ငါတို့ တစ်နေ့နေ့ လမ်းခွဲဖြစ်ခဲ့ကြရင်

ငါတို့ တစ်နေ့နေ့ လမ်းခွဲဖြစ်ခဲ့ကြရင်

အရင်ဆုံးပြောချင်တာကတော့ ပျော်ပျော်နေဖို့ပါပဲ။ အပြုံးတွေက သိပ်ချစ်စရာကောင်းတာပဲလို့ ကိုယ် ခဏခဏ ပြောတာ ကို သူ မှတ်မိနေမယ်ထင်ပါရဲ့။ သူ့အပြုံးတွေ ဆက်ပြီးရှင်သန်နေမယ်ဆိုရင် ပဲ စိတ်တစ်ဝက် ငြိမ်းချမ်းပါပြီ။

ခါတိုင်းပြောနေကျစကားတစ်ခွန်းကို ထပ်ပြောချင်သေးရဲ့။ ” နောက်တစ်ယောက်နဲ့ ယူပြီး ကလေးတွေမွေးပါ။ မိသားစု ဘဝ ဆိုတာ တကယ်နေတတ်ရင် အများကြီး နွေးထွေးတယ်ဆိုတာ သိတယ်မဟုတ်လား ” ။ ဝေးသွားပြီးခဲ့ရင် ကိုယ့်ကို မြူတစ်မှုန်စာလောက်တောင် မတွေးပါနဲ့ကွယ်။ ပျော်ရွှင်စရာ မိသားစု ဘဝလေး နဲ့ အေးချမ်းနေစေချင်ပါတယ်။

တစ်ခါတုန်းက ဇော်ဇော်အောင် ရဲ့ မကြည်ပြာနဲ့ ယုဇန မခင်ပျို စာအုပ်ထဲကလို ” ချစ်တယ်ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲလို့ ကြားဖူးတယ် ” ဆိုသလိုမျိုး ကိုယ်တို့ လမ်းတစ်ခုမှာ အချိန်အကြာကြီး လက်တွဲလမ်းလျှောက်ခဲ့ဖူးတာ မှတ်မိလား။ ကိုယ်တို့ တကယ်ကို ချစ်ခဲ့ကြတာ ကိုယ်တို့ချင်း သိနားလည်ခဲ့ကြတာပဲလေ။ ဒါပေမယ့် အချစ်က တစ်ခါတစ်ရံ ကန့်သတ်ရက်ရှိတယ်။ အိတ်စ်ပိုင်ယာ ဒိတ် ( ရက်လွန် ပစ္စည်း ) ဖြစ်တတ်တယ်။ ကိုယ်တို့ အချစ်တွေ ရက်လွန်ကုန်ခဲ့ရင်…. ။ ကိုယ်တို့ တစ်နေ့မှာ လမ်းခွဲဖြစ်ခဲ့ကြရင်ပေါ့။ တစ်နေ့မှာ လမ်းခွဲဖြစ်မယ်ဆိုရင် ကိုယ့်လက်ဖဝါးက ချွေးစေးတွေကို ကိုယ်ပြန်နမ်းရှိုက်မယ်။ ပြီးတော့… ငိုမိမယ် ထင်တယ်။

အကောင်းကို မျှော်လင့်တတ်ရင် အဆိုးကို လက်ခံနိုင်ရမယ်တဲ့။ ကိုယ် အများကြီး မတွေးထားဘူး။ နေ့ရှိသရွေ့ ချစ်နေချင်တာရယ်၊ မနက်နိုးလာတိုင်း မင်းစိတ်နဲ့ မျက်လုံးနှစ်လုံးကို ဖွင့်လိုက်ချင်တာရယ်၊ ကံကြမ္မာက မသေခင်အထိ လို့ အာမခံချက်ရှိခဲ့မယ်ဆိုရင် အဲ့ဒီအချိန်အထိ မင်းပခုံးကို မှီထားချင်တာရယ်၊ ပတ်ဝန်းကျင်က လူတွေ ဝင်လာသမျှကို ခေါင်းကောင်းကောင်းနဲ့ ပြန်တိုက်ထုတ်ချင်တာရယ်…နောက်ဆုံးအနေနဲ့ မင်း သွားလေးတွေပေါ်အောင်ပြုံးနေတာကို ထိုင်ငေးနေချင်တာလေးရယ် ပါပဲ….။ အဆိုးတွေကို လက်ခံဖို့ အကောင်းတွေကို မျှော်လင့်ချင်တယ်။ ကိုယ်တို့ မဝေးကြဘူးလို့ ယုံတယ်မဟုတ်လား….။ ဖြေပါဦး။ ယုံတယ်မဟုတ်လား။

လူ့စိတ်ဟာ တစ်စက္ကန့်အတွင်းမှာ အမျိုးပေါင်း သောင်းခြောက်ထောင် ပြောင်းလဲနေတတ်တာပဲ။ တစ်နေ့နေ့ ကိုယ့်ကို မင်း… မချစ်တော့တဲ့အခါ..
တစ်နေ့နေ့ ကိုယ့်ကြောင့် မျက်တောင်လေး တစ်ခု တောင် ကျွတ်ရတဲ့အခါ..(ကိုယ့်ကြောင့် မင်း မျက်တောင်လေးတောင် မကျွတ်စေချင်ဘူးလေ )
တစ်နေ့နေ့ ကိုယ့်ကြောင် အသက်ရှုရခက်တဲ့အခါ.. စိတ်ရှုပ်ရတဲ့အခါ… ပင်ပန်းလာရတဲ့အခါ…

နောက်ဆံမတင်းဘဲ လွှတ်ချ ခဲ့ပါလို့ ဟန်ဆောင် ပြောရတာပေါ့။ တကယ်က သူမရှိတော့တဲ့အခါ အသက်သာရှင်လျက်ရှိပြီး ဘဝတစ်ခုလုံး သေသွားမယ်ဆိုတာ သူမသိအောင် မျိုချ နေရတာပဲ။ နှလုံးသားတစ်ခုလုံးကို သံချွန်တစ်ခုခု နဲ့ မွစိတက်နေအောင် ထိုးဖောက်နေသလို၊ အပ်ချည်ကြိုး မျှင်မျှင်လေးနဲ့ ဆွဲဖြတ်နေသလို… ဝေးကြမယ်လို့ တွေးတာနဲ့ မောဟိုက်လာပြန်ရော။ ဒါပေမယ့်…. ကိုယ်ရှိနေလို့ သူ စိတ်ရှုပ်ထွေးရမယ်ဆိုရင် .. ကိုယ် နာကျင်ရလည်း ကျန်နေရစ်ရဲပါတယ်။ ကျန်နေရစ်ခဲ့ရဲပါတယ်။ ဒဏ်ရာကို ပိုက်ထားပြီး… တကယ် ကျန်နေရစ်ခဲ့ရဲပါတယ်။

အရင်တုန်းက လူတွေကို ပြန်သတိရလား…။ ကျေးဇူးပြုပြီး အတိတ်ကို ပြန်သတိရတတ်တဲ့လူ မဖြစ်စေချင်ပါဘူး။ သူစိတ်ရှုပ်လာတဲ့တစ်နေ့မှာ ကိုယ်လည်း ကျန်နေရစ်ခဲ့ပြီးရင် …သူလည်း အတိတ်ကို ပြန်သတိရတတ်တဲ့လူဆိုရင် … သူတွေးမိမယ့် အတိတ်တွေထဲမှာတောင် ကိုယ် မပါစေချင်ပါဘူး။ သူ့အတွေးထဲမှာတောင် ကိုယ်က အနှောင့်အယှက် မဖြစ်စေချင်ပါဘူးကွယ်။ ကျေးဇူးပြုပြီး အတိတ်က နာကျင်ရသမျှတွေကို ဘာမှ မမှတ်မိတတ်တဲ့လူပဲဖြစ်စေချင်ပါတယ်။ သူ့ကို….။ ကျေးဇူးပြုပြီး ဘယ်အတိတ်ကိုမှ သတိမရပါနဲ့… ကိုယ်တို့တစ်နေ့နေ့ လမ်းခွဲဖြစ်ခဲ့ရင်။

ထမင်းပုံမှန်စားပါ.. သေချာ ညက်အောင်ဝါးစားပါ။ ရေများများသောက်ပြီး အပြင်ထွက်တိုင်း ထီးဆောင်းပါ။ ညဘက်စောစောအိပ်ပြီး ခြင်ကိုက်မခံရအောင်နေပါ။ ကျန်းမာရေးဂရုစိုက်ပါ။
အမှောင်ထဲမှာ ဖုန်းကိုမကြည့်ပါနဲ့။ စတီးဇွန်းလေးတွေကို ရေခဲသေတ္တာထဲ ထည့်ထားပြီး မျက်စိကို ကပ်ပေးရင် မျက်စိအာရုံကြောသက်သာသတဲ့။ မျက်စိညောင်းလာတိုင်း ရေအေးအေးလေးနဲ့ဆေးပေးနော်။ အကြောတွေတက်လာရင် ခဏတဖြုတ်အပန်းဖြေပါ။ လှဲချလိုက်ပါ။ သိပ်စိတ်ညစ်လာရင် အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်ရေးဝဝအိပ်စေချင်တယ်။

ပြီးတော့… ဘာတွေမှာရဦးမလဲလို့ တွေးနေရင်း ကိုယ် ရင်နာလာပြန်တယ်။ မင်းနဲ့ဝေးရမယ်ဆိုတာမျိုးက အတွေးနဲ့တင် ငရဲပြည်အောက်ဆုံးအထပ်ကနေ ဘယ်တော့မှ မကျွတ်နိုင်တော့မယ့်လူလို ပူလောင်နေရတာမျိုးလေ။ ငါတို့ တစ်နေ့နေ့ လမ်းခွဲဖြစ်ခဲ့ကြရင် … ငါ့ကို နည်းနည်းလေးတောင် သတိမရပါနဲ့။ နော်။

အင်္ကျီလက်ကလေး ခေါက်တင်ပေးခွင့် … ဆံပင်လေးတစ်မျှင်နှစ်မျှင် နဖူးပေါ်ကျနေတဲ့အခါ သပ်တင်ပေးခွင့်… နားထင်ထောင့်က ချွေးစက်လေး အသာအယာ တို့ပြီး သုတ်ပေးခွင့်… တစ်ခါတစ်ရံ လက်တွေကို ဆုပ်တွေးပြီး တစ်ချက်လောက် ခပ်တင်းတင်း ဆုပ်ညှစ်လိုက်ခွင့်… ခြေချောင်းလေးတွေကို တို့ကြည့်ပြီး သိပ်ချစ်စရာကောင်းတာပဲလို့ ရေရွတ်ခွင့်…
အသေးအမွှားလေးတွေကအစ မင်းနဲ့ပတ်သက်ပြီး ကြည်နူးခွင့်လေးတွေ.. တစ်သက်လုံး ရနေမှာလား။ တစ်သက်လုံးလေ….။ တစ်နေ့နေ့ မင်းနဲ့ကိုယ် လမ်းခွဲကြမယ်ဆိုရင်….။

အတွေးတွေက လူကို သတ်တာပါပဲ။ အတွေးတွေက လူကို ရိုက်ချိုးတာပဲ။ အတွေးတွေက လူကို ဖျက်ဆီးတာပါပဲ။ ကိုယ်ဆက်မတွေးချင်ဘူး။ တစ်နေ့နေ့ ငါတို့လမ်းခွဲရရင်ဆိုတာမျိုး။
နေ့ရှိသရွေ့… ချစ်ခွင့်ရနေသေးသရွေ့ မင်း လက်တစ်ဖက်ကို ဖမ်းဆုပ်ထားချင်တယ်။

သိပ်ချစ်တတ်တဲ့မင်းက ကိုယ့်ကို ပြုံးပြီးပြောလိမ့်မယ်။ ဘာတွေပေါက်ကရ တွေးနေတာလဲလို့ပေါ့။

ကိုယ်ဖြေချင်ပါတယ်။ မင်းနဲ့ ပတ်သက်လာရင် မင်းစိတ်ရှုပ်ရမယ့်အခါ ခေါင်းပေါ်မှာ ခဏတာ ကပ်နေတဲ့ အမှိုက်လေးတစ်စလောက်တောင် စိတ်ရှုပ်မှု မပေးချင်လို့ ဒီလို တွေးရတာပါလို့ပေါ့။
ကိုယ်တို့ တစ်နေ့နေ့လမ်းခွဲဖြစ်ကြမယ်ဆိုရင်…
ကိုယ့် အတွက်နောက်ဆံမတင်းပဲ စိတ်ရှင်းရှင်း ထွက်သွားနိုင်ပါတယ်။
အဲ့ဒီလောက်ထိ ကိုယ်မင်းကိုချစ်ရပါတယ်ကွယ်။

******
သုတေးစစ်