စာသင်ခန်းကို ဇောက်ထိုးလှန်ပြီ

စာသင်ခန်းကို ဇောက်ထိုးလှန်ပြီ

———————————
ကိုယ့်အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းမှာ ပညာရေးက “Outdoor Class” ဆိုတာတွေ လုပ်တော့မယ်တဲ့ဗျ။ သူတို့က အဲဒါကို Alternative Education လို့ပြောနေကြပြီ။

ကျောင်းဆိုတာ နံရံလေးဘက်ကာပြီး တံခါးတွေပိတ်၊ ဆရာတွေက ဂိတ်ပေါက်ဝမှာစောင့်တဲ့ နေရာဌာနဆိုတာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စပြီးတော့ တော်လှန်နေပါပြီ။

အို … အိပ်ပျော်နေသူများ … ထကြလော့ … မျက်စိတွေ ဖွင့်ကြည့်ကြလော့

ထိုင်းနိုင်ငံ ဟွေပန်းဆိုတဲ့ရွာကျောင်းမှာ နေ့ခင်းကျောင်းလွှတ်ရင် ကလေးတွေကို ရေအကြောင်း သင်ပေးမတဲ့။ နေ့ခင်းကျောင်းဆင်းတာနဲ့ ကလေးတွေကို ရွာဘေးနားမှာ ဖြတ်စီးနေတဲ့ နမ်မြစ်ဆီကိုခေါ်သွားပြီးတော့ လက်တွေ့ပညာ သင်မှာပါ။

အသက် ၆ နှစ်ကနေ ၁၄ နှစ်အရွယ်ကလေးတွေကို ရေကူးကစသင်မယ်။ မြစ်ထဲမှာ စားစရာတွေကို ဘယ်လို ရှာနိုင်တယ်ဆိုတာ သင်မယ်။ ကွန်ပစ်နည်း၊ ငါးဖမ်းနည်းတွေလည်းပါတယ်။

ဆရာတွေက နေ့ခင်းအချိန်ရောက်ရင် ကလေးတွေကို မြစ်ဘေးနား ခေါ်သွားရုံပဲ။ မြစ်ဘေးနားမှာ စောင့်နေမှာက မိဘတွေ။

“ဟိုမှာ မင်းတို့ဆရာတွေ စောင့်နေတယ်” လို့ ဆရာကပြောလိုက်တယ်။

“ဒီအချိန်မှာ မင်းတို့ မိဘတွေက မင်းတို့ဆရာတွေပဲ … ဆရာမတို့လည်း သူတို့ဆီက ပြန်ပြီးတော့ သင်ယူရဦးမယ်” တဲ့

စာသင်ခန်းကို မြစ်ဘေးနားရွှေ့ရဲတဲ့သတ္တိ သူတို့မှာရှိနေပြီ။ ဘဝအတွက် တစ်သက်တာပညာဟာ စာသင်ခန်း ထဲမှာ မဟုတ်ဘူး။

မြစ်ချောင်းဘေးနားက ကလေးတွေကို ပုလွေမှုတ်မသင်ဘူး။ အကတွေ သင်မနေဘူး။ လက်တွေ့ကျကျ ငါးဖမ်းနည်း၊ ရေကူးနည်းသင်ပြီးတော့ အသက်မွေးဝမ်းကျောင်းနိုင်အောင် လုပ်နေတယ်။

“သဘာဝသစ်တောကြီးထဲမှာ လေ့လာစရာတွေအများကြီး ရှိသေးတယ်” လို့ ဆရာတစ်ယောက်က လက်ညှိုးထိုး ပြောနေတယ်။

သူတို့ တောထဲဝင်ပြီး စားစရာရှာနည်း၊ အမဲလိုက်နည်းတွေလည်း သင်ပေးဦးမယ်ထင်တယ်။

ပညာဆိုတာ ကျောင်းထဲမှာချည်းရှိတာ မဟုတ်ဘူးဆိုတာ ကိုယ့်အိမ်နီးချင်းနိုင်ငံက မြင်နေပြီ။ သင်နေပြီ။

ဘာပြောပြော ထောင်လိုလို နံရံတွေ၊ တံခါးတွေပိတ်ထားတဲ့အထဲကို မဝင်ရမှာ ကြောက်လွန်းလို့ သောကတွေ ရောက်သူကရောက်၊ ဒီကျောင်းက အတန်းအောင်၊ ဒီကျောင်းကိုပြန်တက်ဖို့ ဖောင်တွေဖြည့်၊ မိဘတွေက လိုက်အပ်၊ ဓာတ်ပုံတွေတောင်း၊ မှတ်ပုံတင်တွေတောင်း … လွယ်တာကို ခက်အောင်လုပ်နေတဲ့ ပညာရေး စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေအစား စိတ်မကောင်းပါဘူး။

ထိုင်းနိုင်ငံမှာ သူတို့ကလေးတွေကို သဘာဝထဲမှာ ပညာရှာ … လက်တွေ့မှာ ပညာသင်နိုင်အောင် ပြင်ဆင် နေကြပြီ။

ကြည့်လိုက်ရအောင်

စင်ကာပူကို ဘယ်သူကအရင်ကျော်မလဲဆိုတာ

(ထိုင်းနိုင်ငံ ဟွေပန်းကျောင်းအကြောင်း နောက်မှ ဆက်ရေးမယ်။ ခုတော့ မင်္ဂလာဆောင် သွားစရာရှိလို့ မိုးထဲလေထဲ ပြေးလိုက်ဦးမယ်)

တင်ညွန့်

၂.၆.၂၀၁၉