ဂျပန်အမျိုးသမီး အနုပညာရှင် Shiota Chiharu ရဲ့ The Soul Trembles တကိုယ်တော်ပြပွဲ

ဂျပန်အမျိုးသမီး အနုပညာရှင် Shiota Chiharu ရဲ့ The Soul Trembles တကိုယ်တော်ပြပွဲ

ဂျာမဏီမှာအခြေစိုက်တဲ့ဂျပန်အမျိုးသမီး အနုပညာရှင် Shiota Chiharu ရဲ့ The Soul Trembles တကိုယ်တော်ပြပွဲပါ ။
ဂျပန်မှာ မွေးပြီး ကျိုတိုက အနုပညာကျောင်းမှာ ကျောင်းပြီးတယ်။နောက်တော့ ဂျာမဏီကို ဆက်ပညာသင်သွားရင်းက ဥရောပပါဖောင်းမင့်သမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့ဆရာမကြီး Marina_Abramovi အောက်မှာ ဆက်လက်သင်ကြားခွင့်ရလာခဲ့ပြီး ၁၉၉၂ လောက်ကစလို့  ပါဖောင်းမင့်နဲ့အင်စတော်လေးရှင်းလက်ရာတွေမှာ ထင်ရှားလာပါတယ်။

အထူးသဖြင့် အရာဝတ္ထုတွေကို ချည်ခင်နဲ့အထပ်ထပ်ခေါက်တုန့် ခေါက်ပြန်ချည်နှောင်ခြင်းကရလာတဲ့ အလှ နဲ့အဓိပါယ်ကို ရှာဖွေတွေ့ရှိသွားချိန်မှာ သူမရဲ့လက်ရာတွေဟာ အင်မတန်ထင်ရှားလာခဲ့ပါတယ်။ ဂျာမဏီမှာပဲအခြေချနေထိုင်ပေမယ့် ၂၀၁၅ ဗင်းနစ်ဗီယင်နာလဲ အနုပညာပွဲတော်မှာဂျပန်နိုင်ငံကိုယ်စားပြုတဲ့ ပြခန်းမှာ ထောင်နဲ့ချီတဲ့သော့တွေနဲ့လှေတွေကိုယှက်နွယ်ထားတဲ့လက်ရာပြသခွင့်ရခဲ့ပါတယ်။

အခုပွဲကတော့ အသက် ၄၇ နှစ်ရှိပြီး အနုပညာလုပ်သက် ၂၅ နှစ်တာကာလမှာကိုယ်မွေးဖွားခဲ့တဲ့နိုင်ငံကအထင်ရှားဆုံးပြတိုက်ကြီးမှာ ဘဝတသက်တာ လက်ရာများကို စီကာစဉ်ကာပြသခွင့်ရခဲ့တာဖြစ်ပါတယ်။

Htein Lin