ကြိုးဝိုင်းထဲက သီချင်း

ကြိုးဝိုင်းထဲက သီချင်း

လက်သီးထိုးချက် ခပ်သွက်သွက်တို့က တိကျအားပါလှသည်။
တစ်ချက် တစ်ချက် ပြိုင်ဘက်၏ လက်သီးကို ခံလိုက်ရသောအခါ သူမ၏ နုနယ်လှပသော မျက်နှာကလေး နီရဲသွား၏။

အသားဖြူဖြူ၊ နုနုဖတ်ဖတ် နှင့် လှပသော ထိုမိန်းကလေးသည် သာမန်ယောင်္ကျားများပင်လျှင် အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်လေ့မရှိသော လက်ဝှေ့ထိုးခြင်းဖြင့် အသက်မွေးနေ၏။

ဆယ်ကျော်သက်အရွယ်ကတည်းက ကြိုးဝိုင်းထဲသို့ ရောက်ခဲ့ရသော သူမသည် အန်ထိုနီယိုမီးမီး ဟု ခေါ်သော ကယန်းမလေးတစ်ဦးဖြစ်သည်။

”ငယ်ငယ်က အရမ်းဝါသနာပါတာက သီချင်းဆိုတာပဲ။ အဆိုတော်အရမ်းဖြစ်ချင်ခဲ့တာ” ဟု သူမ က ဆိုသည်။

အန်ထိုနီယိုမီးမီး သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဇာတိဖြစ်ပြီး မောင်နှမ ငါးဦးအနက် အငယ်ဆုံးဖြစ်သည်။

ငယ်စဉ်ကတည်းက အဆိုတော် သို့မဟုတ် ရုပ်ရှင်သရုပ်ဆောင်ဖြစ်လိုသည့် မီးမီးကို တောင်ယာလုပ်သူ ဖခင်နှင့် ကျောင်းဆရာမဖြစ်သူ မိခင် ကမူ ပညာတတ်တစ်ဦးသာဖြစ်စေချင်ခဲ့သည်။

”ညီမက ဆယ်တန်းနှစ်မှာ အိမ်ကိုပြောတယ်။ ဆယ်တန်းအောင်ပြီးရင် သမီး အဆိုတော်ဖြစ်ချင်တယ်။ ကူညီပေးပေါ့။ အဲ့ဒီလိုပြောတော့ အိမ်က လုံးဝ အားမပေးဘူး။ အဲ့ဒါနဲ့ ညီမလည်း အိမ်ကို စိတ်ဆိုးပြီး ကျောင်းထွက်ပစ်လိုက်တယ်”
မီးမီးသည် ကျောင်းထွက်ပြီးနောက် လွိုင်ကော်မြို့အနှံ ဘောလုံးပွဲများတွင် လိုက်ကန်သည်။

ထိုဘောလုံးပွဲများသည် ယောင်္ကျားလေးများရော၊ မိန်းကလေးများပါ မခွဲခြားပဲ ကန်ကြသော ပွဲ များဖြစ်သည်။
နေ့ခင်းဘက် ဘောလုံးကန်သလို ညနေ့ဘက်ကျ တီဗွီမှ လာသည့် သီချင်းပြိုင်ပွဲများကို ကြည့်ကာ မီးမီး အဆိုတော်အိပ်မက်တို့ မက်သည်။
အဆိုလေ့ကျင့်သည်။

၂၀၁၀ ခုနှစ်၊ လွိုင်ကော်မြို့ရှိ ဘောလုံးကွင်းတွင် လေ့ကျင့်ခန်းသွားဆင်းရင်း ရန်ကုန်အားကစားသိပံမှ လာရောက်လူရွေးသည့်ပွဲတွင် ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

သို့သော် ဖခင်ဖြစ်သူက မလွှတ်သည့်အတွက် အန်တိုနီယိုမီးမီးသည် အားကစားအဖွဲ့နှင့်အတူ ရန်ကုန်သို့ လိုက်ပါခွင့်မရခဲ့။

”ညီမရဲ့ အိပ်မက်နောက်တစ်ခုက အဲ့ဒီ ရန်ကုန်တို့၊ နေပြည်တော်တို့လို မြို့ကြီးတွေကို အရမ်းရောက်ချင်ခဲ့တာ။ အဖေက မလွှတ်တော့ မသွားခဲ့ရဘူးပေါ့။ ၂၀၁၁ ခုနှစ်ရောက်တော့ အဖေ့ကို သမီးအဆိုတော်ဖြစ်ချင်တယ်လို့ထပ်ပြောတယ်။အဖေက ခါးခါးသီးသီးပဲ ထပ်ငြင်းတယ်ပေါ့”

ထို့နောက် အားကစားသိပံ္ပက နောက်တစ်ခေါက်လာရွေးသည့်အခါ ဘောလုံးဖြင့်ပင် ၀င်ရောက် အရွေးခံခဲ့သော်လည်း သူမ ရွေးချယ်ခြင်းမခံခဲ့ရ။
ဖြစ်ချင်သည့် အဆိုတော်ဘ၀က အလှမ်းဝေးသလို၊ အားကစားသမားဘ၀ကလည်း မသေချာသည့်အချိန်တွင် အမျိုးသမီးအနောက်တိုင်းလက်ဝှေ့ပြိုင်ပွဲများအတွက် လူရွေးပွဲက သူမကို စိတ်ဝင်စားစေခဲ့သည်။

”အမှန်ပြောရရင် အဲ့ဒီတုန်းက လက်ဝှေ့ လုံးဝမထိုးဘူးဖူး။ သူတို့က ထိုးမယ်ဆို ခေါ်သွားမယ်ဆိုတော့ ညီမလည်း ထိုးမယ်လို့ ပြောလိုက်တယ်၊ အဲ့ဒီမှာ သူတို့က နှစ်လ လေ့ကျင့်ပေးတယ်”

မီးမီးသည် သူမလက်ဝှေ့ထိုးနေသည့်အကြောင်းကို ဖခင်အား မပြောပြရဲခဲ့။

ဖခင်ဖြစ်သူသည် တစ်ချိန်က မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်ခဲ့ပြီး ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့ရှိ လက်ဝှေ့ပွဲများတွင် လှည့်လည်ထိုးသတ်ခဲ့ဖူးသူဖြစ်သည်။

ကြမ်းတမ်းလှသောလက်ဝှေ့သမားဘ၀ကို သမီးဖြစ်သူက လျှောက်လှမ်းလိမ့်မည်ဟု ထိုစဉ်က ဖခင် လုံးဝမသိခဲ့။
ဘောလုံးကန်နေသည် ဟု သာ လိမ်ညာပြီး လက်ဝှေ့ထိုးခြင်းကိုသာ ပုံမှန်သင်ကြားလေ့ကျင့်နေခဲ့သည်။

နှစ်လခန့်လေ့ကျင့်ပြီးနောက် ပြိုင်ပွဲတွင်ဝင်ထိုးရန် အချိန် ကျရောက်လာသည်။

”တိုင်းနှင့်ပြည်နယ် လက်ဝှေ့ပွဲကို နေပြည်တော်မှာ ထိုးမယ်ဆိုတော့ ထိုးခါနီး နှစ်ရက်အလိုမှ လက်ဝှေ့ထိုးမယ်ဆိုတာ အဖေ့ကို ပြောပြလိုက်တော့ အဖေက အရမ်းစိတ်ဆိုးတာ။ နင် ဒီလောက် ကြမ်တမ်းတာကိုမှ လုပ်ချင်ရင်လည်း လုပ်၊ မအောင်မြင်ရင်တော့ အိမ်ပေါ်ပြန်မလာနဲ့လို့ အဖေက ဆူလွှတ်တယ်”

အန်တိုနီယို မီးမီးသည် (၄၈)ကီလိုတန်း ပထမဆုံးပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

”စစချင်းပွဲက နေပြည်တော်မှာ။ ကိုယ်က နေပြည်တော်လည်း တစ်ခါမှ မရောက်ဖူးသလို၊ ပရိသတ်များတဲ့ လက်ဝှေ့စင်လည်း မကြုံဖူးဘူး။ စင်ပေါ်တက်တော့ စိတ်လှုပ်ရှားပြီး ဒူးတွေ တုန်နေတာ။ စင်ပေါ်လည်းရောက်ရော ကောင်းကင်ပေါ်ရောက်နေသလိုပဲ။ တစ်ဖက်က စထိုးတော့ ကိုယ့်မှာ ကိုယ့်မှာ ဒေါသနဲ့ ပြန်ထိုးတာဆိုတော့ အမှန်တွေလည်းမရဘူးလေ။ စစချင်းပွဲကတည်းက ဖိုက်တာတွေနဲ့ ဒဲ့တိုးရတာဆိုတော့ ရှုံးတာပေါ့”

ထိုပွဲတွင် သူမ နှာခေါင်းရိုး ကျိုးသွားခဲ့သည်။
ယင်းနောက်တွင်တော့ အန်တိုနီယိုမီးမီးသည် အနောက်တိုင်းလက်ဝှေ့ပြိုင်ပွဲများ ၀င်ပြိုင်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်ြ

ပိုင်ပွဲများတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု တို့ ရရှိခဲ့သည်။
၂၀၁၃ ခုနှစ်၊ နေပြည်တော်တွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

သို့သော်လည်း ဆီးဂိမ်းပြိုင်ပွဲတွင် သူမသည် အသက်ငယ်ရွယ်ခြင်း၊ အတွေ့အကြုံနုနယ်ခြင်းတို့ကြောင့် သူမထက် ၀ါရင့်သော ကစားသမားတစ်ဦးကိုသာ ကစားခွင့်ပေးခဲ့ရပြီး ယှဉ်ပြိုင်ခွင့်မရခဲ့ပေ။

”အဲ့ဒီနောက် ညီမ Camp ကထွက်လာပြီး အပြင်ပွဲတွေလိုက်ထိုးဖြစ်ပါတယ်။ ၂၀၁၄ ၊ ၂၀၁၅ ခုနှစ် ပြည်တွင်းပြိုင်ပွဲတွေမှာတော့ ရွှေ နှစ်ခု ယူနိုင်ခဲ့ပါတယ်”

အနောက်တိုင်းလက်ဝှေ့ပွဲများသည် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများလောက် လူကြိုက်မများ၊ခေတ်မစားသည့်အတွက် အန်တိုနီယိုမီးမီးသည် အနောက်တိုင်းလက်ဝှေ့သမ ဘ၀တွင် ခက်ခဲစွာ ရပ်တည်ခဲ့ရသည်။

”ညီမတို့က အမှတ်နဲ့ ပြိုင်ပွဲတွေဆိုတော့ ပွဲစဉ်တွေအများကြီးထိုးပြီး ရွှေရလာသည့်တိုင်အောင် ရိုးရာလက်ဝှေ့ တစ်ပွဲထိုးစာလောက် ငွေမရဘူး။ အဲ့ဒီတော့ နေပြည်တော်မှာ ရှိတုန်းက ဟိုတယ်မှာ GYM နည်းပြ၀င်လုပ်ရတယ်။ အခုတော့ ရန်ကုန်ရောက်တော့ လက်ဝှေ့ကလပ်မှာ နည်းပြ အလုပ် ၀င်လုပ်ရတာာပါပဲ”

ကံဇာတ်ဆရာ၏ ဆေးစက်ချမှုကြောင့် ကြိုးဝိုင်းထဲတွင် တိုက်ခိုက်ရင်း ကျင်လည်နေရသော်လည်း သူမသည် သူမ၏ မူရင်း ၀ါသနာအိပ်မက်ဖြစ်သော အဆိုတော်ဖြစ်ချင်သည့် စိတ်ကိုတော့ လုံးဝ မစွန့်လွှတ်ခဲ့။

”အဆိုတော်ဘ၀ကို အခုအချိန်ထိ အိပ်မက်တွေ မက်နေဆဲပဲ။ ဒါပေမယ့် ကိုယ်က ပိုက်ဆံမရှိဘူးလေ။ ပြိုင်ပွဲတွေ ၀င်ပြိုင်တယ်ဆိုတာလည်း နောက်ခံ မိသားစုက ငွေကြေး အသင့်အတင့်ရှိဦးမှ။ အခုက ကိုယ်က မိသားစုကလည်း ဆင်းရဲတယ်။ ပြီးတော့ ဒီမှာ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေရတာမို့ မလွယ်သေးပါဘူး”

ယခုတော့ အန်တိုနီယိုမီးမီးသည် တစ်ဖက်တစ်လမ်းက လက်ဝှေ့ထိုးရင်း ငွေစုကာ အဆိုပညာကို စနစ်တကျသင်ပေးသည့် သင်တန်းတစ်ခုကို တက်နိုင်ရန် ကြိုးစားနေသည်။

သူမနှင့် လူမျိုးတူ သူငယ်ချင်းမလေး ဘရော်နီကာကတော့ မြန်မာ့ရိုးရာလက်ဝှေ့ကြိုးဝိုင်းများထဲ ရောက်ရှိသွားပြီး နိုင်ငံတကာပွဲများပင် ၀င်ထိုးနေလေပြီ။

”ညီမလည်း ဒီ ၂၀၁၆ မှာ အနောက်တိုင်းလက်ဝှေ့တစ်ပွဲထိုးပြီးတာနဲ့ ရိုးရာလက်ဝှေ့ဘက်ကို ပြောင်းမယ်လို့ စိတ်ကူးထားတယ်။ ဒီဘက်မှာက ငွေကြေးပိုင်းကအစ အဆင်မပြေဘူး။ အရမ်းရုန်းကန်ရတယ်။ ဒီမှာက ရွှေတစ်ခုရဖို့ ခုနှစ်ပွဲ ရှစ်ပွဲ ကစားရတယ်။ ရိုးရာလက်ဝှေ့က ထိုးရတာ ပို ထိခိုက်တယ်ဆိုပေမယ့် တစ်ပွဲဆို တစ်ပွဲပဲ ငွေကြေးအရ အများကြီးသာတယ်”

အန်တိုနီယိုမီးမီးသည် ရန်ကုန်မြို့၊ ဂျန်းရှင်းမော်တင်အပေါ်ထပ်ရှိ Transcend လက်ဝှေ့ကလပ်တွင် နည်းပြအဖြစ် လုပ်ကိုင်ရင်း တစ်ဖက်ကလည်း လက်ဝှေ့ထိုးကာ ရပ်တည်လျက်ရှိသည်။

အဆိုတော်ဘ၀ကို ရူးသွပ်သော၊ သီချင်းတွေကို ချစ်သော ချောမောလှပသည့် တိုင်းရင်းသူမကလေးသည် ကြိုးဝိုင်းထဲတွင်လည်း ကျားရဲတစ်ကောင်လို အကြမ်းပတမ်းတိုက်ခိုက်နေခဲ့သည်။

မကြာသေးခင်က The One Champion ပြိုင်ပွဲ ကြိုးဝိုင်းထဲတွင် ထိုးသတ်ပြီး အနိုင်ယူနိုင်ခဲ့သည့် သူမကို တွေ့ရပြန်သည်။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေကြရသည့် ဘ၀ပေါင်းများစွာရှိပါသည်။

ဂီတကို မြတ်နိုးသော ၊ ဂီတဖန်တီးသူဖြစ်လိုသော အန်တိုနီယိုမီးမီးသည် သူကိုယ်တိုင် ကြိုးဝိုင်းထဲမှ နူးညံ့မှုနှင့် ကြမ်းရှမှုတို့ရောရှက်နေသည့် တေးသွားတစ်ပုဒ်ဖြစ်နေခဲ့သည်။
သွက်လက်ပြင်းထန်သော သူမ၏ လက်သီးချက်တိုင်းတွင်..အဆိုတော်ဖြစ်ချင်နေသည့် အနုပညာသွေးများကလည်း တစိမ့်စိမ့် စီးဆင်းနေသည်မှာတော့ သေချာပါသည်။

ခက်ဇော်

The Real Lives Real Stories