နောက်ခံလူအသစ် လူးဝီးစ် အာဆင်နယ်အသင်းပိုအောင်မြင်နိုင်

နောက်ခံလူအသစ် လူးဝီးစ် အာဆင်နယ်အသင်းပိုအောင်မြင်နိုင်

ချယ်လ်ဆီးအသင်းရဲ့ မန်နေဂျာဟောင်း ဟိုဆေး မော်ရင်ဟိုက သူ့ရဲ့ တပည့်ဟောင်း ဒေးဗစ် လူးဝီးစ်ဟာ ချယ်လ်ဆီးအသင်းမှာထက် အာဆင်နယ်အသင်းမှာ ပိုမိုခြေစွမ်းပြသနိုင်လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

လူးဝီးစ်ဟာ လန်ဒန်မြောက်ပိုင်းကလပ်မှာ အာရုံစူးစိုက်မှုကောင်းကောင်းပိုရမှာဖြစ်တယ်လို့ မော်ရင်ဟိုက သုံးသပ်ခဲ့ပြီး အာဆင်နယ်အသင်းဟာ အဆိုပါဘရာဇီးသား ဘောလုံးကို အာရုံစူးစိုက်ကစားနိုင်အောင် ကူညီနိုင်တဲ့အသင်းဖြစ်တယ်လို့ Sky Sports ကို ပြောဆိုခဲ့ပါတယ်။“ဒေးဗစ် အကြောင်းကို (ပီအက်စ်ဂျီမှာကတည်းက) အမ်မရီက ကောင်းကောင်းသိထားပါတယ်။ ဒေးဗစ် ဘာတွေ စွမ်းဆောင်နိုင်ပြီး ဘာတွေ မစွမ်းဆောင်နိုင်ဘူးဆိုတာကို သူသေချာကို သိထားတာပါ။ ဒေးဗစ်မှာ ဘယ်လို အရည်အသွေးတွေရှိပြီး အသင်းကို တိုးတက်လာအောင် ဘယ်လိုကူညီနိုင်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံး သိပြီးသားပါ။” လို့ မော်ရင်ဟိုက ဆိုပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက လူးဝီးစ်ဟာ အာရုံစူးစိုက်မှု အားနည်းသွားချိန်တွေရှိတတ်တယ်လို့ သတိပေးခဲ့ပေမယ့် ခုလို စိန်ခေါ်မှုသစ်ကို ရင်ဆိုင်ဖို့ အသင်းပြောင်းရွှေ့လာချိန်မှာ အဲ့လိုပြဿနာမျိုးတွေ ရှိလာမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

“ခုလို သိထားကြတာကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်က နည်းနည်းပိုသိထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်က သူ့ကို နည်းပြခဲ့တာကိုး။ တစ်ခါတစ်လေမှာ သူအမှားတွေ ကျူးလွန်မိတတ်ပါတယ်။ ဒါပေမယ့် သူအမှားကျူးလွန်မိတဲ့အချိန်တိုင်းဟာ သူ့အနေနဲ့ ဘောလုံးအပေါ် အာရုံစူးစိုက်မှု အားနည်းနေချိန်တွေချည်းမှာပါပဲ။ သူက အသင်းတစ်သင်းကို တစ်စုံတစ်ရာသက်သေပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းရွှေ့သွားပါပြီ။ သူ့အတွက် အရမ်းကောင်းမွန်တဲ့ အပြောင်းအရွှေ့ တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒီအချိန်မျိုးမှာ ရသမျှအခွင့်အရေးတိုင်းကို ဆုပ်ကိုင်ပြီး ကြိုးစားပြတော့မှာဖြစ်တာမို့ သူ့ရဲ့ အခြေအနေက အမြင့်ဆုံးလယ်ဗယ်မှာ ရှိနေပါတယ်။ အရမ်းကောင်းမွန်တဲ့ အပြောင်းအရွှေ့ပါ။” လို့လည်း ပေါ်တူဂီသားနည်းပြဟောင်းက ဆိုခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်လက်ရွေးစင် ခံစစ်မှူး ဒေးဗစ် လူးဝီးစ်ဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ ခါးသီးလှတဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းတည်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။