( အချစ်ကြီးတဲ့ တစ္ဆေမလေး နန်းစင်ချို ( ဖြစ် ရပ် မှန် )

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့။ နာမည်က “မိုးနဲ” ။
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့။

ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဦးကသာအဓိက သရုပ်ဆောင်များ ဖြစ်ကြလေသည်။

တောင်ကြီး၊ လွိုင်လင်၊ မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူ ပို့ဆောင်ပေးနေသော ဒေါင်းစိန်၏ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ဒေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလည်း လူတိုင်းသိကြပြီးဖြစ်သည်။

ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြ သည့်အကြောင်းကိုလည်း မိုးနဲတစ်မြို့လုံး အသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။ နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲ ကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ ဒါပေါ့အစ်ကိုရယ်… ယောက်ျားလေးတို့ရဲ့ အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာ ရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်း အစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာ နန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံ့ပြန်လိုက်တော့
ဒေါင်းစိန်တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့၊ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဦးကို အမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ်တစ်ဦး အနစ်နာခံ နားလည်မှုရှိကြပြီး အချစ်ကြီးချစ်ခဲ့ကြသော ယာဉ်မောင်း သမားလေး ဒေါင်းစိန်နဲ့ ဈေးသည်မလေး နန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင် လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလည်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြ ပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသားအနှစ်နှစ်အလလ ကြိုးစားရှာဖွေခဲ့ကြသည့် ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲများကို တစ်ဦး ဖြေရှင်းပေး။ ဒေါင်းစိန်ကလည်း အိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအား စီးပွားရှာ ကားဆွဲ။
နန်းစင်ချိုကလည်း အိမ်ထောင်ရှင်မကောင်း ဖြစ်အောင် နေထိုင်လေသည်။ သို့သော်လည်း တစ်နေ့တွင် ရှေ့သွားနောက်လိုက် ညီနေသော ဇနီးမောင်နှံ အတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်။

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲ လိုက်မှာနော်။ ရှေ့ခန်း အစ်ကို့ဘေး မှာ နေရာချန်ထားပေး”

အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။
သူအင်မတန်ချစ်သော လင်တော်မောင် ဒေါင်းစိန်ဘေး၌ ပွတ်သီး ပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်။

“ဒီနေ့တော့ ကားရေဆေးရမှာမို့ ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသော ချယ်ရီအား စူးရှသော မျက်လုံးအစုံနှင့် ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလိုက်ပြီဖြစ်သည်။

“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ”

“အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့ သူ့မိန်းမကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရှိဘူးလေ ဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည် ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချိုဘာမှပင် မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာ ထွက်သွားလိုက်သဖြင့် စကားနည်းရန်စဲ ဖြစ်ခဲ့ရသည်။ သို့ရာတွင်လည်း နေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများ တိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟုဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှအသိမပေးဘဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့ တစ်ဦးတည်းလိုက်သွားသည်။

“နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ ချယ်ရီနဲ့ အကိုဘယ်လိုပုံစံနဲ့မှ မပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီး ပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲ အစ်ကို ကားမောင်းနေရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက် သားသမီးနဲ့ အလိုက်သင့်ပေါင်းရတယ် ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လည်း အကို့ဘေးနားမှာ ဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလည်း ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲ ထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှ မတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါင်းအသာညိတ်ပြလိုက်သည်။ ဒေါင်းစိန်တစ်ယောက် ခရီးသည် မပြည့်သော်လည်း ဂိတ်မှ ထွက်ခဲ့သည်။ မိုးနှင်းများ ကျထားသဖြင့် စိုစွတ်နေသော လမ်းပေါ်ဝယ် ဒေါင်းစိန်၏ ဂျစ်ကားမှာ တရိပ်ရိပ်ပြေးလွှားရင်း တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့် ကျော်ဖြတ်နေကြောင်းတွေ့ရသည်။

နန်းစင်ချိုမှာမူ ဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင် အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလည်း သူ့အတွေးနဲ့ သူ့အရေး၊ မှေးသူကမှေး ငေးသူကငေး လို့ပေါ့။ ဂငယ်ဂွေ့ တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကား ယာဉ်ကြီးတစ်စီး ကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသော ဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင့် ကားကို ဘယ်ဘက်သို့ ကွေ့ချလိုက်သည်။ အမှတ်မထင် ဖြစ်ပျက်လိုက်မှုကြောင့် နန်းစင်ချိုခမျာ ကား၏ ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလည်း အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသော အရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသော နန်းစင်ချိုအား ချက်ချင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လည်း နောက်နေ့မနက်တွင် နန်းစင်ချို တစ်ယောက်သေဆုံးသွားကြောင်း သိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံးမရ ဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချို အလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ပြုလုပ်ချက်အပေါ် အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင် ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့် ကားရုတ်တရက် အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြ ခြင်းကြောင့် ဒေါင်းစိန် အပြစ် နှစ် အနည်းငယ်သာ ကျခံခဲ့ရသည်။

နေ့များသည် လျင်မြန်စွာဖြတ်သန်းနေ၏။ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်…။ တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန် အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြခြင်း ဖြစ်သည်။ နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း၊ တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟု ပြောစမှတ် ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာ နင်တို့အသိပဲလေ။ ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင် လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာ..နေမှာပေါ့”

အဲဒါကတော့..နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်က ကျသေတဲ့နေရာ က နေ ခေါ်လာတာပဲ ဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီ အိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာ ဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့် စိုင်ဇော်ထူးတို့၏ စူးစမ်းသံ။ ဒေါင်းစိန် အိမ်ပြန်မလာသော ညတစ်ည၊ မိုးနှင်းများကျပြီး အအေးဒဏ်ကလည်း လွန်ကဲချိန်ဖြစ်၍ မိုးနဲတစ်မြို့လုံး တိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့် သံချောင်းတို့ ဒေါင်းစိန်၏ အိမ်သို့ ချဉ်းကပ်လိုက်သည်။ မှောင်ပျပျ မီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ ထမင်းချက်သည်၊ ပန်းကန်ဆေး သည်၊ ရေနွေးတည်သည်၊ ရေအိုးတွေ ရေဖြည့်သည်၊ လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်း လုပ်ဆောင်လေ သည်။ သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…။

ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ ပုန်းနေလိုက်သည်။ ဒေါင်းစိန် တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကို မတွေ့။ မည်သို့မျှမမှုသည့်အပြင် ပူပူနွေးနွေး ထမင်းဟင်းများကို အားပါးတရ စားနေကြောင်းတွေ့ကြသည်။

“သံချောင်း.. မင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ်.. မိုးနဲတစ်မြို့လုံးကလည်း သိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအား သံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့် လည်း စာရေးသူ ကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့် ၀င်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပါအုန်း.. မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ ပုံစံကြီးနဲ့ မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်း ဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်..လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီ ဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတတ်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ် စွဲလမ်းမှု ဥပါဒါန်ကြီးမားမှုကြောင့် အစိမ်းသရဲ ဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ၊ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီး တစ်ရွာလုံးရှိ ကလေး သူငယ် လူအပေါင်းကို ဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှုပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက် တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွာထဲသို့ဝင်လာတာ ဖြစ်ကြောင်း၊ မိမိတို့ သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူများ ဖြစ်သောကြောင့် ဤကိစ္စကို မည်သို့ လုပ်ဆောင်ရမည်ကို မညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်လေသည်။

သို့နှင့် စာရေးသူ၏ အကြံပြုချက်ဖြင့် နန်းစင်ချို၏ယောက်ျားဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများ ရှေ့မှောက် တွင် မေးမြန်းကြရတော့သည်။

“သံချောင်းတို့တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော့် မိန်းမ ကျနော်ဆီပြန်လာနေတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ဘ၀တုန်းကလိုပဲ နေခဲ့ကြပါတယ်။ တခြားသူတွေကို သတိမပေးဘူးဆိုတာ ကျနော့်မိန်းမကို ကျနော် အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာ စိုးလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့
“ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ်။ သူဒုက္ခဖြစ်နိုင်တယ်..။ ကဲ ဒေါင်းစိန် ဒီ အခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွာနာမည်ဆိုတာကို ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့”

စာရေးသူက ခတ်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။ သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ဆိုင်ရာပိုင်ရာ ကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိ ရွာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှ အလောင်းဖော်မည့် နေရာတွင် ဆိုင်ခန်းများပင်ရောင်းရလျက် စည်ကားနေကြောင်း တွေ့ရသည်။ နန်းစင်ချို၏ ယောက်ျားဖြစ်သူ ဒေါင်းစိန်နှင့် သူ၏ သူငယ်ချင်းများဖြစ်ကြသော သံချောင်း၊ စိုင်းဇော်ထူး တို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။

နန်းစင်ချို၏ အခေါင်းပုံကို ပုံမပျက်စေရန် မြေကိုတူးဆွ မ,တင်ကြပြီး မီးရှို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့ တင်လိုက်ကြသည်။

“နန်းစင်ချိုအာ မြှုပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှ ထွက်လာပြီး ရွာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း ကြည့်ကြည့်မိရာ အခေါင်း၏ ခေါင်းရင်းဘက်တွင် အပေါက်ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့် ကြည့်ရှုသူအားလုံး တအံ့တသြဖြစ်သွား ကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အုပ်စုသည် အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက် ကြလေတော့သည်။ မီးတောက်များနဲ့အတူ နန်းစင်ချိုအား ချစ်ခဲ့ရသည့် အချစ်မီးတောက်များ မှာလည်း ဒေါင်းစိန်၏ ရင်တွင်းဝယ် တောက်လောင်နေမည်မှာ မလွဲဧကန် ဖြစ်မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင် မလိုတော့။

ထိုနေ့ ထိုရက်များမှစပြီး မိုးနဲမြို့၌ တစ္ဆေမလေး နန်းစင်ချိုအကြောင်း မည်သို့မည်မျှ မကြားရသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေ၏။ ။

#Nyan Paing Soe

Credit : SMT( အချစ်ကြီးတဲ့ တစ္ဆေမလေး နန်းစင်ချို )

( ဖြစ် ရပ် မှန် )

Aungthiha Zaw