ပထမဦးဆုံးအကြိမ် Android Developers Conference – DroidYangon 2019

ပထမဦးဆုံးအကြိမ် Android Developers Conference – DroidYangon 2019

ယခုနှစ်၊ ဇူလိုင်လတွင် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့် စင်္ကာပူနိုင်ငံများ တွင် အကြီးမားဆုံး Android Developers Conference ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပထမဦးဆုံးအကြိမ် Android Developers Conference – DroidYangon 2019 အခမ်းအနား မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကျင်းပမည်ဖြစ်သည်။

နာမည်ကြီး နိုင်ငံခြားနည်းပညာကုမ္ပဏီများဖြစ်ကြသည့် Google, Gojek, LINE Thailand, Athena Dynamics Pte Ltd မှ နည်းပညာရှင်များနှင့် ပြည်တွင်း Software Development ကုမ္ပဏီကြီးများဖြစ်သည့် nexlabs, Wave Money, Gusto College, Codigo Myanmar, Global New Wave Technology, BizLeap Technology မှ Senior Software Engineer နည်းပညာရှင်များမှ တက်ရောက်ဆွေးနွေးမှာဖြစ်ပါသည်။ DroidYangon 2019 အခမ်းအနားတွင် Android နှင့်ဆက်စပ်သည့် နည်းပညာအကြောင်းအရာများ ဖြစ်ကြ သည့် Machine Learning, App Security, Firebase, Android Architecture, Software Testing, Scalable Backend for Android Developers, CameraX အစရှိသော ခေါင်းစဉ်များ အား ပြည်တွင်း၊ ပြည်ပ နည်းပညာရှင်ကြီးများမှ ဆွေးနွေးမှာဖြစ်သည်။

ဇူလိုင်လ ၉ ရက်နေ့ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ၊ တစ်နေ့တာလုံးကျင်းပသွားမှာဖြစ်ပြီး Sessions အခု ၂၀၊ လက်တွေ့လိုက်ပါ လုပ်ဆောင်နိုင်မည့် code lab/ workshop ၄ ခု ပါရှိမှာဖြစ်သည်။ Lightning talks – တက်ရောက် သူများကိုယ်တိုင် နည်းပညာဖလှယ်နိုင်မယ့် အခန်းကဏ္ဍလည်းရှိပါသည်။ နည်းပညာပိုင်းဆိုင်ရာအား စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ၊ လက်ရှိလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော Senior, Junior Mobile Software Developer များ၊ နည်းပညာကုမ္ပဏီများမှ Project Leader, Manager, Job Recruiter များအပြင် နည်းပညာကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

DroidYangon 2019 ဝင်ရောက်ခွင့် လက်မှတ်အား မြန်မာကျပ်ငွေ ၂၀,၀၀၀ (နှစ်သောင်းကျပ် တိတိ) ဖြင့် ရန်ကုန်မြို့တွင်ရှိသည့် Ananda ဆိုင်များဖြစ်သည့် စံရိပ်ငြိမ် ဂမုန်းပွင့်၊ Junction 8၊ Junction Square၊ ကျောက်တံတားဆိုင်ခွဲတွင် ဝယ်ယူနိုင်ပါသည်။ Myanmar Plaza မှ AYA Bank Lounge တွင်လည်းဝယ်ယူရရှိနိုင်ပါသည်။ Myanpwel website မှ တစ်ဆင့် e-ticket များလည်း ဝယ်ယူနိုင်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် မြေနီကုန်းတွင် တည်ရှိသော Gusto College တွင် ကျောင်းသားကတ် ပြပြီး မြန်မာကျပ်ငွေ ၁၅,၀၀၀ ( တစ်သောင်းခွဲကျပ် တိတိ)ဖြင့် ဝယ်ယူနိုင်ပါသည်။

DroidYangon 2019 ပွဲအခမ်းအနားတွင် DroidYangon exclusive T-shirt လက်ဆောင်များ ရယူနိုင်ပြီး နေ့လည်စာ ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။

DroidYangon 2019 ပွဲနှင့် ပတ်သတ်ပြီး DroidYangon Director of Events & Operations ကိုရဲလင်းဝေ မှ “မြန်မာနိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး Mobile OS ဟာ Android ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး Android smartphone အသုံးပြုသူအရေအတွက်ဟာ နှစ်ဘီလီယံကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီ smartphone တွေပေါ်မှာ အသုံးဝင်တဲ့ Applications တွေကို တီထွင်နေတဲ့ developers တွေအတွက် ရည်ရွယ်ပြီး DroidYangon Conference ကိုစီစဉ်ဖြစ်တာ ဖြစ်ပါတယ်။ လာရောက်ပြောကြားမယ့် ပညာရှင်များထံမှ နည်းပညာများ၊ အသိပညာဗဟုသုတများ ရယူပြီး ပြည်တွင်းမှာ ပြန်လည်အသုံးချနိုင်ပြီး လူမှုဘဝအတွက် အကျိုးရှိစေမယ့် Applications များပိုမိုထွက်ပေါ်လာဖို့လည်း မျှော်မှန်းထားပါတယ်။ ” ဟုပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး DroidYangon ပွဲ၏ Title Sponsor Digital Banking of AYA Bank, Managing Director, ဦးချစ်ထွန်းဖေ မှ “DroidYangon 2019 conference ပွဲကြီးမှာ Title sponsor အဖြစ်ပါဝင်ခွင့်ရတဲ့အတွက်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ AYA bank အနေနဲ့ digital နည်းပညာအသစ်တွေကို ဖော်ဆောင်နိုင်ဖို့အပြင် ဒီ eco-system ထဲမှာရှိနေတဲ့ အခြားသော partner တွေကိုလည်း ထောက်ပံ့အားပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အပြိုင်အဆိုင်တွေများပြီး ဖွံဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ digital economy က အလွန်အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ပါဝင်နေပါတယ်။ ဒီပွဲကနေ အားလုံးအတူတကွ သင်ယူလေ့လာပြီး အချိတ်အဆက်ကောင်းတွေနဲ့ တီထွင်မှုတွေလုပ်ဆောင်သွားနိုင်မယ့် ခိုင်မာတဲ့အခွင့်အရေးကောင်းတွေ ပေးနိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။”ပြောကြားခဲ့ပါသည်။

– ပြီး –

DroidYangon အကြောင်း

DroidYangon သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ပထမဦးဆုံးကျင်းပပြုလုပ်သည့် Android Developers Conference ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ နာမည်ကြီးကုမ္ပဏီများမှ နည်းပညာရှင်များမှ နောက်ဆုံးပေါ် Android နှင့်ဆက်စပ်သည့် နည်းပညာအကြောင်းအရာများ ဆွေးနွေးဝေမျှသည့်ပွဲ ဖြစ်သည်။