“စာရွက်များနှင့် ကခုန်ခြင်း”

“စာရွက်များနှင့် ကခုန်ခြင်း”

ညနေစောင်းအချိန်၊ မိုးလေးများကတဖွဲဖွဲကျလျက်ရှိသည်……

လူစည်ကားသော ရပ်ကွက်တစ်ခု၏ လမ်းမကြီးတွင် စီရရီ၊ဆင့်ရရင့် ဖွင့်ထားကြသော အမေပြောသည့် အမောပြေဆေး ရောင်းချရာဆိုင်များတွင် လူများစတင်စည်ကားစပြုချေလေပြီ…..

အသက်အားဖြင့် နှောင်းပိုင်းသို့ ၀င်လာပြီဖြစ်သည့် လူကြီးတစ်ဦးသည် သက်မကြီးကို ချကာ သူ့လက်ထဲတွင် ကိုင်ထားသော ရွှေရောင်လက်နေသည့် အရည်များထက်မှ ဖြူလွလွအမြုပ်များကို နှုတ်ခမ်းဖြင့်ထိကာ အသာစုပ်ယူလိုက်ပြီး…… “ခေတ်ကြီးက လုပ်စားရတာ မလွယ်တော့ဘူးကွာ…. နောက်တက်လာတဲ့ ကလေးတွေ တက်/မတက် တော့သေချာမသိဘူး….သူတို့ ကြည့်လိုက်ရင် ပိုင်ရှင်က ခန့်ချင်စိတ်ကို တန်းပေါက်အောင် ဖြစ်တာ…..” ဟု မသက်မသာ ပြောလိုက်သည်။

“ဒါတော့ ဟုတ်တယ်… ကောင်လေး ကောင်မလေးတွေက သွက်တယ်”… ဟု ထိုလူကြီးနှင့် အသက်မတိမ်းမ ယိမ်းအရွယ် တစ်ဝိုင်းတည်း ထိုင်နေသူက ထောက်ခံပြောလိုက်ပြီး… “ဟိုကောင်… ရပ်ကွက်ထောက်ခံစာ ရော မလာသေးဘူးလား” ဟု ထပ်ဆင့်မေးလိုက်သည်။

“အေး…နောက်ကျမယ်ပြောတယ်… သူကတော့ နေရာတကာ သူမပါရင်မပြီးဘူးဆိုတော့ သူ့ ချာတိတ်မလေး LCCI Certificate နိုင်ငံခြားသွားမယ့်ကိစ္စ လိုက်လုပ်ပေးနေတယ်ပြောတာပဲ” ဟု မှတ်ပုံတင်က ခပ်ရွဲ့ရွဲ့လေး ပြောလိုက်သည်။

ထိုစဉ်ဘေးဝိုင်းစီသို့ အသက်ခပ်ငယ်ငယ်ကောင်လေး သုံးလေးငါးယောက်ခန့် ၀င်လာပြီးထိုင်လိုက်သည်။ နေမညိုကတည်းက လေပြိုလာသဖြင့် တခြားနေရာမှာ သောက်လာပုံရသည်။ ဆူဆူညံညံဖြင့် ၀င်ထိုင်ကာ ရင်ထဲမှ ပေါက်ကွဲသံစဉ်များကို ဖွင့်ထုတ်လာသည်။

“တောက်….. Management ချင်းတူတူ ငါက Ranking နဲနဲလျော့လို့ စဉ်းစားဦးမယ်ပြောတယ်ကွာ၊ တကယ်ဆို သူရောငါရော အသစ်စက်စက် Certificate တွေပဲ” ဟု ပြောလိုက်ကတည်းက မှတ်ပုံတင်က ကောင်လေးတွေ ဘယ်သူတွေမှန်း သိလိုက်ပြီဖြစ်သည်။ MBA Certificate လေးတွေပဲ ဟု တွေးရင် အသာလေးပြုံးလိုက်ပြီး သူ့ ရှေ့မှာထိုင်နေတဲ့ ခုနက ရပ်ကွက်ထောက်ခံစာကို စောင့်နေတဲ့ သူငယ်ချင်းအရင်းကြီး သန်းခေါင်စာရင်းကို ဆက်ခနဲ မေးငေါ့ပြရင်း “ကိုယ့်လူရေ… စိတ်ဝင်စားစရာလေးတွေ ကြားရတော့မယ်၊ ဟိုကောင် ရပ်ကွက် ထောက်ခံစာကို စောင့်နေရင်းနဲ့ အပျင်းပြေနားထောင်ရအောင်” ဟုလှမ်းပြောလိုက်ရာ သန်းခေါင်စာရင်းက သဘောတူဟန်ဖြင့် ခေါင်းငြိတ်ပြကာ “နေဦးကွ… ဒီဘက်ဝိုင်းကို လာခိုင်းပြီး အရက်လေးနဲနဲတိုက်ပြီး မိတ်ဖွဲ့ရအောင်၊ သူတို့ အတွေ့အကြုံလေးတွေ က နားထောင်ကောင်းမယ့်ပုံပဲ” ဟု ပြောကာ ချက်ချင်းကို အကောင်အထည်ဖော်တော့တာပဲ။ ဟိုကလေးတွေကလည်း အစတည်းက ကောင်းနေပြီးသားဆိုတော့ အလွယ်တကူ ကိုသဘောတူတော့တာပဲ။

ဒါနဲ့ပဲသူတို့ဝိုင်းလေးက ပိုစိုပြည်လာခဲ့တယ်။ “ကိုယ့်ညီတို့ကို အစ်ကိုပဲစပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ့မယ်။ အစ်ကိုက မှတ်ပုံတင်၊ သူက သန်းခေါင်စာရင်း၊ သူငယ်ချင်းနောက်တစ်ယောက်က မရောက်သေးဘူး။ အဲ.. သူ့ နာမည်က ရပ်ကွက်ထောက်ခံစာ” ဟု မှတ်ပုံတင်က စပြီးပြောလိုက်ရာ ခုနက ခပ်ငယ်ငယ်ကောင်လေးက “ကျွန်တော်တို့ သုံးယောက်က MBA ပါ၊ ဒီကောင်က Networking ၊ နောက်တစ်ကောင်က Digital Marketing” ဟု အသီးသီးမိတ်ဆက်ကြသည်။

“MBA ချင်းတူတာတောင် ကျွန်တော်က Rank နိမ့်တော့ အလုပ်ရှင်က နဲနဲအင်တင်တင်နဲ့ဗျာ။ ဒါတောင် ကျနော် သိန်းတစ်ရာနီးပါ ကုန်တာနော်၊ ဟိုကောင် NE ဆို အရင်က ရွှေပဲ။ ခုကျတော့ နဲနဲ စာရွက်ရာမ၀င်တော့ဘူး၊ Digital marketing ကတော့ facebook တောင် အကောင့်ရှိတာ ရက် ၂၀၀ မပြည့်သေးဘူး။ ဒါပေမယ့် အလုပ် တန်းရတယ်။ အေးပေါ့လေ ဒီကောင်က စာရွက်ပါဝါနဲနဲပိုမြင့်တယ်လေ ခုတလော” ဟု MBA ကပြောလိုက်သည်။ “ကျွှန်တော့် ကောင်မလေး HR Certificate ကျတော့ စာရွက်သားပဲကောင်းလို့လား မသိ ၀င်တာနဲ့ တန်းပြီးခန့်တာပဲ။ certificate ချင်းတူသော်မှဖြင့် အလုပ်မြန်မြန်ရသူ ကိုယ်ပဲဖြစ်ပါစေ ဆိုပြီးတောင် ဆရာမဂျူးက ရေးတော့မယ်ထင်တယ်” ဟု ထပ်ဆင့်ပြောလိုက်သည်။

မှတ်ပုံတင်ကတော့ မသက်မသာလေးကြည့်ပြီး သက်မချကာ လမ်းဘက်စီသို့ လှည့်အကြည့် ကွိစိကွစ နားမလည်သော စကားများပြောကာ ဆိုင်ထဲဝင်လာတဲ့သူစီ အကြည့်ရောက်သွားသည်။ “သြော်… ရုရှား ဂိုက်လိုင်စင်ပဲ…. သူတောင်ဆိုင်မလာတာကြာပြီ..ခရီးတွေသွားနေရလို့ ၀င်ငွေတွေရတယ်ထင်တယ်” ဟုတွေးရင်း မျက်မှန်းတန်းမိနေသဖြင့် လှမ်းလက်ပြကာ ပျောက်နေတယ် ခုတလော ဟုလှမ်းနှုတ်ဆက် လိုက်သည်။

“ပျောက်ဆို ခရီးသွားနေရလို့ပါ… တရုတ်လိုင်စင်က ခေါ်တာနဲ့ စကားပြောစရာမလိုပဲ ကားပေါ်ထိုင်လိုက် ရုံနဲ့ ပိုက်ဆံရတော့ လိုက်နေလိုက်တာ။ ဒီကောင် တရုတ်လိုင်စင်က နံပတ်သာ နောက်ကျတာ ခုတလော မဆိုးဘူး” ဟု ပြန်ဖြေရင်း သူ့ မိတ်ဆွေ စပိန်လိုင်စင်နဲ့ ပြင်သစ်လိုင်စင် ထိုင်နေတဲ့ ၀ိုင်းကို ထွက်သွားသည်။

မှတ်ပုံတင်လည်း လမ်းမဘက်ကို ဆက်ငေးရင်း ခုနက MBA နဲ့ သန်းခေါင်စာရင်းတို့ ပြောတာကိုမကြားတစ်ချက် ကြားတစ်ချက်နဲ့ နားထောင်ရင်း “သြော်..ဘာလိုလိုနဲ့ ငါတို့ စာရွက်တွေလည်း အတော်ကို အရာရောက်တဲ့ နေရာဖြစ်လာပါ့လား။ တက်လား မတက်လား ထက် စာရွက်စုံလား/မစုံလား က ပိုအရေးကြီးလာနေပြီပဲ” ဟုတွေးရင်း သူတို့ သူငယ်ချင်းကြီး ရပ်ကွက် ထောက်ခံစာလာရာလမ်းကို အကြည့် မှာ ထမင်းချိုင့်လေးဆွဲပြီး ပင်ပန်းနေတဲ့မျက်နှာလေးတွေနဲ့ စုံတွဲလေးတစ်တွဲကို ကြည့်မိသွားတယ်။ “B.A (Eng) နဲ့ B.Sc (Math)” တို့ အိမ်ပြန်နေကြတယ်လေ ………..
=============================================
Yan Naing