UK မှာ ဂုရုကြီးဂိုအင်ကာရဲ့ ဓမ္မဒီပ တရားရိပ်သာ

UK မှာ ဂုရုကြီးဂိုအင်ကာရဲ့ ဓမ္မဒီပ တရားရိပ်သာ

Dhamma Sukhakāri သို့ 
၂၀၀၈ ခုနှစ် UK မှာ ဂုရုကြီးဂိုအင်ကာရဲ့ ဓမ္မဒီပ တရားရိပ်သာမှာ ဆယ်ရက်တရားပတ်စဝင်ဖြစ်ခဲ့တယ်။ဒီကြားထဲမှာ တစ်နှစ်တခေါက်လောက်လဲ ဆယ်ရက်တရားပတ်ဝင်ဖြစ်တယ်။တခါတလေတော့ ဓမ္မလုပ်သားအဖြစ် ဆယ်ရက်တရားပတ်မှာ ယောဂီတွေဝေယျာဝစ္စလုပ်ဖြစ်တယ်။

မနှစ်က ယူကေပြန်လာတော့ လဲ ဓမ္မဒီပမှာ ချက်ပြုတ်ရေးတာဝန်ယူဖြစ်တယ်။အဲဒီမှာသိခဲ့ရတာက အင်္ဂလန်နိုင်ငံမှာ ဝိပသနာတရားအကြောင်းလူသိများလာပြီး တရားဝင်ဘို့ လျောက်ထားတဲ့သူများလာလို့  အနည်းဆုံးလေးလလောက်ကြိုလျောက်ရတဲ့အကြောင်း အဲ့လိုလျောက်တဲ့ အခါမှာလဲ အွန်လိုင်းက လျောက်လွာဖွင့်လိုက်တာနဲ့ ရက်ပိုင်းအတွင်း လူပြည့်သွားတဲ့အကြောင်းသိရတယ်။

ဓမ္မဒီပ ရိပ်သာက တရားတပတ်ကို ယောဂီတစ်ရာ့နှစ်ဆယ်စာပဲ နေရာရှိတာကိုး။ဒါကြောင့် လန်ဒန်ကနေ အရှေ့မြောက်ဖက် Norwich သွားတဲ့ရထားနဲ့တနာရီလောက်စီးရတဲ့ Stowmarket နားမှာ ဓမ္မသုခကာရီဆိုတဲ့ ရိပ်သာအသစ်တခု ထပ်ထူထောင်ဖွင့်လှစ်လိုက်တယ်လို့ သိရတယ်။အဲ့ဒီရိပ်သာအသစ်ကို ဆယ်ရက်တရားပတ်လျောက်ကြည့်တော့ ထုံးစံအတိုင်းအဲ့ဒီမှာလည်းယောဂီအပြည့်ဖြစ်နေတယ်။ဒါပေမယ့် ယောဂီဟောင်းတယောက်အနေနဲ့ ဓမ္မလုပ်သားဆယ်ရက်လာလုပ်အားပေးမယ်ဆိုရတယ်ဆိုတာနဲ့ လျောက်ဖြစ်တယ်။

ရိပ်သာဝက်ဆိုဒ်ထဲကပုံတွေအရ ရှေးဟောင်း အဆောက်အဦးတခုကို ဝယ်ပြီးရိပ်သာအသွင်ပြောင်းထားပုံပဲ။ ဘာပဲဖြစ်ဖြစ် တရားကျင့်နေတဲ့ ယောဂီတွေ ရှိတဲ့အရပ် ၊ FB ပိုက်ကွန်ကြီးအောက်က လွတ်ရာကျွတ်ရာ မှာ ဆယ်ရက်စာ စံမြန်းခွင့်ရတော့မှာမို့ အတော်လေးစိတ်လှုပ်ရှားပျော်ရွှင်မိတယ် ။

Htein Lin