မြင့်သန်းနှင့် စာပေဝေဖန်ရေး (မောင်မောင်မြင့်သိန်း – စက်မှုတက္ကသိုလ်)

မြင့်သန်းနှင့် စာပေဝေဖန်ရေး (မောင်မောင်မြင့်သိန်း – စက်မှုတက္ကသိုလ်)

” စာပေဝေဖန်ရေးဟာ အမှားရှာတဲ့အလုပ်၊ မြှောက်ရင်း ဘေးတီးပေးတဲ့အလုပ် မဟုတ်ဘူး။ ကောင်းတယ်၊ မကောင်းဘူး ပြောရင်တောင် စာဖတ်တဲ့သူကို ကိုယ်က ဘာကြောင့် မကောင်းဘူးလို့ သတ်မှတ်တယ်ဆိုတာ ခိုင်လုံတဲ့အချက်အလက်နဲ့ ဆင်ခြေပေးရလိမ့်မယ် ”

” ဝေဖန်ရေးပညာရှင်တွေအနေနဲ့ ဝေဖန်ချက်တွေ ပျံ့နှံ့သွားတဲ့အပေါ်မှာ တစ်နည်းပြောရရင် သူက လက်ပြောင်းလက်လွှဲ လုပ်လိုက်တဲ့အသိ၊ သိမှုတစ်စုံတရာအပေါ်မှာပါ တာဝန်ရှိနေတယ် ”

👇

” ဆရာ့ရဲ့ ဝတ္ထုတိုတွေကို ဖတ်မိရာက ဝတ္ထုတိုဆရာအဖြစ် မှတ်သားမိခဲ့ဖူးပါတယ်။ ဆရာ့ရဲ့ စာပေဖြတ်သန်းမှုမှာ မြင့်သန်း (သြစတြေးလျ) ဆိုတာ ဘယ်လို တည်ဆောက်ခဲ့ပါသလဲ။ စာပေဘဝအစကို ပြောပြစေချင်ပါတယ် ”

မြင့်သန်းဟာ မြင့်သန်းပဲဆိုတာ တစ်ခါနှစ်ခါ ရှင်းပြခဲ့ဖူးပါတယ်။ အမြီးမပါဘူး။ ဟိုက စာမူလှမ်းပို့ရာက အယ်ဒီတာဆရာက စေတနာဗလပွနဲ့ အမြီးတပ်ပေးလိုက်တာပါ။ ဒီတော့ ခပ်လွယ်လွယ်ပြောရရင် မြင့်သန်းပါပဲ။

ကျွန်တော့်မှာ ရေးကြီးခွင်ကျယ်လုပ် ပြောလောက်အောင် စာပေဘဝတွေ ဘာတွေ ရှိခဲ့ပုံ မရပါဘူး။ ဒါပေမဲ့ အဖေအပါအဝင် ငယ်ဆရာတွေ၊ ဘုန်းကြီးတွေ၊ သီလရှင်ကြီးတွေကြောင့် စာရေးဖြစ်တယ်ထင်တယ်။ တကယ်တော့ အဖေက ကျွန်တော့်ကို စာရေးဆရာ ဖြစ်စေချင်ပုံမရဘူး။

စောစောပိုင်းကာလမှာ သတင်းစာဆရာ၊ အယ်ဒီတာ လုပ်ခဲ့တဲ့ ဖေဖေဟာ စာရေးဆရာတွေ နွမ်းပါးတာကိုမြင်ပြီး သားကို စာရေးဆရာလုပ်မှာ၊ ဖြစ်ချင်တာက သိပ်အားမပေးဘူး။ အဖေက ကျွန်တော့်ကို ပညာရှင်၊ ပညာတတ်ပဲ ဖြစ်စေချင်တယ်။ အဲ့ဒီအပိုင်းတော့ အားပေးတယ်။ တစ်ခါတစ်ခါ ကျွန်တော့်ဘာသာ “ဘာဖြစ်လို့ စာရေးနေသတုံး” ဆိုတာ စဉ်းစားကြည့်ဖူးတယ်။ ဝီစကီတစ်လုံးလောက် ကုန်တဲ့အခါ မေးခွန်းဟာ အဖြေပြန်ဖြစ်သွားရော။

” ဝတ္ထုတိုစာရေးဆရာအဖြစ်က စာပေဝေဖန်ရေးဆောင်းပါးတွေကို ဘယ်လိုရေးသား အားထုတ်ဖြစ်တယ်ဆိုတာ သိပါရစေ ”

ရေးချင်လာလို့ပဲလို့ ပြောရမယ်ထင်တယ်။ တချို့ ဖတ်ရတာတွေကို အားမရလာတာလည်း ပါမယ်။ စာပေအနုသုခုမဆိုင်ရာ နယ်ပယ်အတွင်းမှာ ဝေဖန်ရေးဟာ ပညာရပ်တစ်ခုအဖြစ် ပြောင်းလဲလာတဲ့အပိုင်းမှာ ကျွန်တော်တို့ စာပေပညာရှင်တွေ မျက်ခြေပြတ်ကျန်ခဲ့ပုံတွေ တွေ့လာရတယ်။ ဝေဖန်ရေးဆိုတာ ကနေ့ကာလကြီးထဲမှာ ပညာရပ်တစ်ခု ဖြစ်လာရုံတင်မကဘူး။ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေ အတွင်းမှာ နည်းလမ်းတကျ သင်ကြားလေ့လာရတဲ့ ပညာတစ်ရပ် ဖြစ်နေတာကို မသိကျိုးကျွံပြုလို့ မရတော့ဘူးလို့ ကျွန်တော်မြင်တယ်။ ဒီတော့ ကျွန်တော်နည်းနည်း ဝင်ရေးချင်တယ်။ ဆရာလုပ်တယ်လို့တော့ မမြင်စေချင်ဘူး။ ကျွန်တော့်မှာ ဆရာလုပ်လောက်တဲ့ အရည်အချင်း၊ ဉာဏ်ရည်ဉာဏ်သွေး၊ ခေါင်း စတာတွေ မရှိဘူး။ များသောအားဖြင့် ကျွန်တော်ရေးခဲ့တာတွေဟာ စာပေဝေဖန်ရေးပညာရဲ့ တစ်စိတ်တစ်ပိုင်းလောက်ဖြစ်တဲ့ စာရေးသူနဲ့ စာဖတ်သူကြား တံတားထိုးပေးတာလောက်ပဲ ရှိတယ်။

” စာပေဝေဖန်ရေးဆိုတဲ့ ဝေါဟာရအပေါ် ဆရာ ဘယ်လိုနားလည်ထားပါသလဲ ”

စာပေဝေဖန်ရေးဆိုတာ စာပေဝေဖန်ရေးလို့ပဲ နားလည်ပါတယ်။ ဆိုလိုတာက စာပေဝေဖန်ရေးဟာ အမှားရှာတဲ့အလုပ်၊ မြှောက်ရင်း ဘေးတီးပေးတဲ့အလုပ် မဟုတ်ဘူးလို့ နားလည်ထားပါတယ်။ ဒီ့ပြင် စာပေဝေဖန်ရေးဟာ စာအရေးအသားနဲ့ စာဖတ်သူကို ဆက်သွယ်ပေးတဲ့ အပြုအမူ၊ အားထုတ်မှုတစ်ရပ်ပဲ။ အရေးအသား တစ်စုံတရာကို စာဖတ်သူဆီက ခွဲထုတ်ပစ်ဖို့ မဟုတ်ဘူး။ စာဖတ်သူနဲ့ ပိုပြီး နီးစပ်အောင် အားထုတ်ပေးဖို့ပဲ။ ကောင်းတယ်၊ မကောင်းဘူး ပြောရင်တောင် စာဖတ်တဲ့သူကို ကိုယ်က ဘာကြောင့် မကောင်းဘူးလို့ သတ်မှတ်တယ်ဆိုတာ ခိုင်လုံတဲ့အချက်အလက်နဲ့ ဆင်ခြေပေးရလိမ့်မယ်။ ကိုယ့်ရဲ့ သုံးမူးနှစ်ပြားတန် အသိဉာဏ်၊ အသိပညာကလေးနဲ့ မြန်မာဘာသာစာကို ဖတ်နိုင်တဲ့ လူတိုင်းအတွက် မှားယွင်းတဲ့အကဲဖြတ်မှု မပေးမိဖို့တော့ သတိထားကြဖို့တော့ လိုမယ်ထင်တယ်။

တစ်ချက် သတိရတုန်း ပြောချင်ပါတယ်။ ကြိုက်တာ၊ မကြိုက်တာ၊ သဘောတူတာ၊ မတူတာတွေ ဖယ်ထား။ မြန်မာစာပေအရေးအသားတွေအပေါ် ဝေဖန်လာကြတဲ့အပိုင်းမှာ အညာက ဆင်ကြီးများကိုတော့ ကျေးဇူးတင်ချင်တယ်။ တင်ဖို့လည်း သင့်တယ်။ အောက်ပြည်အောက်ရွာမှာ စာပေဝေဖန်ရေးကို လေလည်သလောက် လုပ်နေချိန်မှာ သူတို့က အစွယ်နဲ့ထိုးလိုက်၊ နှာမောင်းနဲ့ရိုက်လိုက် လုပ်ပြလာခဲ့တယ်။ ပညာရပ်တစ်ခုအနေနဲ့ အဲဒီဝေဖန်ရေးတွေကို ထည့်မစဉ်းစားဘူးပဲ ထားဦး။ သူတို့ တပ်လှန့်သံတွေကိုတော့ အသိအမှတ်ပြုရမယ်။ အဲဒီအခါက ဝေဖန်ရေးတွေကို ကနေ့အမြင်နဲ့ ပြောချင်ရာ ပြောကြ။ သူတို့ကသာ အဲဒီအခါက ဝေဖန်ရေးအပြုအမူတစ်ရပ် မဖော်ထုတ်ခဲ့ရင် မြန်မာစာပေဝေဖန်ရေးဟာ ခုထိ လခြမ်းကွေးကလေးပေါ်မှာပဲ ချိတ်ထားခံနေရဦးမှာပဲ။

စာပေဝေဖန်ရေးကို ခုတော့ ကမ္ဘာမှာ ပညာရပ်တစ်ခု အနေနဲ့ လက်ခံလာကြတယ်။ ဒီတော့ တစ်မျိုးမမြင်ပါနဲ့။ ပညာတတ်မှ လုပ်ရမယ်။ ဘီအေအောင်မှ လုပ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဝေဖန်ရေးကို တည်ဆောက်ပြရာမှာ ပညာရပ်ဆိုင်ရာ ပုံစံမျိုးနဲ့ တည်ဆောက် ထုတ်လုပ်လာကြတာပါ။ ခိုင်မာမှုရှိရမယ်။ အထောက်အထား ပါရမယ်။ ဒီ့ပြင် လူမှုရေး၊ စီးပွားရေး၊ သမိုင်းအချက်အလက် စသည်ဖြင့် အကြောင်းရပ်တွေကို ထည့်သွင်း စဉ်းစား ဆွေးနွေးတင်ပြရမယ်။ နှိုင်းယှဉ်မှု ရှိရမယ်။ အထောက်အထား ရှိရမယ်။ ခိုင်မာရမယ်။ စိတ်အထင်နဲ့ လျှောက်ရေးနေတာမျိုး၊ ကိုယ် သဘောကျတာမျိုးကလေးတွေကို မြှောက်ထိုးပင့်ကော် လုပ်ပြတာမျိုး၊ အယ်ဒီတာ့ပေးစာမျိုးက စာပေဝေဖန်ရေး မဟုတ်ဘူး။

” ရနံ့သစ်မဂ္ဂဇင်းမှာ ဆရာ သစ္စာနီရဲ့ ရွှေခွက်ထဲကဝိုင် ဆောင်းပါးမှာ “ ဝေဖန်ရေးသမားဆိုတာ တန်ဖိုးမြင့်တဲ့သူလို့ဆိုဖို့ ခက်ပေတဲ့ ဝေဖန်ရေးသမားဆိုတာ အနုပညာသမားထက် တာဝန်ပိုကြီးသူ ဆိုတာကိုတော့ ရဲရဲဝံ့ဝံ့ဆိုနိုင်ပါတယ် ” လို့ ပါရှိပါတယ်။ ဆရာ့အမြင်ကို သိပါရစေ ”

ဒီကိစ္စက အတော်ခက်တယ်။ အကြောင်းအရင်းက ကိုသစ္စာနီက ဘယ်လိုအကြောင်း Context နဲ့ ဆက်စပ်ပြီး ရေးခဲ့တာ မသိရလို့ပဲ။ စာကိုယ်၊ စာရင်းကို ပြည့်ပြည့်စုံစုံ မသိဘဲ ပြောလို့ကတော့ သိပ်တရားမယ် မထင်ဘူး။ ရင်းရင်းမြစ်မြစ်မသိဘဲ ပြောလို့ကတော့ ပို့စ်မော်ဒန်ပညာရှိကလေးများ ပြောသလို Deconstruction ဆိုတာ ဖြိုခွဲဖျက်ဆီးရေးစနစ်ကြီး ဆိုတာမျိုး ဖြစ်သွားလိမ့်မယ်။ အဲဒီ စာတစ်ကြောင်းတည်းအပေါ်မှာ ပြောရရင် ဝေဖန်ရေးသမားမှာ တာဝန်ပိုရှိတယ်။ ဒါမှမဟုတ် ကြီးတယ်လို့ ပြောကောင်းပြောနိုင်မယ်။ ဒါပေမဲ့ ဖန်တီးတည်ဆောက်နိုင်စွမ်းရှိတဲ့ အနုပညာသည်ရဲ့ ရှေ့က ဝေဖန်ရေးသမား ရှိမလာနိုင်ဘူး။ ဆိုလိုတာက ဖန်တီးတည်ဆောက်သူတွေရဲ့ ရှေ့မှာ သဘာဝတရားပဲ ရှိတယ်။ သဘာဝတရားရဲ့ ရှိနေမှုကို ဝေဖန်ပစ်လို့မရဘူး။ သဘာဝတရားအပေါ်မှာ ဝေဖန်ရေးဟာ ဘယ်လိုအကျိုးမှ မသက်ရောက်နိုင်ဘူး။ ဝေဖန်ရေးကို သဘာဝတရားက မတုံ့ပြန်ဘူး။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ လွတ်လပ်မှုအရ ပြောကြရင်တော့ ဖန်တီးတည်ဆောက်တဲ့ အနုပညာသည်တွေက ဝေဖန်ရေးပညာရှင်၊ ထပ်ပြောပါရစေ။ ဝေဖန်ရေးပညာရှင်တွေထက်ပိုပြီး လွတ်လပ်ကြလိမ့်မယ်။

ဒီမှာ ကျွန်တော်ပြောချင်တာက စနစ်တကျ ပညာရေးမှာ အခြေခံလာကြတဲ့ ဝေဖန်ရေးပညာရှင်တွေပါ။ ဝေဖန်ရေး နည်းပညာရှင်တွေလို့ ခေါ်ရင် ပိုပြည့်စုံမယ်ထင်တယ်။ သူတို့အဖို့ ကိုယ်ကျင့်တရားဆိုင်ရာ ပရဝုဏ်အထဲက တာဝန်ယူတဲ့အပိုင်းကို ပိုပြီးသတိထားကြလိမ့်မယ်။ ဖန်တီးတည်ဆောက်သူတွေကို တာဝန်ယူတဲ့အပိုင်း ထည့်ပေးလိုက်ရင် ဖန်တီးတည်ဆောက်သူတွေမှာ အသက်ရှူစရာ လေတောင် ရှာရမှာ မဟုတ်ဘူး။ အဲဒီလို တာဝန်အပိုင်းနဲ့ ပြောရင်တော့ ဝေဖန်ရေးပညာရှင်တွေက ဝေဖန်ခံပစ္စည်းတစ်စုံတရာပေါ်မှာသာ မဟုတ်ဘူး။ သူ့ရဲ့ ဝေဖန်ချက်တွေ ပျံ့နှံ့သွားတဲ့အပေါ်မှာ တစ်နည်းပြောရရင် သူက လက်ပြောင်းလက်လွှဲ လုပ်လိုက်တဲ့အသိ၊ သိမှုတစ်စုံတရာ အပေါ်မှာပါ တာဝန်ရှိနေတယ်။ အဲဒီ စာတစ်ကြောင်းအရတော့ ကိုသစ္စာနီ ပြောတာကို မှားတယ်မဆိုနိုင်ဘူးလို့ ကျွန်တော်မြင်တယ်။

” ဝေဖန်ရေးစာပေ ရေးသားသူတစ်ဦးမှာ ဘယ်လိုအရည်အချင်းတွေ ရှိသင့်ပါသလဲ။ ဝေဖန်စာကို ပြန်လည်တုံ့ပြန် ရေးသားသူကို ဝေဖန်ရေးဆရာလို့ ခေါ်နိုင်ပါသလား ”

ဝေဖန်စာကို ပြန်လည်တုံ့ပြန်ရေးသားတယ်ဆိုတဲ့အပိုင်း ကျွန်တော် သိပ်မရှင်းဘူး။ အရေးအသားတိုင်းဟာ အရေးအသားတွေပဲလို့ ကျွန်တော်မြင်တယ်။ အရေးအသားတစ်ခုခုဟာ မျိုးတူပြုတဲ့စနစ် တစ်စုံတစ်ခုအောက်မှာ တစ်မျိုးမျိုး၊ တစ်ခုခု ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ အရေးအသားပဲ။ ဝေဖန်တာကို ဝေဖန်တာပဲဖြစ်ဖြစ်၊ ဝေဖန်တာကို တုံ့ပြန်တဲ့အပေါ် ပြန်ဝေဖန်ကို တုံ့ပြန်ပြီး ဆင့်ကဲဝေဖန်တာဖြစ်ဖြစ်၊ ဝေဖန်ရေး “နည်းပညာ” တစ်စုံတရာကို အခြေခံပြီး ဝေဖန်ရင်တော့ ဝေဖန်ရေး အရေးအသားလို့ပဲ ခေါ်ရမှာပဲ။ ဝေဖန်ရေးစာပေရေးသားသူဟာ စနစ်တကျ ဝေဖန်ရေး ရေးသားချင်ရင်တော့ စနစ်တကျ ပညာအခြေခံ ရှိရလိမ့်မယ်။ ဒီကမှတစ်ဆင့် ဆက်လက်လေ့လာသင့်တာကတော့ အများချည်းပဲ။ ဒါပေမဲ့လည်း စာမတတ်လို့ ကြက်ခြေခတ် ရတဲ့လူတွေ ဖတ်ဖို့လောက်ဆိုရင်တော့ ကိုယ့်လက်မှတ် ကိုယ်ထိုးတတ်ရုံလောက် ရေးတတ်၊ ဖတ်တတ်လည်း ဖြစ်တာပဲ။ ဒီတော့ Book Review ဆိုတာ စာပေဝေဖန်ရေးလို့ ပြောပေါ့ဗျာ။ အညာက ဆရာစွမ်းကတော့ “ ဝေဖန်တယ်ဆိုတာ ပညာမတတ်လည်း လုပ်လို့ရနေတာပဲ မဟုတ်လား ” လို့ ဆုံးမဖူးပါတယ်။ ဒီအဆုံးအမအရတော့ Book Review ဆိုတာကို စာပေဝေဖန်ရေးပဲလို့ ညွှန်းတာ မှားပုံမရဘူး။

” စာပေဝေဖန်ရေးလုပ်ရာမှာ ထားရှိတဲ့ ဝေဖန်ရေးစံကို ရှင်းပြပေးပါ ”

ဒီကိစ္စကလည်း ကျွန်တော် လွယ်လွယ်နဲ့ နားမရှင်းတဲ့ ကိစ္စတစ်ခုပဲ။ အကြောင်းက မြန်မာဘာသာစကားအရေးအသားနဲ့ ရေးသားထားတာတွေအထဲမှာ မကြာမကြာ တွေ့ရတတ်ပေမယ့် ကျွန်တော် လွယ်လွယ် သဘောမပေါက်ဘူး။ ဘာကို “စံ” လို့ ပြောနေကြတာလဲ။ မာ့က်စ်ဝါဒ အားကောင်းမောင်းသန် ရှိခဲ့တုန်းက ယောင်ယောင်မာ့က်စ်ဝါဒီတွေ၊ စပ်ကျ မာ့က်စစ်တွေ ဖြီးဖြန်းပြောခဲ့တဲ့ ဆင်းရဲမှုသရုပ် ဖော်ထုတ်ခြင်းသာလျှင် သရုပ်မှန်တယ်ဆိုတဲ့ အမြင်ကို ဝေဖန်ရေးစံလို့ ခေါ်တာလား။

ရသပညာဆိုတာ ကောလိပ်ကျောင်းသားစော် နံတယ်ထင်လို့ လှပခြင်းဆိုတာဟာ ရသပညာဆိုင်ရာ လေ့လာမှုပဲဆိုပြီး အနက်ရင်းကို သွေဖယ်ခိုင်းထားတာ ဝေဖန်ရေးစံလို့ ခေါ်ကြရမှာလား။ မောရိယက ဆရာလုပ်ပြီး ရေးနေတဲ့အထဲမှာပါတဲ့ တိုင်းမ်မဂ္ဂဇင်းထဲက Book Review ဆိုတာကို ထပ်ပြောပါရစေ။ Book Review ဆိုတာကို ဝေဖန်ရေးလို့ရေးတာကို စံလို့ သတ်မှတ်ကြရမှာလား။ ကျွန်တော်တော့ နားမရှင်းဘူး။

စာပေအနုသုခုမဆိုင်ရာ ဝေဖန်ရေးတွေဟာ နည်း၊ ပညာ၊ နည်းပညာကို အခြေခံပြီး တည်ဆောက်ပြတဲ့ ပုဂ္ဂလိက သိမှုတွေပဲ။ နည်းပညာ တစ်စုံတစ်ခုမှာ အခြေခံထားပြီး ပြန်လည်တည်ဆောက်ပြတဲ့ အပြုအမူတိုင်းမှာ တည်ဆောက်ပြသူရဲ့ သိမှုအနေအထား ဒါမှမဟုတ် သိမှတ်နားလည်နိုင်တဲ့ အနေအထားဟာ အခရာပဲ။ နည်းပညာ တစ်ခုတည်းမှာ အခြေခံထားဦး။ ဉာဏ်ရည်ဉာဏ်သွေး လိုက်လို့ပဲဖြစ်ဖြစ်၊ သိမှတ်နားလည်နိုင်တဲ့ ပညာအရည်အချင်းကို လိုက်လို့ပဲဖြစ်ဖြစ် ကွာမှာပဲ။

ဒီ့ပြင် ကျွန်တော် နားလည်ထားတဲ့ အချက်တစ်ခုက ပုဂ္ဂလိက သိမှုဟာ ကာလတရားရဲ့ ပြောင်းလဲခြင်းအတွင်းမှာ ပြောင်းလဲနေတယ် ဆိုတာပဲ။ ဒီမှာ တစ်ခုသတိထားရမှာက ကာလတရားရဲ့ ပြောင်းလဲခြင်းအတွင်းမှာ ပြောင်းလဲနေပေတဲ့ ကာလတရားနဲ့ အမြဲတစေ အတူလိုက်ပါ ပြောင်းလဲမနေတတ်တာပါပဲ။ ပြောင်းလဲခြင်းလို့ပဲ ဒီမှာပြောပါရစေ။ အကြောင်းက သိမှုပြောင်းလဲခြင်းတိုင်းဟာ “တိုးတက်တယ်” လို့ မပြောနိုင်လို့ပဲ။ ထပ်ပြီးသိရတဲ့ သိမှုတိုင်းဟာ ရှိရင်းစွဲအသိတွေကို အစားထိုး နေရာယူတတ်ပေမယ့် တိုးတက်တယ်ဆိုတဲ့သိမှု ဖြစ်ကောင်းမှဖြစ်မယ်။ ဒီတော့ ဝေဖန္တိကပြုတဲ့ လူရဲ့သိမှုဟာ ပြောင်းလဲနေခြင်းအတွင်းမှာ ပြောင်းလဲလာတတ်တာမို့ သူ့ရဲ့ အသိပညာအနေအထားပေါ်မှာ မူတည်ပြီး ဝေဖန်ရေး နည်းပညာတွေကို သုံးစွဲလာမှာပဲ။

ဝေဖန်ရေးပညာဟာ တကယ်တော့ မူသေစံကိုက် “အတတ်ပညာ” လို့ ကျွန်တော်မမြင်ဘူး။ ကာလတရား တစ်စုံတရာရဲ့ အတွင်းမှာ ပုဂ္ဂလိက သိမှု၊ သိမှတ်နားလည်နိုင်မှုကို အခြေခံပြီး နည်းပညာ တစ်စုံတရာကို နည်းလမ်းတကျ လိုက်လျောညီထွေမှုရှိအောင် သုံးစွဲနေတဲ့ အားထုတ်မှု၊ အပြုအမူတစ်ရပ်ပဲ။ မြန်မာစာပေအရေးအသားတွေအပေါ် ဝေဖန်တဲ့အထဲမှာ အဲဒီအပြုအမူ သိသိသာသာ တွေ့ရနိုင်တာ၊ ဝေဖန်ရေး ပညာရှင်တွေဖြစ်တဲ့ မောင်သာနိုးနဲ့ အောင်သင်းတို့ရဲ့ အရေးအသားတွေမှာပဲ။ ( ဦး ) အောင်သင်းရဲ့ “ကျွန်တော့်အကြိုက် …..” တွေ ရှာဖတ်ကြည့်ပါ။ ဒီလိုပဲ မောင်သာနိုးရဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ဝေဖန်ချက်တွေကို ဖတ်ကြည့်ပါ။ သူတို့ရဲ့ သီးခြား ဖြစ်ရှိနေခြင်းအတွင်းက သူတို့ သိမှတ်နားလည်ထားတဲ့ သိမှုနဲ့ နည်းပညာကို အခြေတည်ပြီးး ဝေဖန်ရေးလုပ်တာတွေ တွေ့ရမယ်။ ( ဦး ) အောင်သင်းကတော့ သူ့ဝေဖန်ချက် အရေးအသားကို “ကျွန်တော့်အကြိုက် …..” လို့ ခေါင်းစဉ်တပ် ၂၄ ပစ္စည်းချပြီး စည်းတားထားတယ်။ ဒီအပြုအမူဟာ သူ့ရဲ့ ပုဂ္ဂလိက သိမှတ်နားလည်မှုရဲ့ မြင့်မားတဲ့ အဆင့်အတန်းတစ်ခုပဲ။ Cunningnesss လို့ပြောရမယ်။ ဒီမှာ Cunning ကို တစ်မျိုးမမြင်နဲ့။ Cleverly made for a particular purpose လို့ ပြောချင်တာပါ။

ကျွန်တော်ကတော့ ဝေဖန်ရေးကို ပညာရပ်တစ်ခုအနေနဲ့ လုပ်နိုင်တဲ့အခါ ပါမောက္ခဆာယိရဲ့ နည်းပညာမှာ အခြေခံတဲ့ Contrapuntal criticism ဆိုတာမျိုး လုပ်ချင်တယ်။ ကိုမောင်မောင်မြင့်သိန်းလည်း သိကောင်းသိမယ် ထင်တယ်။ Oppositional criticism နဲ့ Contrapuntal criticism ဆိုတာ၊ လွယ်လွယ်ပြောရရင် Oppositional criticism is aggressive its cuts. Contrapuntal criticism is living it joins ပဲ။ Oppositional criticism ကို မလိုအပ်ဘူးလို့ ကျွန်တော် မပြောချင်ဘူး။ ကျွန်တော် လုပ်ချင်တာကိုသာ ပြောတာပါ။ ဘယ်လိုဟာမျိုးလုပ်လုပ် ကဗျာဆရာ ကိုသွေးသစ် စကားနဲ့ပြောရရင် လက်ညှိုးထိုးတာကို မကြည့်ဘဲ လက်ညှိုးကို လိုက်ကြည့်နေကြရင်တော့ အလကားပဲ။ လက်ညှိုးကို လိုက်ကြည့်ရင် ငတုံးတာ၊ ငပြည့်ဝတို့ တွေးသလိုနေမှာပဲ။

မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)

ဝေဖန်ရေးအလှရှာပုံတော် စာအုပ်
(၂၀၀၅)