Water Bus အား နိုင်ငံတော်ငွေကြေးဖြင့် လည်ပတ်နေသည်ဆိုသည့် သတင်းများမှာ ကောလာဟလသာဖြစ်ပြီး ကုမ္ပဏီပိုင်ငွေကြေးဖြင့်သာ လည်ပတ်နေခြင်း ဖြစ်ဟုဆို

Water Bus အား နိုင်ငံတော်ငွေကြေးဖြင့် လည်ပတ်နေသည်ဆိုသည့် သတင်းများမှာ ကောလာဟလသာဖြစ်ပြီး ကုမ္ပဏီပိုင်ငွေကြေးဖြင့်သာ လည်ပတ်နေခြင်း ဖြစ်ဟုဆို

Water Bus အနေဖြင့် နိုင်ငံတော် ပိုက်ဆံအား အသုံးပြုထားခြင်းမရှိဘဲ ကုမ္ပဏီပိုက်ဆံဖြင့်သာ လည်ပတ်နေခြင်း ဖြစ်ကြောင်း Yangon Water Bus က ထုတ်ပြန်ထားသည်။
Yangon Water Bus ၏ ယခင် ပြည်တွင်းထုတ် ရေယာဉ်များကို ရပ်နားပြီး မလေးရှားနိုင်ငံထုတ် ရေယာဉ် ရှစ်စင်း၊ ယခင် သြစတြေးလျနိုင်ငံထုတ် ရေယာဉ် သုံးစင်းဖြင့် လာမည့် ပွင့်လင်းရာသီတွင် စတင်ပြေးဆွဲမည် ဖြစ်။

ထို့ကြောင့် ယခင်ပြေးဆွဲသော ပြည်တွင်းထုတ် ရေယာဉ်များကို ရပ်နားထားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံထုတ် ရေယာဉ်များ တင်သွင်းခြင်းကို မူဝါဒအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် မကြာမီ ရောက်ရှိလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင်ဆိပ်ခံများ အရည်အသွေးအရ ပြုပြင်ရန် လိုအပ်သဖြင့် ဆိပ်ကမ်း သုံးခုအား ရပ်နားပြီး ပိုင်များ ပြန်လည် ပြုလုပ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရေယာဉ် အသုံးပြုနေသည့် ဒီဇယ်ဆီကိစ္စများသည် ရုံးလုပ်ငန်းစဉ်အတိုင်း Auditing လုပ်နေသဖြင့် သတ်မှတ်ရက်အတိုင်း ငွေကြေး မလျော်မကန်ပြုသူ ဝန်ထမ်းများကို အရေးယူပြီး လုပ်ငန်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မိုးတွင်းကာလဖြစ်သဖြင့် အချို့နေဝင်ချိန်အထိ ခရီးစဉ်များ ခေတ္တရပ်နားထားခြင်း ဖြစ်ကြောင်း၊ Yangon Water Bus အနေဖြင့် နိုင်ငံတော်ပိုက်ဆံအား တစ်ပြားတစ်ချပ်မှ အသုံးပြုထားခြင်းမရှိဘဲ မိမိ ကုမ္ပဏီမှ ကိုယ်ပိုင်ငွေကြေးဖြင့်သာ လည်ပတ်နေခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတော်အား မိမိတတ်ကျွမ်းသော ရေကြောင်းပညာဖြင့် အထောက်အကူပြုနေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပုဇွန်တောင်ချောင်းအတွင်း Water Bus ပြေးဆွဲနိုင်ရန်အတွက် ရေလမ်းကြောင်း ရှင်းလင်းရေးနှင့် ဆိပ်ခံတံတား တည်ဆောက်ရေး နေရာများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ဆဲဖြစ်
Yangon Water Bus မှ သီတင်းကျွတ်ကာလအတွင်း ပိုမိုကောင်းမွန်သည့် ခရီးစဉ်များကို ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Yangon Water Bus အနေဖြင့် လက်ရှိအနေဖြင့် အံ့ကြီးမှ ပန်းဆိုးတန်း၊ ဆာပါချောင်းမှ လမ်းသစ်၊ သမ္မတမှ ဗိုလ်တထောင် ခရီးစဉ်များကို နံနက် ၇ နာရီ မှ ညနေ ၆ နာရီအထိ ပြေးဆွဲပေးနေသည်။