လီဗာပူးလ်နဲ့ ပွဲမှာ အူနိုင်း အမ်မရီ ဘာတွေမှားခဲ့သလဲ

လီဗာပူးလ်နဲ့ ပွဲမှာ အူနိုင်း အမ်မရီ ဘာတွေမှားခဲ့သလဲ

ယမန်နေ့တုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ အာဆင်နယ်အသင်က လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဥရောပချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရာမှာ အမှားအယွင်း တစ်ချို့ပြုလုပ်ခဲ့သလို တစ်ဖက်မှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ချို့ ပြသနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တဲ့အသင်းတို့ရဲ့ ထုံးစံအတိုင်း ဝေဖန်စရာ၊ ထောက်ပြစရာ၊ အပြစ်တင်စရာတွေကို ပိုပြီး ကျယ်ကျယ်လောင်လောင် အသံထွက်လာခဲ့ပါတယ်။ ဒီကနေ့ စာစာမှာလည်း နည်းပြ အူနိုင်း အမ်မရီရဲ့ လီဗာပူးလ်နဲ့ ပွဲတုန်းက ပွဲကြို ချဉ်းကပ်ပုံ အမှားတစ်ချို့ကို ထောက်ပြသွားမှာဖြစ်ပါတယ်။

၁။ လာကာဇက်ကို ပွဲထုတ်ချိန် နောက်ကျခြင်းပွဲထွက်လူစာရင်းမှာ လာကာဇက်မပါဝင်လာကတည်းက အာဆင်နယ်ပရိတ်သတ်တွေအတွက် ကြီးမားတဲ့ အံ့အားသင့်မှုကို ဖြစ်စေခဲ့ပါတယ်။ အမ်မရီအနေနဲ့ဘန်လေနဲ့ပွဲမှာ ခြေစွမ်းကောင်းပြသနေတဲ့ ပြင်သစ်တိုင်စစ်မှူးကို ချန်လှပ်ပြီး အမြန်နှုန်းမြင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ပပ်ပေနဲ့ အူဘာမီယန်းတို့ကို Floating Second Striker အဖြစ် ကစားခိုင်းဖို့ ကြံရွယ်ခဲ့တာပါ။

ဒီနည်းဗျူဟာ ဟာ အတန်အသင့်အလုပ်ဖြစ်ခဲ့ပေမယ့် နောက်ဆုံးလက်ကျန် ဆယ်မိနစ် လာကာဇက်ဝင်လာချိန်မှာ အာဆင်နယ်အသင်းတိုက်စစ် ပိုမိုထက်မြက်တာနဲ့ ယှဉ်ရင်တော့ နည်းပြအမ်မရီတစ်ယောက် ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ဆိုရမှာပါ။
၂။ စီဘာယော့စ်ကို အထားအသိုမှားခြင်း

လီဗာပူးလ်နဲ့ပွဲမှာ ပြောစရာဖြစ်ခဲ့တာက စီဘာယော့စ်ဖြစ်ခဲ့ပြီး ဘန်လေနဲ့ပွဲအပြီးမှာ ဥရောပ တစ်တိုက်လုံးရဲ့ ဖူးဖူးမှုတ် ချီးမွမ်းခံခဲ့ရတဲ့ ကွင်းလယ်လူဟာ ဒီကနေ့ပွဲစဉ်မှာတော့ ဂွမ်ဒူဇီ၊ ဝေးလော့ခ်တို့လို လူငယ်တွေလောက်တောင် ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ စီဘာယော့စ်ဟာ သူကစားနေကြနေရာမဟုတ်ပဲ Diamond Shape ကွင်းလယ်ဖွဲ့စည်းပုံရဲ့ ထိပ်မှာ တိုက်စစ်နဲ့ ကွင်းလယ်ကိုချိတ်ဆက်ပေးတဲ့ Link-up နေရာနဲ့ တစ်ခါတစ်ရံမှာ ဘယ်တောင်ဘက်ခြမ်းတွေမှာ ကစားခဲ့ရပြီး ၂ နေရာလုံးမှာ ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။ အထူးသဖြင့် စပိန်သားဟာ ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့ရဲ့ ထိပ်ချုပ်မှုအောက်မှာ အတော်ရုံးကန်ခဲ့ရပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
၃။ ခံစစ်ကနေ ဘောလုံးဖြန့်ဖြူးမှုစတင်ခြင်း
>>>>>>>>>>>>>>>>>>>>>>>>>>>>
အူနိုင်း အမ်မရီဟာ ဘောလုံးကို ဂိုးသမားဆီကနေတဆင့် တိုက်စစ်မှူးဆီအထိရောက်အောင် တဆင့်ခြင်းပေးပို့သွားတဲ့ စနစ်ကို မနှစ်က စတင်သုံးစွဲခဲ့ပါတယ်။ အဆိုပါစနစ်ကြောင့် ဝါရင့် ဂိုးသမား ပီတာချက် တစ်ယောက် အတော် အကျပ်ရိုက်ခဲ့သလို ခံစစ်ကစားပုံမှာလည်းဖိအားဝင်ခဲ့ရတာတွေ ရှိပါတယ်။ ဒီကစားဟန်ကို လီဗာပူးလ်၊ ပီအက်စ်ဂျီစတဲ့အသင်းတွေလည်း ကစားနေကြပေမယ့် ထိပ်တန်းအသင်းကြီးအချင်းချင်းရင်ဆိုင်တဲ့ပွဲစဉ်တွေမှာ ဒီနည်းလမ်းဟာ အန္တရာယ်များတဲ့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဆာလာ၊ မာနေး၊ ဖာမီနိုတို့လို အမြန်နှုန်းမြင့် ဂိုးသွင်းစွမ်းရည်ကောင်းတဲ့ တိုက်စစ်မှူး ၃ ယောက် ပင်နယ်တီ ဧရိယာထိပ်မှာ စောင့်ဆိုင်းနေချိန်မှာ ဂိုးသမား လီနိုတစ်ယောက် ဘောလုံးပေးပို့ရတာ အခက်တွေ့ခဲ့သလို အသင်းအနေနဲ့လည်း မလိုအပ်ပဲ ဖိအားတွေရင်ဆိုင်ခဲ့ရပါတယ်။ ဘောလုံးဖြန့်ဖြူးဖို့ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်ခဲ့သလို ဖိအားတွေနဲ့ ကန်ထုတ်ပစ်လိုက်ရတဲ့အထိ အခြေအနေတွေလည်း ကြုံခဲ့ရပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>
၎။ တော်ရဲယားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ခြင်း

>>>>>>>>>>>>>>>>>

စပိန်သား နည်းပြဟာ အသင်းခေါင်းဆောင် ရှာခါကို နေရာပေးဖို့အတွက် ဥရုဂွေးကွင်းလယ်လူ လူးကပ်စ် တော်ရဲယားကို ချန်လှပ်ခဲ့ပါတယ်။ လုပ်အားနှုန်းကောင်းပြီး အဖျက်စွမ်းရည်မြင့်မားတဲ့ တော်ရဲယားသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့မယ်ဆိုရင် အာဆင်နယ်အသင်း စီစဉ်လာတဲ့ စိန်ပွင့်ပုံကစားကွက်ဟာ ယခုထက်ပိုမို အလုပ်ဖြစ်လာနိုင်ချေရှိပြီး ခံစစ်တန်းဟာလည်း ကာကွယ်မှုပိုမိုရရှိနိုင်ပါတယ်။ ဒီအချက်ကို တော်ရဲယားတစ်ယောက် လူစားဝင်လာပြီးတဲ့နောက်မှာ ကစားပုံ တက်လာတာက သက်သေပြနေပါတယ်။

>>>>>>>>>>>>>>>>>>>>
၅။ ရှာခါနဲ့ ပွဲထွက်လာခြင်း
အသင်းမှာ ကောင်းမွန်တဲ့ Regista တစ်ယောက်ဖြစ်တဲ့ ရှာခါဟာ တခြားစွမ်းဆောင်ရည်တွေမှာ အားနည်းချက်တစ်ချို့ရှိနေတာ ငြင်းဆိုလို့ မရပါဘူး။ မနေ့ကပွဲစဉ်မှာလည်း စိန်ပွင့်ကစားကွက်ရဲ့ အောက်ဆုံးထိပ် ခံစစ်တန်းရဲ့ အဝမှာ သူ့ကို အထိုင်ချပြီး ပွဲထွက်စေခဲ့ပေမယ့် လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်တန်းကို လွှမ်းမိုးနိုင်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ တုန့်ပြန်ပုံ နှေးကွေးမှုနဲ့ ကစားကွက်နဲ့ လိုက်လျောညီထွေ မရှိမှုကြောင့် လူငယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဂွမ်ဒူဇီနဲ့ ဝေးလော့ခ်တို့အပေါ်မှာ တာဝန်တွေ ပိုများသွားစေခဲ့ပြီး အာဆင်နယ်ကွင်းလယ်လည်း ရုံးကန်ခဲ့ရပါတယ်။ ဒီအချိန်မှာ ချီးမွမ်းရမှာကတော့ ဝေးလော့ခ်နဲ့ ဂွမ်ဒူဇီတို့ဖြစ်ပြီး မနေ့ကပွဲစဉ်မှာ သူတို့ နှစ်ယောက်ရဲ့ လုပ်အားနှုန်းနဲ့ ကြိုးစားအားထုတ်မှုသာ မရှိရင် အာဆင်နယ်အသင်း ဒီထက်ဂိုးပြတ်သွားနိုင်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>
၆။ စိန်ပွင့်ပုံ (Diamond Shape) ကစားကွက်

အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမှာ အရေးအပါဆုံး အမှားဖြစ်လာတာက ကစားကွက်အသစ်ဖြစ်တဲ့ စိန်ပွင့်ပုံကစားကွက်ဖြစ်ပါတယ်။ တချိန်က အန်ဆယ်လော့တီရဲ့ အေစီမီလန်အသင်းနဲ့အတူ နာမည်ကျော်ခဲ့ဖူးတဲ့ ၄-၃-၁-၂ ကစားကွက်ဟာ ကွင်းလယ်လူ ၄ ယောက်ကို စိန်ပွင့်သဏ္ဍာန် နေရာချထားတာကြောင့် Diamond Shape Formation လို့ နာမည်ကြီးပါတယ်။ အမ်မရီအနေနဲ့ ကွင်းလယ် ၃ ယောက်တန်းမှာ ဝေးလော့ခ်၊ ရှာခါနဲ့ ဂွမ်ဒူဇီတို့ကို အစဉ်လိုက်စီပြီး သူတို့ရဲ့ ထိပ်မှာ စီဘာယော့စ်ကိုထားကာ လီဗာပူးလ်ကွင်းလယ်ကို ထိမ်းချုပ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ စီဘာယော့စ်ဟာ ကာကာဖြစ်မလာသလို ရှာခါဟာလည်း ဂတ်တူဆို ဖြစ်မလာခဲ့တာမို့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားပုံဟာ အတော်ရုံးကန်ခဲ့ရပါတယ်။ ဒီနေရာမှာ ပြောစရာဖြစ်လာတာက ကစားကွက်မှာ ကစားသမားတွေ ခြေစွမ်းမပြသနိုင်တာဟာ သူတို့ရဲ့ ပင်ကိုယ်အရည်အသွေးတွေကြောင့်ထက် လေ့ကျင့်သားမဝခြင်းက အဓိက အချက်ပါ။ လေ့ကျင့်သား ပြည့်ပြည့်ဝဝမရှိပဲ လီဗာပူးလ်နဲ့ပွဲအမှီ ဖုတ်ပူမီးတိုက် စီစဉ်ခဲ့တဲ့ ဒီကစားကွက်ဟာ အသင်းသားတွေနဲ့ အပြည့်အဝ အံဝင်ခဲ့ခြင်းမရှိပါဘူး။ အလုပ်မဖြစ်ခဲ့တာကြောင့်သာ ဝေဖန်ခံနေရပေမယ့် တကယ်လို့များ အလုပ်သာဖြစ်ခဲ့မယ်ဆိုရင် Tactical Genius ဘာညာ ချီးကျူးခံရနိုင်တာမို့ ဒါက ဘောလုံးလောကရဲ့ သဘာဝလို့ပဲ မှတ်ယူရပါလိမ့်မယ်။ ဒါပေမယ့် ခုချိန်မှာတော့ အသင်းရဲ့ ရှုံးပွဲအတွက် လက်ညှိုးထိုးစရာ ကိစ္စတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ဒီလိုဝေဖန်တဲ့အတွက် အာဆင်နယ်အသင်းနဲ့ အမ်မရီတို့ဟာ အဲ့ဒီပွဲမှာ အမှားတွေချည်း ပြုလုပ်ခဲ့တယ်လို့ မဆိုလိုပါဘူး။ အာဆင်နယ်အသင်း အဓိက ရှုံးနိမ့်ရတဲ့အချက်ဟာ နည်းပြ အမ်မရီရဲ့ အမှားတစ်ချို့အပြင် ခံစစ်တန်းမှာ တစ်ဦးချင်း အမှားအယွင်းများခဲ့ပြီး ခုချိန်ထိ မပြုပြင်နိုင်သေးတဲ့ Mentality အားနည်းချက်ကြောင့်လို့လည်း ဆိုလို့ရပါတယ်။ မူလကြံရွယ်ထားတဲ့ Game plan ဟာ အသေးစိတ်နိုင်ပြီး အထင်ကြီးလောက်ဖွယ် ဖြစ်ခဲ့တာကိုတော့ ဝန်ခံရပါမယ်။

မူလ အာဆင်နယ်အသင်း စီစဉ်ထားတဲ့ တိုက်စစ်မှာ Floating Second Striker ၂ ယောက်ကို ရွေ့လျားကစားစေပြီး ခံစစ် ၂ ထပ်နဲ့ Direct Football ကစားဟန်ဟာ ထိရောက်မှုရှိခဲ့သလို ပထမပိုင်းမှာ (Set-piece ကနေ ဂိုးပေးလိုက်ရတာနဲ့ ကိုယ့်ဘက်က ရတဲ့ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့တာတွေကလွဲလို့) အောင်မြင်လုနီးပါးဖြစ်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်ပိုင်း အာဆင်နယ်အသင်းဟာ ကစားပုံ ယိုင်နဲ့သွားတာကတော့ ခုထိ မပြုပြင်နိုင်သေးတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်ဖြစ်နေဆဲပါ။ ဒီအချက်ကြောင့် မမှားသင့်တဲ့ အမှားတစ်ချို့ဖြစ်လာခဲ့ပြီး အထူးသဖြင့် လူးဝီးစ်ရဲ့ တစ်ဦးချင်းအမှား ၂ ခုကနေတဆင့် နောက်ထပ် ၂ ဂိုးထပ်ပေးလိုက်ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အဆိုပါပွဲစဉ်မှာ တိုးတက်မှုတစ်ချို့ရှိနေခဲ့တာ သိသာသလို (တိုးတက်လာတဲ့ ကိစ္စတွေကိုတော့ အချိန်ရပြီး မီးလာရင် ဆက်ရေးပါမယ်။) အားနည်းချက်အများအပြားလည်း ရှိနေခဲ့တာ ထင်ရှားပါတယ်။ အထူးသဖြင့် မပြင်ဆင်နိုင်သေးတဲ့ ခံစစ်အမှားတွေပေါ့။ အသင်းခံစစ်တန်းမှာ တီယာနေး၊ ဟိုးလ်ဒင်းနဲ့ ဘယ်လာရင်တို့ ပြန်ကစားနိုင်ချိန်မတိုင်ခင်အထိတော့ အာဆင်နယ်အသင်း အနည်းနဲ့အများ ရုံးကန်ရဦးမယ်ထင်ပါတယ်။

#TDG ရေးသားသည်။