အရောက်လာမယ့် သောကြာ

အရောက်လာမယ့် သောကြာ

” အရောင်တောက်နေတဲ့မျက်လုံးတွေ
သွားချွန်ချွန်လေးတွေ
လက်ချောင်း ရှည်ရှည်လေးတွေက အစ . .
ပြုံးနေတဲ့နှုတ်ခမ်းတွေဟာ
ကမ္ဘာကြီးကို ငြိမ်းချမ်းစေသတဲ့ ”

ကိုယ် သူနဲ့ စ ဆုံဖြစ်တော့ သူ့နှုတ်ခမ်းပါးပါးလှပ်လှပ်တွေက မပြုံးသယောင် ပြုံးသယောင်။ ကိုယ်လည်းစေ့စေ့မကြည့်ရဲ။ သူ့အသံသည် သြရှရှ။ တစ်ခါကြားရုံ ဖြင့် အမြဲ စိတ်အာရုံမှာ ခိုလှုံနေတော့မယ့် အသံမျိုးပဲ။ ရင်းနှီးနွေးထွေးပြီး ခိုင်မာမှုရှိသောအသံမျိုးပဲ။
ကိုယ့်မှာ ဒီလိုတွေးရင်း သူ့အသံကို နားစွင့်ပါသည်။

” အသံ သြသြလေးဟာ
ဝိဥာဉ် ပါ နှုတ်သွားတယ်။
တစ်ခါတစ်ရံ ချစ်တယ်ဆိုတာ
ဘေးတစောင်းမြင်နေရတဲ့
လည်ပင်းပေါ်က မှဲ့ ကလေးဆီမှာ
တစ်ဘဝစာ ခိုလှုံချင်သွားမိတာမျိုး ”

ကိုယ်သူ့ကို လွမ်းရင် စာအုပ်တွေ ပိုဖတ်ဖြစ်သည်။ စာလုံးလေးတွေမှာ သူ့မျက်နှာကို မြင်သည်။ ခပ်သေးသေးပဲ။ ဒါပေမယ့် ကြည်နူးနွေးထွေးရပြန်၏။
တရားမှန်မှန်ထိုင်ခြင်းက သူ့မျက်နှာကိုမြင်ယောင်ရင်း အချိန်တစ်ခု ယူနေရသလို။ သမာဓိ မခိုင်ဘူးဆိုတာမျိုး သူနဲ့မှပင် သိရသည်။ သူ ခေါင်းကလေးစောင်းထားပြီး ရယ်နေပုံကြောင့်ပင် ကိုယ့် စိတ်တွေအကုန် တုန်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြိုးပြိုးပြက်ပြက် လက်နေပြန်သည်။ သူ့ကိုယ်က အလင်းတွေ ထွက်တယ်ထင်ပါရဲ့။ အံ့စရာနော်။

” တိမ်တွေ ဝေ့ကနဲ လွင့်သွားသလို
မီးခိုးငွေ့တွေ ဆတ်ကနဲ ကွယ်ပျောက်သွားသလို
လက်ထိပ်ဖျားလေးကို အပ်နဲ့ ဇတ်ကနဲ ထိုးဖောက်လိုက်သလို
ခဏတာအတွင်းမှာ ဖြတ်ကနဲ တုန်လှုပ်ရသမျှ
သူ့အကြည့်တွေက စ တင်တယ် ”

တစ်ခါတစ်ရံဘဝ သည် ထင်သလိုမဖြစ်။
တစ်ခါတစ်ရံတော့ဘဝသည် အလွန် စိတ် ညစ်ညူးဖွယ်။
တစ်ခါတစ်ရံဘဝသည် ထွက်ပေါက်မရှိ။ ဒါပေမယ့် ကြုံလာသမျှ ဒုက္ခအားလုံး သူ့လက်သန်းလေးတစ်ချောင်းတည်းကို ချိတ်ထားရုံဖြင့် ရင်ဆိုင်ဝံ့မည်ထင်သည်။ ရှည်သွယ်သွယ် လက်သန်းလေးတစ်ချောင်းဆီကနေ တစ်လောကလုံးကို ပြန်အတိုက်အခံပြုရဲသော သတ္တိတွေ စီးဆင်းလာမယ်လို့ ဘယ်သူက သိမှာလဲ။ ကိုယ်ကတော့ သိခဲ့ပြီ။

– မင်း ခေါ်မယ်ဆို ကိုယ် လိုက်ရဲတယ်။ မင်း ခေါ်ရဲရဲ့လား။

သူသည် မလွင့်တလွင့် ပြုံးနေပြန်၏။

– နောက်ဆုတ်ချင်တဲ့အချိန်မှာ ဘယ်တော့မှ နောက်ဆံမတင်းပဲ ချန်ရစ်ပါ။
လွှတ်ချ ချင်တဲ့အချိန်မှာ ကိုယ်က အလေးအပင်တစ်ခုဖြစ်ခဲ့ရင် ဘယ်တော့မှ အလေးတွေကို မ မထားပဲ လွှတ်ချပါ။
မင်း တကယ်ဖြစ်ချင်သမျှ အရာရာက ကိုယ်ဝမ်းနည်းရမယ် ဆိုရင်တောင် မင်းရဲ့ဆန္ဒဖြစ်လို့ လိုက်လျောချင်ပါရဲ့။
အဓိက က သွားချွန်ချွန်လေးတွေ ပေါ်နေတဲ့အထိ မင်း အမြဲ ပြုံးနေဖို့မဟုတ်လား။

” ချစ်တယ်ဆိုတာ လူနှစ်ယောက်ရဲ့ စိတ်ချင်းငြိတဲ့ကြိုး
ချစ်တယ်ဆိုတာ တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်မှု
ချစ်တယ်ဆိုတာ တစ်ယောက်စီရဲ့ ဂုဏ်သိက္ခာ
ချစ်တယ်ဆိုတာ အပြန်အလှန်ထားရှိတဲ့ လေးစားမှုနဲ့မေတ္တာ
ချစ်တယ်ဆိုတာ သူက ကိုယ့်ကို လှိုက်လှိုက်လှဲလှဲ ခေါ်တဲ့
နာမ်စားလေးတစ်ခု
ချစ်တယ်ဆိုတာကလေ. . .
အရည်လဲ့ နေတဲ့ သူ့မျက်ဆံနက်နက်လေးတွေပါ ”

သူ့ဖိနပ်ဖျားလေးမှာ ခိုကပ်နေတဲ့ ဖုန်မှုန့်လေးတစ်စ ဖြစ်ချင်ပါရဲ့။ တစ်ခါတစ်ရံ သူ့ရှပ်အင်္ကျီအိတ်ကပ်လေး ရဲ့ထောင့်မှာ ခွေဝပ် နေရတဲ့ အမှိုက်လေးတစ်စ ပဲဖြစ်ရဖြစ်ရ၊ သူ သပ်ချ လိုက်ရင် ပြုတ်ကျသွားမယ့် သူ့ဆံပင်ဖျားက အမှုန်လေးတစ်ခုပဲဖြစ်ရ ဖြစ်ရ။ တကယ်တော့ ကိုယ့် ချစ်ခြင်းမေတ္တာ ဆိုတာ သူ့အတွက် ဘာကိုမှ မလေးပင်စေဘဲ၊ သူကိုယ်တိုင်တောင် ကိုယ့်ဖြစ်တည်မှုတစ်ခုကို ဂရုမပြုမိဘဲ ၊ ကိုယ်ရှိနေတာကိုတောင်သူ သတိမထားမိဘဲ သူ့အနားမှာ အသာအယာ တွယ်ငြိနေချင်ရုံလေးပါပဲ။
သူ ခွင့်ပြုမယ် ထင်ပါရဲ့နော်။

” ဝေးရမှာကို မကြောက်ဘူး
ကိုယ်က
မင်း စိတ်ရှုပ်မှာကိုကြောက်တာ
မနီးရမှာကိုမကြောက်ဘူး
မင်းအတွက် အရှုပ်ထုတ်ဖြစ်မှာကိုကြောက်တာ
မင်းနားမှာ မရှိရ ရင်နေတော့
အမုန်းကို မခံလိုသူပါ ”

နီးစပ်ပြီးရင် ဝေးကြမှာလား။ ကိုယ်တကယ် ထိတ်လန့်မိပါရဲ့။ မဝေးချင်တော့ပါ။ အတ္တလို့ပဲပြောပြော ကိုယ် သူနဲ့မဝေးချင်ပါ။ ဒါကြောင့် မနီးရလည်းရှိပါစေတော့။
ဒီလိုတွေးရင်းပင် သူရယ်ရွှင်မြူးနေပုံလေးကို ကြည့်ပြီး အနားက မခွာချင်ဖြစ်ရပြန်သည်။ ခွင့်ပြုမယ်ဆိုရင်လည်း တစ်သက်လုံးသာ နေချင်ပါသည်။ သူ့အနားမှာ။ သူခွင့်ပြုမည်ဆိုရင်ပေါ့။

” သောကြာမှာ အရောက်လာခဲ့မယ်
ရင်ခွင်တစ်ခုလုံး ဖွင့်ထားပါတယ်
နောက်တစ်ခါ ပြန်ဆုံနိုင်မလား
ဒီသောကြာပြီးရင်. .
ဒါမှမဟုတ်. .
ဘယ်တော့မှ တွေ့ခွင့်မရဘဲ နေမလား
သောကြာဟာ ကိုယ့်ကို အသေသတ်တယ် ”

သူနဲ့တွေ့ရဖို့ ခရီးဘယ်လောက်ဝေးပါစေ ကိုယ် သွားဝံ့ပါသည်။ နောက်တစ်ကြိမ် တွေ့ခွင့်ရ မရ မသေချာဘူးဆိုလျှင်တောင် တွေ့ခွင့်ရမယ့် တစ်ကြိမ်မှာတော့ သူ့အရိပ်လေးကိုဖြစ်ဖြစ် မြင်ချင်သေးသည်။

လူတစ်ယောက်ကို မြင်နိုင်ခွင့် ရဖို့ စက္ကန့်တွေကိုပါ လက်ချိုးရေတွက် စောင့်စားနေရသူတွေ ကမ္ဘာမှာ ဒုနဲ့ဒေး ရှိခဲ့လိမ့်မည်။
လူတစ်ယောက်ကို တွေ့ခွင့်ရဖို့ နှလုံးခုန်သံ တစ်ချက်တိုင်း သူ့အကြောင်းစဉ်းစားနေသူတွေ ရှိမည်။
လူတစ်ယောက်ကို တွေ့ခွင့်ရဖို့
လေကိုပင် ဝဝ မရှူ ရဲဘဲ ပင့်သက်ရှိုက်လျက် မျှော်လင့်နေသူတွေရှိပါလိမ့်မည်။

ဒီသောကြာမှာ ကိုယ် သူနဲ့တွေ့ခွင့်ရချင်ပါ၏။
” မျက်လုံးချင်း တစ်ချက် ခလုတ်တိုက်မိ
သံယောဇဉ်တွေငြိသွားတယ်
ငါမင်းကို. .
ငါ့တစ်ဘဝလုံးစာ . . ”

ရင်တလှပ်လှပ်ဖိုရသော စောင်းငဲ့အကြည့်လေးတစ်ချက်ကို မြင်ခွင့်ရချင်ပါသည်။
ကိုယ်သွားဖြစ်ပေလိမ့်မည်။
သူနေတဲ့ကမ္ဘာကြီးဆီ။

သူ ခေါ်မည် မခေါ်မည် မသိ။
ကိုယ် သွားပါမည်။

ကိုယ် တကယ်သွားချင်ပါသည်။ သူ့ရဲ့ မျက်ဝန်းအရောင် တောက်တောက်လေးတွေဆီ။

*******

သုတေးစစ်