ကြည့်မှန်

ကြည့်မှန်

______

နယူးယောက်မြို့ရှိ မိုးမျှော်အဆောက်အဦး ပိုင်ရှင်တစ်ဦးသည် လစဉ် ကုန်ကျသော ဓာတ်လှေကားပြုပြင်ခအတွက် စိတ်ဆင်းရဲနေရသည်။ အကြောင်းမှာ မြင့်မားသော အဆောက်အအုံဖြစ်သောကြောင့် ခလုတ်နှိပ်တိုင်း ချက်ချင်းရောက်မလာသောဓာတ်လှေကားကို လူတချို့က စိတ်မရှည်သဖြင့် ခလုတ်ကို ထပ်တလဲလဲနှိပ်ကြသောကြောင့်ဖြစ်သည်။ ခလုတ်မီးလင်းနေသည်ကိုတွေ့သော်လည်း၊ တခြားလူနှိပ်ထားပြီးဖြစ်သော်လည်း လူတချို့က မိမိ၏ထူးဆန်းသောလက်ညိုးနှင့်နှိပ်လိုက်ရမှ ဓာတ်လှေကား အမြန်ရောက်လာမည်ဟု ထင်တတ်ကြသည်။ သတိပေးစာများ ရေးကပ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ နောက်ဆုံးတွင် အကြံဉာဏ်ပေးနိုင်သူအား ထိုက်တန်သောဆုချီးမြှင့်မည်ဟု ပိုင်ရှင်ကကြေညာလိုက်သည်။

စိတ်ပညာရှင်တစ်ဦးက ဓာတ်လှေကားရှေ့တွင် ကြည့်မှန်တစ်ချပ်တပ်ဆင်လိုက်မှ ပြဿနာမှာပြေလည်သွားခဲ့သည်။ အကြောင်းမှာ ဓာတ်လှေကား အသုံးပြုသူများက မိမိ၏ အလျင်စလိုနိုင်သောရုပ်ကို မှန်ထဲတွင်တွေ့ရသောကြောင့်ဖြစ်သည်။ မှန်ထဲကကိုယ့်ပုံကိုပြန်တွေ့မှ လူအများသည် စည်းကမ်းသိမ်မွေ့ သေဝပ်သွားတတ်ကြသည်။ လူအုံကြားထဲတိုးဝှေ့နေသူများပင် မှန်ရှေ့ရောက်လျှင် ယဉ်ကျေးကုန်ကြသည်။ စိတ်ရှည်ရှည်နှင့် လှေကားအလာကို စောင့်တတ်ကြသည်။ မှန်ကား ဤမျှ အစွမ်းထက်လှသည်။

တစ်ခါတရံ လူအများက ကြည့်ရဆိုးသော အမူအရာများကို တမင်လုပ်နေကြခြင်း မဟုတ်ပေ။ ထိုအမူအရာများကို ကိုယ်တိုင် မတွေ့မြင်ရ၍သာ လုပ်မိနေကြခြင်းဖြစ်သည်။ လူအဖြစ် ဖန်ဆင်းလာစဉ်က အဘယ်ကြောင့် မျက်စိနှစ်လုံးကို တစ်နေရာစီခွဲပြီး တစ်လုံးက တခြားလူကိုကြည့်ဖို့နှင့် ကျန်တစ်လုံးမှာ မိမိကိုယ့်ကိုယ်ကြည့်ဖို့အဖြင့် မဖန်ဆင်းခဲ့သနည်း။ ယခုအခါ မျက်လုံးနှစ်လုံးမှာ တခြားလူကိုကြည့်ရန်အတွက်ဖြစ်ပြီး အကယ်၍ မှန်သာမရှိခဲ့လျှင် လူများက ကိုယ့်ပုံစံကို ကိုယ်သိနိုင်ကြမည် မထင်ပေ။

“ငါ (self referent)” ဆိုတော့ အသုံးနှုန်းသည် နောက်ကျမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကလေးငယ်များသည် မှန်ထဲကပုံရိပ်မှာ မိမိဖြစ်ကြောင်းကို (၂နှစ်)သားခန့် အရွယ်ရောက်မှသိကြသည်။ ချင်ပန်ဇီမျောက်မှလွဲ၍ အခြားမျောက်များက မှန်ထဲမှကိုယ့်ပုံရိပ်ကို မသိကြချေ။ စမ်းသပ်မှုတစ်ခုတွင် တိရစ္ဆာန်များကို မေ့ဆေးပေးပြီး မျက်နှာကိုအနီမှတ်ဖြင့် ခြစ်လိုက်ကြသည်။ မေ့ဆေးပြယ်သောအခါ မှန်ထဲက မိမိပုံကို ကြည့်စေခဲ့သည်။ ချင်ပန်ဇီမျောက်က မှန်ကြည့်ပြီး ကိုယ့်မျက်နှာကို ပွတ်သပ်တတ်သည်မှလွဲ၍ အခြားအကောင်များက မိမိပုံရိပ်ကိုမသိကြချေ။ ဤစမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် မှန်ထဲက မိမိပုံရိပ်ကိုသိနိုင်ရန် မှတ်ဉာဏ် အရည်အချင်း မြင့်မားရမည်ဖြစ်ကြောင်းသိရသည်။

ပို၍ စိတ်ဝင်စားစရာကောင်းသော စမ်းသပ်မှုတစ်ခုက မျိုးမတူသောဥမှ ပေါက်ဖွားလာသော ငှက်ကလေးများသည် မိမိ၏မျိုးရိုးကို သိနိုင် မသိနိုင်ခြင်းပင်ဖြစ်သည်။ ပညာရှင်များက ကျွဲဇရက် (cowbird,starling)ဟု ခေါ်သော ငှက်ဥကို စာကလေးသိုက်ထဲ ထည့်ထားခဲ့သည်။ ဥမှ အကောင်ပေါက်သော် ကျွဲဇရက်က မိမိကိုယ်ကိုယ်စာကလေးဟု မထင်ခဲ့သည့်အပြင် မျိုးတူငှက်များနှင့်သာ မိတ်လိုက်ခဲ့သည်။ မိမိကိုယ်ကိုယ် စာကလေး မဟုတ်မှန်း မည်သို့ခွဲခြား သိနိုင်ခဲ့သနည်း.?

Cornell Universityရှိ စမ်းသပ်မှုတစ်ခုမှာ ဥမှပေါက်စ ကျွဲဇရက်အား အခြားငှက်များနှင့် ခွဲမွေးခဲ့သည်။ ထို့နောက် ငှက်အချို့၏ အမွှေးများအား အရောင်ဆိုးပေးပြီး ကျန်ငှက်များကို နဂိုအတိုင်းရှိစေသည်။ ခွဲမွေးထားသော ငှက်ကလေး(၂)လပြည့်သောအခါ အရောင်ဆိုးထားသောငှက်နှင့် မဆိုးထားသောငှက်များကြား လွှတ်ပေးလိုက်သည်။ ခွဲမွေးခံရသောငှက်မှာ မိမိနှင့်အရောင်တူသည့် ငှက်နှင့်သာနေကြောင်း တွေ့ခဲ့ရသည်။ စမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် ငှက်မှာ မိမိ၏အကျင့်နှင့်စရိုက်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိခဲ့သည်။ ဦးနှောက်ထဲရှိ ပုံစံပြား (template)က အခြားငှက်များနှင့် မိမိကိုယ့်ကိုယ် နိုင်းယှဉ်ကြည့်နိုင်ခဲ့သည်။ ထို့ကြောင့် “မျိုးတူချင်းစု” ဆိုသောအရာများ ပေါ်ပေါက်လာခဲ့သည်။

ဤစမ်းသပ်မှုမှာ အလွန်အရေးပါသည်။ တိရစ္ဆာန်များက မိမိ၏အကျင့်စရိုက်နှင့် မိမိကိုယ်ကိုယ် သိမြင်နိုင်စွမ်းရှိသည်။ လူဖြစ်သော ကျွန်တော်တို့မှာမှု မျက်လုံးနှစ်လုံးစလုံးကို တခြားလူ၏မျက်ချေးကိုသာ ကြည့်ရန်ထားပြီး ကိုယ့်မျက်ချေးကို မမြင်တတ်ခဲ့ကြပေ။ သို့သော် ထိုအားနည်းချက်ကို “မှန်”က ဖြည့်ပေးခဲ့သည်။ အလွယ်ဆုံး ဥပမာတစ်ခုမှာ အိမ်ရှင်၏ခက်ထန်သော မျက်နှာကိုတွေ့မှ ရိုသေသိမ်မွေ့သွားတတ်သော အိမ်စေကဲ့သို့ပင်။ “မှန်”သည် လူသားတို့အတွက် အလွန်အရေးပါသောပစ္စည်းတစ်ခုဟုဆိုလျှင် မှားလိမ့်မည် မထင်ပေ။

မူရင်းစာရေးသူ“ဟုန်လန်”မှာ ထိုင်ဝမ်ကျွန်းရှိ National Yang Ming Universityမှ Neuroscience ဆရာမတစ်ဦးဖြစ်သည်။