သေးဘဲ ဖြစ်ခဲ့ရသည်။ ထိုအခါမှစ၍ ကျွန်တော်သည် ခြင်တွေကို နည်းနည်းလန့်လာသည်။ ခြင်သုတ်သင်ရေးကို အားပေး အားမြှောက်ပြုသည်။ စာရေးခါနီးတွင် စားပွဲအောက်ကို နနွင်းမှိုင်း တိုက်သည်။ ညအိပ်ခါနီး လေးမေ ခြင်ရှာသောအခါ “ဟိုမှာ တစ်ကောင်၊ ဟိုမှာ တစ်ကောင်” ဟု ဝင်အော်ပေးတတ်လာလေ၏။

ခြင်ထောင် အမိုးမှာနားနေသော ခြင်ကို သေသေချာချာ ကြည့်သည်။ ငှက်ဖျား ရောဂါပိုးကို သယ်ဆောင်သော အနိုဖလိခြင်သည် နားသောအခါ ဖင်ထောင်နေတတ်သည်။ ခုခြင် ကတော့ မဟုတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နှစ်ယောက်အနက် တစ်ယောက်ယောက်ကို ကိုက်ထားသောခြင် ဖြစ်သည်မှာ သေချာ၏။ ညက ညဥ့်နက်အထိ စာရေးခဲ့သည်။ စာရေးအပြီး ခြင်ထောင်ထဲ အဝင်တွင် ဒီခြင်က ကပ်လိုက်လာတာဖြစ်မည်။ ခြင်တို့သည် နေ့နှင့်ည သဘာဝချင်း မတူ။ ညဆိုလျှင် လှစ်ခနဲ ဝှီးခနဲနေအောင် လျင်မြန်သည်။ နေ့ဘက်ကျတော့ အာရုံခံအဂ်ါများ အားနည်း နေတတ်သလား မသိ။ ပျံသန်းလျှင်ပင် ခပ်နှေးနှေး။

ဖြန်းခနဲ ရိုက်ချလိုက်သည်။ မိမိရရှိကြောင်း လက်ဖဝါး၏ အထိအတွေ့က သိနေ၏။ လက်ဖြန့်ကြည့်သောအခါ လက်ဖဝါးပေါ်တွင် စိစိညက်ညက်ကြေနေသော ခြင်ကို တွေ့ရသည်။ သွေးတွေက ရဲနေသည်။ သူ့ကိုယ်ထဲက ထွက်လာခြင်း ဖြစ်သော်လည်း သူ့သွေး မဟုတ်။ ကျွန်တော်တို့၏ သွေးတွေ။

သွားပွတ်တံပေါ်တွင် သွားတိုက်ဆေး ညှစ်ထည့်ပြီး မျက်နှာသစ်ရန် ထွက်ခဲ့သည်။ စာရေးစားပွဲပေါ်တွင် လက်ဖက်ရည် တစ်ခွက်နှင့် မည်ကာမတ္တဟု ကျွန်တော် နာမည်ပေးထားသော ထမင်းကြော် တစ်ပန်းကန် တွေ့ရသည်။ ဆီကလေး ပါလေဟန်နှင့် အိုးကင်းပူတိုက်ပြီး ပဲပြုတ်ဖြူးထားခြင်း ဖြစ်သည်။ လေးမေကတော့ ထမင်းလှော်ဟု သူ့ဘာသာ နာမည်ပြောင် ပေးထားသည်။ မျက်နှာမသစ်မီ တစ်ဇွန်းလောက် မြည်းကြည့်မလို့ စိတ်ကူးသေးသည်။ ဇွန်းကိုကိုင်ပြီးမှ ပြန်ချထား လိုက်ပြီး ထွက်လာခဲ့သည်။ လေးမေသည် ရုံးကြိုကား မမီမှာစိုးသဖြင့် ခပ်သုတ်သုတ် ပြင်ဆင် နေသည်။ ထမင်းဘူး အဖုံးကို ပိတ်ရင်း….
“ညနေ လက်ဖက်ခြောက် ဝယ်ဖို့ မမေ့နဲ့နော်၊ ရွှေပလောင်နဲ့ ကုန်တိုက်ကဟာ ပေါင်ဝက်စီ ဝယ်ခဲ့” ဟု လှည့်မကြည့်ဘဲ ပြောသည်။ ကျွန်တော်ကလည်း ခေါင်းညိတ်ပြလိုက်၏။

မီးဖိုဆောင်ကို ဖြတ်ထွက်လိုက်သောအခါ ရေစည်ရှိရာသို့ ရောက်လာသည်။ စင်ပေါ်က ရေခွက်ကို ယူပြီး ရေခပ် မည်ပြုသည်။ ခွက်ကိုင်ထားသောလက်က တုန့်ခနဲ ဖြစ်သွား၏။ ရေမျက်နှာပြင်ပေါ်မှာ ခြင်တစ်ကောင် နားနေသည်။ စိတ်တိုသွား၏။ ခြင်တွေကလည်း နေရာတကာပဲဟု စဉ်းစားမိသည်။ ရေခွက်နှင့် ရိုက်သတ်မည်ပြုပြီးမှ မရိုက်ဖြစ်။

ကြည့်စမ်းပါဦး။ သူသည် ရေပြင်ပေါ်မှာ နားနေခြင်း မဟုတ်။ ရေမျက်နှာပြင်အောက်မှ ထိုးထွက်ဖို့ ကြိုးစား နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏ဘဝ ပထမပိုင်းဖြစ်သော ပိုးလောက်လန်းအခွံထဲမှ လူးလွန့်ရုန်းထွက်နေခြင်း ဖြစ်သည်။

သူ့လှုပ်ရှားမှုကို ဆက်ကြည့်နေမိ၏။ သူသည် ကိုယ်တစ်ပိုင်းက ရေပေါ် ရောက်နေပြီ။ ခြေထောက်များက လွတ်လွတ်ကျွတ်ကျွတ် မဖြစ်တတ်သေး။ ခြေထောက်များကို နှဲ့ပြီး ထုတ်နေသည်။ အတောင်ပံကို မခတ်ဘဲ နေသည်။ မခတ်နိုင်သေးလို့လား၊ ကောင်းကောင်း မခတ်တတ်သေးလို့လား မသိ။ ရှေ့ခြေများ ထွက်လာသည်။ ထိုခြေထောက်များဖြင့် ရေပြင်ကိုကန်၍ ရုန်းနေပြန်သည်။ အတောင်ပံများ လှုပ်စပြုလာသည်။ ကိုယ်ကို လွန့်လိုက်ရာ တစ်ပတ်လည်သွားသည်။ ထိုစဉ်တွင် ဝမ်းဗိုက်ပိုင်းကို မြင်လိုက်ရသည်။ အရစ်ရစ်တွေနှင့် ခြင်ကျား။ “သွေးလွန်တုပ်ကွေး ကာကွယ်ရေး၊ ခြင်ကျားခေါ် ခြင်ပုန်း နှိမ်နင်းပေး” ဆိုသော ကျန်းမာရေး ဆောင်ပုဒ်ကို ရုတ်တရက် သတိရသည်။ သူသည် ကလေးတွေကို ကိုက်လျှင်…. ကျွန်တော့်မှာ တူကလေးတွေ၊ တူမကလေးတွေ ရှိသည်။ ရေခွက်ကို စင်ပေါ် အသာပြန်တင်သည်။ လက်ညှိုးနှင့်တောက်ပြီး သတ်မည်ဟု ကြံသည်။ လက်ညှိုးပေါ် လက်မနှင့်ဖိပြီး အသင့်ပြင်သည်။ တဖြည်းဖြည်း အနားတိုးကပ်လိုက်၏။

သူသည် တောင်ပံ တဖျတ်ဖျတ် ခတ်သည်။ ရေပြင်ပေါ်မှ ကြွတက် ၍ကား မလာ။ ရေမျက်နှာပြင်၏ တင်းအားကို သူမအောင်နိုင်သေး။ ကျွန်တော်၏ လက်ညှိုးသည်လည်း မတောက်ဖြစ်သေးချေ။

သူ၏ဘဝတွင် အစိတ်အပိုင်း နှစ်ခုရှိသည်။ ပထမတစ်ပိုင်းက ရေထဲမှာ။ ဒုတိယတစ်ပိုင်းက လေထဲမှာ။ သူသည် ဥအဖြစ်မှ တရွေ့ရွေ့ ပြောင်းလဲပြီး ပိုးလောက်လန်း ဖြစ်ခဲ့သည်။ ကိုယ်ကို ကွေးချည် ဆန့်ချည်ဖြင့် လှုပ်ရှားသွားလာရသည်။ ထိုအခြေအနေမှ ခြေထောက်တွေထွက်လာ၊ အတောင်ပံတွေ ပေါက်လာပြီး ရေပြင်ကို တွန်းထိုး၍ ထွက်ကာ အပြင်လေကို စတင်ထိတွေ့ရသည်။ ထိုအခါတွင် သူ့ကိုယ်သူ ဘယ်လောက် အံ့ဩလိုက်လေမည်နည်း။

ခုအခါ သူ၏ဘဝ ပထမပိုင်းမှ ဒုတိယပိုင်းသို့ ကူးပြောင်းနေခြင်း ဖြစ်၏။ သူသည် ရေအောက်က ကမ္ဘာ ကျဉ်းကျဉ်းကလေး ထဲမှာသာ နေခဲ့ရသည်။ ရေစည်၏ ဟိုဘက်စွန်း၊ ဒီဘက်စွန်း၊ ရေအနက် အပေါ်အောက် ရှိသလောက်သာ သူ့နယ်ပယ် အကျယ်အဝန်း ဖြစ်ခဲ့သည်။ ခုဆိုလျှင် သူ ရေပြင်ပေါ်သို့ ရောက်နေပြီ။ လေကို စတင် မြင်ဖူးပြီ။ သို့ရာတွင် သူသည် မပျံသန်းဖူးသေး။ လေတွင် ဝဲပျံရသည့် အရသာကို မကြုံရဖူးသေး။ အပြောကျယ်သော ပြင်ပ လေထုအောက်ရှိ အရောင်အဆင်းများ၊ ပန်းပွင့်များ၊ ရေပြင်လို စေးထန်း ပျော့အိမနေဘဲ မာကျော ခိုင်မြဲသော နားခိုစရာ နေရာများ အကြောင်းကို သူမသိရသေး။ ယုတ်စွအဆုံး ခြင်တစ်ကောင် ပီသဖို့ အတွက် သွေးတစ်စက်မျှကိုပင် မစုပ်မျိုဖူးသေး။

ကျွန်တော့်လက်များသည် ကွေးနေဆဲ။ လက်ညှိုးကို လက်မဖြင့် ဖိထားရသဖြင့် လက်ကတုန်နေသည်။ လွှတ်အံ့ဆဲဆဲ….
“မျက်နှာသစ်တော့လေ၊ ဘာငေးနေတာလဲ”
လေးမေ၏ အသံကြောင့် ဖျတ်ခနဲ လန့်သွားသည်။ သူသည်လည်း ဆတ်ခနဲရုန်းပြီး လေထဲသို့ ပျံတက်သွား၏။

လေးမေ ကျွန်တော့်ဘေး လာရပ်ပြီး….
“ဘာကြည့်နေတာလဲ”
“ဟိုကိစ္စပါ.. ဘာမှ မဟုတ်ပါဘူး”
ဟု ပြောပြီး ရေမျက်နှာပြင်တွင် ကျန်ရစ်ခဲ့သော ပိုးလောက်လန်းအခွံကို တစ်ချက်ကြည့်မိသည်။ လေးမေက ရေစည်နား တိုးကပ်လာပြီး ကျွန်တော်ကြည့်သလို လိုက်ကြည့်သည်။
“ဟင်.. ရေစည်ထဲမှာလဲ ပိုးလောက်လန်းတွေပါလား၊ ညနေကျရင် ရေစည်ကို လှယ်ပစ်ရအောင်.. သိလား”
ကျွန်တော် ဘာမျှပြန်မပြော။ ပါးစပ်ထဲသို့ သွားပွတ်တံကို ထိုးထည့် လိုက်သောကြောင့် ဖြစ်သည်။

(#ရှုမဝ၊ မတ်၊ ၁၉၈၃)
#crd