တစ်ခါတလေလည်း ပုံမှန်သမာရိုးကျမဟုတ်တဲ့ ပုံစံက ခွဲထွက်ပြီး ထူးထူးဆန်းဆန်း ခရီးသွားခြင်း အနုပညာ လေးတွေကို ခုလိုမျိုး ဖန်တီးလိုက်ရကောင်းမလားပဲ…

တစ်ခါတလေလည်း ပုံမှန်သမာရိုးကျမဟုတ်တဲ့ ပုံစံက ခွဲထွက်ပြီး ထူးထူးဆန်းဆန်း ခရီးသွားခြင်း အနုပညာ လေးတွေကို ခုလိုမျိုး ဖန်တီးလိုက်ရကောင်းမလားပဲ…

(1) Aveda Kedave!!
(The Harry Potter Tour, London)
ဟယ်ရီပေါ်တာချစ်သူတွေအတွက် ဟယ်ရီ့ရဲ့ မွေးဖွားရာ လန်ဒန်မှာ သူ့ရဲ့အမှတ်တရလေးတွေ၊ ဇာတ်ကြောင်းလေးတွေကို ပြန်လည်တမ်းတခွင့်ရရင် အတော်လေးပျော်မိကြမှာပါ။ ဟယ်ရီပေါ်တာဇာတ်လမ်း တွဲတွေထဲကလို ဒီနေရာရဲ့ဝင်ပေါက်က မှော်ဝင်ကြီးဌာနရဲ့ ၀င်ပေါက်၊ ဘေးနားမှာက ဖီးနစ်အဖွဲ့ဝင်တွေက မိုးပျံတံမြတ်စည်းတွေ နဲ့ သင်န့အပြိုင် Knockturn Alley ကိုသွားလေ့လာကြမလို့ လုပ်နေလေရဲ့။ အလယ်ခေတ်လောက်တုန်းက လန်ဒန်ရဲ့လမ်းအိုလမ်း ဟောင်းလေးအတိုင်း Hogwarts ကိုသွားမယ့် အမှတ် 9 3/4 ပလက်ဖောင်းမှာလည်း ရေနွေးငွေ့စက်ခေါင်းကြီးက သင့်ကိုစောင့်နေတယ်။
လန်ဒန်တံတား ကနေပြီး လက်စတာရင်ပြင်ထိ ရှိတဲ့ဒီမှော်ဆန်တဲ့လျောက်လမ်းလေးကို လျောက်ချင် တယ်ဆိုရင်တော့ သင့်အနေနဲ့ လူကြီးတစ်ဦးကို 12 ပေါင်ကျသင့်မှာဖြစ်ပြီး ကလေးတစ်ဦးကိုတော့ 10 ပေါင်ကျသင့်မှာဖြစ်ပါတယ်။ online ကနေ booking လုပ်ဖို့ တိုက်တွန်းပါရစေ။
ကဲ…..Muggle Tours ဆိုတဲ့ နာမည်လေးနဲ့ booking တင်လိုက်နော်…….
—————————————–

2) အရိုးများနှင့် ကခုန်ခြင်း ………
(Paris Catacombs tour, Paris)
ချစ်ခြင်းတွေထုံးနှောင်ရာ Eiffel Tower နဲ့ ပဲရစ်မြို့လေးရဲ့ အောက်ဘက်မှာထုံးကျောက် နဲ့ပြုလုပ်ထားတဲ့ ကျောက်ကျင်း တွေ၊ မှန်ကူကွက်တွေ အကြားမှာအော်ဂလီဆန်လောက်တဲ့ မြင်ကွင်း တွေအပြည့်တည်ရှိရာ Catacombs လို့ခေါ်တဲ့ မြေအောက်သင်္ချိုင်းကြီးကို သွားလည်ကြရအောင်နော်။ (၁၇၀၀) ပြည့်နှစ်တွေရဲ့ နှောင်းပိုင်းလောက်က လူသေတွေရဲ့ ခန္ဓာ ကိုယ်အကြွင်းအကျန်တွေ၊ အရိုးတွေကို မြုပ်နှံထားတာဖြစ်ပြီး ခန့်မှန်းချေ အားဖြင့် လူအယောက် (၆) သန်း လောက်ရဲ့ အလောင်းတွေကို စီတန်းပြီး မြုပ်ထားတာပါ။ ဘေးဘက်ကနံရဲတွေမှာလည်း ကီလိုမီတာနဲ့ချည်ပြီးရှိတဲ့ အရိုးခေါင်းတွေ၊ အရိုးအကြွင်း အကျန်တွေကို အတိုင်းသားမြင်နိုင်အောင်စေတနာနဲ့ ပြုလုပ်ပေးထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်တော်လှန်ရေးတပ်သားတွေဟာ ပုန်းခိုဖို့ မြေအောက်လိုဏ်ခေါင်းတူးရင်းနဲ့ဒီနေရာကို တွေ့ရှိသွား ခဲ့ပါတယ်။ အတက်အဆင်း လှေကားထစ်တွေ (၂၂၀) လောက်ရှိတဲ့ ဒီမြေအောက်သင်္ချိုင်းဟာ အမှတ်(၁)၊ Avenue du Colonel Henri Roi-Tanguy မှာတည်ရှိပြီး တနင်္လာနေ့နဲ့ အစိုးရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်(၁၀) နာရီကနေ ညနေ(၅) နာရီထိ ဖွင့်လှစ်ပါတယ်။၄၅ မိနစ်လောက်ကြာအောင် လျောက်ရတဲ့ ဒီနေရာလေးက ၀င်ကြေး ဒေါ်လာ ၇၀ တောင်မှ နော်။
ကဲ… အီဖယ်တာဝါ ရဲ့ အရိပ်ထဲမှာ အရိုးစုများနဲ့ ကခုန်လိုက်ကြရအောင်………..
—————————————–

3) နီရင့်ရင့် ကန့်လန့်ကာများ၏ အနောက်…..
(Red Ligh District Tour, Amsterdam)
နယ်သာလန်နိုင်ငံမှာ 13th ရာစုခေတ်လောက်က တည်ထားခဲ့တဲ့ Church ကျောင်းလေး တစ်ကျောင်း၇ှိပါ တယ်။ ခုချိန်မှာတော့ ဒီနေရာဟာ ရှေးဟောင်းအဆောက် အဦးဖြစ်ပြီး ဒီဘုရားကျောင်းလေးမှာ နာမည်ကျော် ဒတ်ခ်ျလူမျိုး အနုပညာရှင် Rembrandt ရဲ့ ပထမဇနီးရဲ့ အုတ်ဂူလေး ရှိပါတယ်။ ကဲ သမိုင်းဝင်နေရာလေးကို သွားလည်ကြမလား။
ဒီကိုသွားဖို့ ဦးတည်လိုက်တိုင်း 95% သော ခြေလှမ်းတွေ က သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ ကမ္ဘာကျော် Red Light Area ကိုပဲ ရောက်သွားတတ်ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံး အဖော်အချွတ်ကပွဲတွေ၊ ကလပ်တွေ၊ ဘားတွေ၊ marijuana ရနိုင်တဲ့ ကော်ဖီဆိုင်တွေအပြင် အထိအတွေ့က ကျေနပ်တယ်ဆိုတာထက် ပိုလွန်းလှတဲ့ အမှောင်ဘက်က မင်းသမီး လေးတွေကြောင့် တကူးတကကိုသွားလည်ရတဲ့ Red Light Area ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး Condom တွေကို လည်းအဲ့နေရာမှာပဲ ၀ယ်ယူနိုင်လို့ Condomerie လို့တောင် ခေါ်ကြပါတယ်။ နေ့စဉ် နံနက် (၁၀) နာရီမှည (၁၁) နာရီထိ ပိတ်ရက်မရှိ စည်ကားတဲ့(ညပိုင်းတွေဆို ပိုဆိုးတယ်) ဒီနေရာလေးကို အချိန် ၂ နာရီလောက်ပေးပြီး လမ်းလျောက်လို့ ရပါတယ်။ တစ်ဦးကို ယူရို ၁၅ ဒေါ်လာကျသင့်မှာဖြစ်ပြီး ကိုယ့်ရဲ့ observation အပေါ်မူတည်ပြီး ကံထူးနိုင်ပါသေးတယ်။
ကဲ… နီရင့်ရင့် ကန်လန့်ကာလေးတွေကို သွားလှန်ကြည့် ရအောင်…….ဘာများရှိမလည်း???
—————————————-

4) အတိတ်၏အရိပ်များသို့ ပြန်လှည့်ခြင်း….
(Tours of Chernobyl, Ukraine)
စုတ်ပြဲနေတဲ့ စာအုပ်အဖုံးလေး သုံးခုလောက်က ကြမ်းပေါ်မှာ ကျနေတယ်။ ဖုံတွေပြည့်နေတဲ့ စာသင်ခန်းလေးရဲ့ထောင့်မှာ ဟောင်းနွမ်းလှတဲ့ မွေးပွဝက်ဝံရုပ်လေး တစ်ရုပ်က မျက်လုံးလေး ပြူးပြီးအသက်မပါတဲ့ အကြည့်လေးနဲ့ကြည့်နေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ဘာသံမှမကြားရအောင် တိတ်ဆိတ်လှတဲ့ နေရာလေး…တစ်ချက် တစ်ချက်တော့ စိတ်ကပဲ ထင်နေလို့လား မပြောတတ်ပဲ ညည်းတွားသံသဲ့သဲ့လေး ကြားလိုက်ရရင်…………..
(၁၉၈၆) ခုနှစ်ရဲ့ ဧပြီလနှုတ်ဆက်တော့မယ့်အချိန်လေးမှာ ယခင်ဆိုဗီယက်နိုင်ငံရဲ့ အစိတ်အပိုင်း၊ ယခု ယူကရိန်းနိုင်ငံ Pripyat မြို့လေးမှာ Chernobyl Nuclear ဓာတ်အားပေးရုံ မတော်တဆဖြစ်စဉ်ကြောင့် ရယ်သံတွေတိတ်ဆိတ်ပြီး၊ အစွန့်ပစ်ခံမြို့ပျက်ဘ၀ကို ချက်ချင်းရောက်ရတော့တယ်။ လူတွေရဲ့အသက်တွေ စတေးခဲ့ရသလို ဒီဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ပေါင်းများစွာ ကြာတဲ့ထိ ဓာတ်သတ္တုရောင်ခြည်အဆိပ်သင့်မှုတွေက ရှိနေဆဲပါ။ခရီးသွားခြင်းအရသာကို အသစ်အဆန်း ခံစားလိုသူတွေအတွက် ၇ ရက်လောက်ထိ ခရီးစဉ်တွေနဲ့ အဲ့နေရာကို သွားလို့ ရပါတယ်။ ကျန်းမာရေးအာမခံပါ တစ်ခါတည်းတွဲပြီးဝယ်လို့ရတဲ့ online ticket တွေရှိပါတယ်။
ကဲ… စွန့်စားမယ် ကိုယ့်ချစ်ရေ… လိုက်ရဲလား…!!!
—————————————–

5) သံတိုင်များကို ခြေရာခံခြင်း
(Robben Island Tour, Cape Town)
ဘ၀မှာ အပျောက်ဆုံးနေ့သုံးနေ့ရှိတယ်လို့ ကိုယ်တွေဆိုရိုး စကားလေးရှိဖူးတယ်လေ။ အဲ့အပျော်လေးကို သွားစမ်းကြ မလား။ တောင်အာဖရိကနိုင်ငံ ရဲ့ Robben Island မှာရှိတဲ့ ထောင်လေးထဲကို မခက်ခဲပဲ အလည်သွားလို့ ရနေပါပြီနော် (ဖြည်းဖြည်းဆဲကြပါ)။ စပြီးတည်ဆောက်ချိန်က အကျဉ်းထောင်၊ နောက်တော့ စိတ္တဇဆေးရုံ၊ နောက် စစ်တပ်အခြေစိုက် စခန်း၊ တစ်ခါထပ်ပြီး ထောင်အဖြစ် ကိုယ်ယောင်မျိုး စုံပြောင်း နေတဲ့ ဒီကျွန်းလေးက ခုချိန်မှာတော့ Tourist Attraction အနေနဲ့ပဲ ကိုယ်ထင်ပြခဲ့ပါတယ်။ တောင်အာဖရိကရဲ့ နာမည်ကျော် ခေါင်းဆောင် နယ်ဆင် မင်ဒဲလား ကိုယ်တိုင် ၁၈ နှစ်ခန့် ဒီထောင်မှာ အချိန်ဖြုန်း ခဲ့ရတာပါ။ စိတ္တဇဆေးရုံလည်းဖြစ်ဖူးတယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို အထူးတလည် ချုပ်နှောင်ခဲ့ရာ နေရာလည်းဖြစ်ဖူးတော့ Spy တွေစီက အဖြေတွေ ရအောင် အဖြေထုတ်တဲ့ ကိရိယာပေါင်းစုံလည်း ရှိပါ တယ်။ ပြီးတော့ တကယ်လည်း အဲ့ဟာတွေကို သုံးခဲ့ တယ်လေ။ ကျွန်းပေါ်က ဒီနရသိန်လေးက ၁၉၉၉ ခုနှစ်မှာ UNESCO စာရင်းတောင် ၀င်ခဲ့ပါသေးတယ်။ Cape Town မြို့ကနေ ကေဘယ်ကားလေးစီးပြီးသွားလို့ ရပါတယ်။
ကဲ……သံတိုင်များနဲ့ နရသိန်လေးမှာ Check In ၀င်ကြစို့……….
—————————————

6) Oh! Heltker Skelter……
(The Charles Manson Helter Skelter Tour, Los Angeles)
2017 လောက်ကမှ လူ့လောကကနေထွက်ခွာသွားတဲ့ Charles Manson လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ အိမ် သွားလည် မယ်လေ။ ၀မ်းနည်းကြောင်းအထိမ်းအမှတ်နဲ့ သူ့မိသားစုကို သွားတွေ့ကြမလား။ ဒီခရီးစဉ်လေးက ကြာချိန်သုံးနာရီ လောက်ပေးရတဲ့ အိမ်အလည်သွားတဲ့ tour လေးပေါ့။ သင့်ကို ဧည့်ခံမယ့် အိမ်ရှင်ကတော့ Charles Manson Family ရဲ့ အိမ်လေးပါ။ နွေးထွေးတဲ့ ဒီမိသားစုလေးဟာ ဟောလီးဝုဒ်မင်းသမီး Sharon Tate အပြင် အခြားသော ကွင်းဆက်လူသတ် မှု ကိုး ခုကျူးလွန်ခဲ့တဲ့ ဧည့်ဝတ်ကျေတဲ့ မိသားစုလေးပါနော်။ Manson ကိုယ်တိုင်က တစ်ဦးတည်း လူသတ်မှု ၇ ခုကို ကျူးလွန်ခဲ့လို့ သူ့ကို သေဒဏ်ပေးခဲ့ပြီး California မှာ အဲ့လိုအပစ်ပေးမှုကို ဖျက်သိမ်းထားလို့ ထောင်ဒဏ်တစ် သက် ချ မှတ်ခံခဲ့ရသူုပါ။ မိသားစုတစ်စုလုံးကို လူသတ်သမားအဖွဲ့ဝင်ဖြစ်အောင်စည်းရုံးနိုင်ခဲ့တယ် သူ့အကြောင်း၊ ကျူးလွန်ခဲ့တဲ့ လူသတ်မှုမြင်ကွင်းတွေ၊ တကယ့်ဖြစ်ရပ်မှန်ကို ပြသထားတဲ့ အိမ်လေးပါ။ ၁၂ နှစ်အောက်ကလေးများကို ၀င်ခွင့်မပြုတဲ့ ဒီအိမ်လေးကို သွားလည်မယ်ဆိုဝင်ကြေးက ၆၅ ဒေါ်လာကျသင့်မှာပါ။ Hetlker Skelter ဆိုတာဟာ Scenario ဆိုတဲ့ အဓိပ္ပါယ်နဲ့ Beatles အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီစကားရဲ့ တခြားအနက်ကိုတော့ Manson ကိုယ်တိုင် လူသတ်ဖို့ ပြင်ဆင်ချိန် စည်းရုံးရေးစကားပြောရင် သုံးတာပါ။လူမျိုးရေးခွဲခြားမှုကြောင့်ပေါ်လာတဲ့စစ်ပွဲတွေကို ကြိုတင်ဗျာဒိတ် ပေးတယ်ပေါ့……
ကဲ.. Beatles သီချင်းလေးကို Manson ပုံလေးကြည့်ပြီးသွားနားထောင်မလို့။။ လိုက်ဦးမလား…
—————————————-

7) ချစ်ခြင်းဖြင့်မွှမ်းထုံအပ်သော….
( City Sewer Tour, New York)
ဝိုင်နီလေးတစ်ခွက်၊ ချောကလတ်လေး တစ်ချပ်နဲ့ နှင်းဆီပန်းလေးတစ်ပွင့်ကြောင့် သင့်ချစ်သူဟာ Valentine’s Day မှာ ပျော်ရတယ်ဆို ခုပြောမယ့် Tour လေးကို စီစဉ်ပေးလိုက်ပါ။ ကျိန်းသေပါတယ်။ ဘာဖြစ်မယ် ထင်ပါလည်း….??
New York မြို့ရဲ့ ပတ်ဝန်းကျင်ထိန်းသိမိးကာကွယ်ရေး ဌာနဟာ New York မြို့ရဲ့ Valentine’s Day မှာ
ရင်ခုန်ဖွယ် romantic ဆနိဆန် မြို့တော်ရဲ့ မြေအောက် မိလ္လာပိုက်တွေထဲလျောက်သွားရတဲ့ Tour လေးကို အစပျိုးပေးခဲ့ပါတယ်။ ထူးခြားစွာ ရိုချင်ကြသူတွေ အတွက် အရမ်းကိုထူးခြားတဲ့ ပိုက်လုံးကြီးတွေကြား ကလူကျီစယ် လုပ်ကြရင်း ချစ်ခြင်းရနံ့တွေ မွှေးပျံ့နေတဲ့ New York မြေအောက်မိလ္လာတွေကြား propose လုပ်နိုင်တဲ့ မဟာအခွင့်အရေးကြီးနော်…… ချစ်သူကို စမ်းပြီးခေါ်သွားကြည့်ပါ။ အဆင်ပြေရင် ကျွန်တော့်ကို ပြန်ပြောပေးနော်….. ခေါ်သွားကြည့်မလို့….
—————————————-

8) ကမ္ဘာဦးသစ်တောထဲမှာ ရုပ်ရှင်သွားရိုက်မယ်လေ….
(Middle Earth Tour, New Zealand)
ပေမမီတဲ့ Hobit လေးနဲ့ မှော်ဝင်လက်စွပ်လေး တစ်ကွင်း၊ Orlando Bloom ရဲ့ငွေရောင်ဆံပင်အရှည်နဲ့ ရုက္ခစိုး Character သရုပ်ဆောင်မှု….. ဒါဆိုရင်တော့ Lord of the Ring ဇာတ်ကားကို မြင်မိလောက်ပါပြီ။ ဒီဇာတ်ကား ထဲကလို လှပတဲ့ သစ်တောကြီး၊ Hobbit House လေးတွေနဲ့ ပြည့်နေတဲ့ New Zealand ကိုသွားလည်မ လား။ အရမ်းသာယာတဲ့ အေဒင်ပန်းခြံထဲ Eve ကို မြင်လို့ Adams တစ်ယောက်မင်သက်မိပြီး စားလက်စပန်းသီးရဲ့ အစေ့ကို မတော်တဆမြိုချမိရာက ယောကျာ်းလေးတွေ မှာ လည်စေ့(Adam’s Apple) ဆိုတာ ပေါ်လာရတာ ဟုတ် မဟုတ် စမ်းသပ်ကြည့်သင့်တယ်နော်…….
——————————————

9) စုန်းမလေးလို မပြုစားပါနဲ့ကွယ်…..
(Mystical Voodoo Tours, Haiti)
ပစိဖိတ် ရေပြင်ကျယ်ထက်က ဟေတီ ကျွန်းနိုင်ငံလေးကို အချိန်မသက်ရောက်သောမြေ လို့ခေါ်ဆိုကြပါတယ်။ တိုးတက်ပါတယ်ဆိုတဲ့ ၂၁ ရာစုပြယုဂ်တွေနဲ့ အမှောင်ခေတ်က စုန်းကဝေ အတက်ပညာတွေကို ယခုတိုင် ကျင့်သုံးနေဆဲ Voodoo ပညာရပ်တွေ၊ တဲရောဒ့်ကတ်နဲ့ ကံကြမ္မာဖတိသူတွေအတွက် ရှမ်ဗဲလား ဖြစ်တဲ့ ဟေတီကိုသွားလည်မလား။ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ပြီး UNESCO အမွေအနှစ် နေရာ အခု ၂၀ တောင် ရှိတဲ့ ဒီနိုင်ငံကို ၅ ရက်ခရီးလောက်သွားမယ်ဆို သင့်ပေး ရမယ့် ခရီးစရိတ် Voucher ကို ဖတ်ကြည့်ပါ။ အဲ့ထဲမှာ သင်ပါဝင်နိုင်တဲ့ မှော်အစီအရင်ပွဲတွေရဲ့ ပညာအဆင့် အတန်းအလိုက် ဈေးတွေကွဲပြားသွားပါတယ်။ အသက် ၁၇ နှစ်အထက်တွေကိုသာ လည်ပတ်ခွင့်ပေးတဲ့ ဒီခရီးစဉ် ကိုသွားမယ်ဆို zombie တွေလမ်းလျောက်နေတာကို တွေ့မှာမဟုတ်လို့ စိတ်မပျက်ပါနဲ့နော်။
သင့်ချစ်သူကို လိုက်နှောင့်ယှက်နေတဲ့ ex ရဲ့ ဓာတ်ပုံလေးနဲ့ အပ်လေးဆောင်သွားကြပေါ့……
—————————————–

10. တိမ်တွေပေါ်မှာ လမ်းလျောက်ကြစို့ …..
(Ganja Tours of Jamaica)
ဂရာဗက်တီ အပြင်ဘက်က သက်တံ့ကိုကွေးပြီး unicorn လေးတွေနဲ့ သွားတွေ့မလား…. သာယာတဲ့ ပီယာနိုနဲ့ ငြင်သာတဲ့ တယောသံတေးသွားတွေပါတဲ့ Gothic ဂီတရဲ့ တေးသွား ဆင်ဖိုနီလေး ခေါ်ဆောင်ရာနောက် တရှိုက်မက်မက်နဲ့ မျောလွင့်ချင်လား….. အသက် ၁၈ နှစ် ပြည့်ပြီလို့သာ အထောက်အထားခိုင်လုံပါစေ။ Jamaica နိုင်ငံက အထူးခရီးစဉ်လေးက သင့်ကို စောင့်နေတယ် လေ။ ဂန္တ၀င်ဆန်တဲ့ Bob Marley ရဲ့ မွေးဖွားရာ ဒီနေရာက ဆေးခြောက်ခင်းတွေနဲ့ ပြည့်လို့ရယ်။ လေယူရာတိမ်းနေတဲ့ မြစိမ်းရောင် ဆေးခြောက်ပင် ခင်းကြီးထဲမှာ ရောက်နေတဲ့ ဘ၀ရဲ့အဓိပ္ပါယ်ဟာ ဆိုရင်တော့ဖြင့်….ကမ္ဘာလှည့်ခရီးသည်တွေ အရသာ တွေ့ကျတဲ့ နိုင်ငံလေးလေ။ Tourism ကပဲ ၀င်ငွေတွေ သောက်သောက်လဲ ၀င်တဲ့ Jamaica နိုင်ငံက ဒီခရီးစဉ် လေးကို သွားလေ့လာစေချင်ပါတယ်။ နေ့စဉ်ကြုံတွေရ တဲ့ daily life ရဲ့ pressure တွေ၊ social problems တွေလျော့ကျဖို့ သွားမယ်ဆိုလည်း ရသလို ချစ်သူလေးရဲ့ လက်ကိုကိုင်ပြီး နီကျင့်ကျင့်ဖြစ်နေကြတဲ့ မျက်လုံးတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်၊ ငြင်သာတဲ့ လှုပ်ရှားမှု လေးနဲ့ ပူနွေးနေတဲ့ သူမနှုတ်ခမ်းလေးကို ကိုယ့်ရဲ့ နှုတ်ခမ်းလေးနဲ့တရှိုက်မက်မက် လေးဖိနမ်းထားလိုက်၊ နှစ်ယောက်သား နူးညံ့တဲ့အမိန့်တော်ကို နာခံရင်း တိမ်စိုင် တွေလို နိမ့်ဆငိးလိုက်၊ မြင့်သွားလိုက်…. ညည်းတွားသံ လေးတွေအဆုံးမှာ အငွေ့မထွက်တော့တဲ့ Cigarette လေးကို မီးညှိလိုက်၊ ဖင်စီခံမပါတဲ့ ဒီဆေးလိပ်ရဲ့ မွေးပျံ့တဲ့ရနံ့လေးနဲ့ ထပ်ပြီး စီးမျောသွားလိုက်… (လက်တွေ့မစမ်းဖူးပါ၊ ရေးတာလိုသွားရင် ပြောပေးပါလို့)……….
မသိဘူး…. ဂျမေကာမှာ မီးသွားရှို့မယ်….
—————————————–
ကိုယ့်ခြေရာလေးတွေကို အမှတ်တရ ချန်ခဲ့နိုင်ပါစေ…….
Yan Naing