“အစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သတ်လို့ တိုက်ကွန်းကြီးတွေ မျက်ရည်တိတ်ဖို့ ရည်ရွယ်ချက်နဲ့ ကူမှာ မဟုတ်သလို မျက်ရည်နောက်ကွယ်က ရီသံတွေအတွက်လည်း မကူညီဘဲ မနေပါဘူး။”

“အစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သတ်လို့ တိုက်ကွန်းကြီးတွေ မျက်ရည်တိတ်ဖို့ ရည်ရွယ်ချက်နဲ့ ကူမှာ မဟုတ်သလို မျက်ရည်နောက်ကွယ်က ရီသံတွေအတွက်လည်း မကူညီဘဲ မနေပါဘူး။”

ကလောင်-မင်းညီ

မြန်မာ့စီးပွားရေးတိုးတက်မှု နှုန်းဟာ အာဆီယံနိုင်ငံတွေကြားထဲ အတိုးတက်ဆုံးဖြစ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထုတ်ဖော်ပြောကြားချက်တစ်ရပ်ဟာ ယခုရက်ပိုင်းအတွင်း ပေါ်ထွက်လို့ လာပါတယ်။

သြဂုတ်လ ၂၀ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံက အဲ့ဒီ့စကားကို ပြောကြားလိုက်တာပါ။

တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ်လာစေဖို့ဆိုပြီး အမည်ပေးခေါင်းစဉ် တပ်ကျင်းပခဲ့တဲ့ ဒီဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ၁၈နှစ် ဆိုတဲ့ ကာလကို ချိန်ထိုး နှိုင်းယှဉ်ပြီး “ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ပဲ ရှိခဲ့တယ်။ ၂၀၁၈ ခုနှစ်အရောက်မှာတော့ အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံ အထိ တိုးတက် လာခဲ့တယ်။ဒါကို ကြည့်ရင် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံများထဲ စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေတယ်“လို့ ပြောခဲ့ပါတယ်။

ဘယ်သူတွေရဲ့ ရှေ့မှာ ပြောတာလဲလို့ ကြည့်လိုက်ရင် ကမ္ဘာမှာ စီးပွားရေးအရရော နိုင်ငံရေးအရပါ ကြီးကျယ်တောင့်တင်းတဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် နဲ့ ဂျပန် နိုင်ငံတွေက သံအမတ်ကြီးတွေ၊နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ရှေ့မှာ ပြောဆိုခဲ့တာပါ။

အတိုင်ပင်ခံပြောခဲ့တဲ့ စကားကို နိုင်ငံတော်အတိုင်ပင်ခံရုံး၊နိုင်ငံပိုင်မီဒီယာတွေက မြန်မာ၊အင်္ဂလိပ် ဘာသာစကားများ နဲ့ တိုင်းသိပြည်သိကမ္ဘာသိ ကြေညာခဲ့ပြီး ဒါကို ပြည်တွင်း မီဒီယာတွေကပါ ဖော်ပြခဲ့ကြပါတယ်။

အတိုင်ပင်ခံရဲ့ ဒီစကားအပေါ် ကန့်ကွက်သူ မထောက်ခံသူ၊ကဲ့ရဲ့သူတွေ ရှိခဲ့ကြပြီး၊တကယ့်မြေပြင် အခြေအနေ နဲ့ ကွဲလွဲနေတယ်လို့ ထောက်ပြနေကြသူတွေလည်း ရှိပါတယ်။

အချို့သော တိုက်ကွန်းကြီးတွေဆိုရင် အခမ်းအနားကြီးတွေ လုပ်ပြီးတော့တောင်မှ စီးပွားရေးက မကောင်းပါဘူး။သူတို့ရှေ့ဆက် ရပ်တည် ဖို့ အခက်အခဲ ဖြစ်နေကြပါပြီ။ဘယ်လောက် ခက်ခဲနေသလဲ ဆိုရင် မျက်ရည်တွေတောင် တောက်တောက်တောက်တောက် နဲ့ ကျနေကြပါတယ် လို့တောင် ထွက်ပြောခဲ့ကြပါတယ်။

ရွှေလင်းဗန်းစက်မှုဇုန် ဥက္ကဌ ဦးအေးသောင်း ဆိုရင် အလုပ်တွေက ပြည်ပ နဲ့ ပေါင်းရင် ပေါင်း၊မပေါင်းရင် ပြောင်း၊မပြောင်းနိုင်ရင် ရောင်း ဖို့ အထိ ဖြစ်နေပြီလို့ ပြောသွားခဲ့ပါတယ်။

ဒီလိုတွေ ရှိနေကြ၊ပြောနေကြ၊လုပ်နေကြပေမယ့် တစ်ဖက်မှာလည်း မြန်မာ့စီးပွားရေး အခြေအနေဟာ တစ်ကွက်ချင်း ဆောင်ရွက်မှ ရမယ်ဆိုတာကို သိကြတဲ့ အချို့သော သူတွေကတော့ အစိုးရရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လမ်းစဉ်တွေကို စောင့်ကြည့်ရင်း အထက်ပါစကားအပေါ် အဆိုး၊အကောင်း ဘာမှတ်ချက်မှ မပေးခဲ့ကြပါဘူး။

အဲ့ဒီလို အခြေအနေမှာ အခြေခံ ပြည်သူအများစုကတော့ ရင်စည်းခံရင်း “အော်” လို့ သာ တစ်ခါထဲ ပဲ ပြောနိုင်ပါတော့တယ်။ အရင်ကရော အခုရော ဘာရပိုင်ခွင့်၊လုပ်ပိုင်ခွင့် မှ မရှိမရခဲ့တဲ့ ပြည်သူတွေမှာတော့ ပြည်ပတောင် မဆိုထားနဲ့ ပြည်တွင်းတောင်နေရာစုံ အလည်အပါတ်မထွက် နိုင်ခဲ့တဲ့ အပြင် သားသမီးတွေကိုလည်း ကျောင်းကောင်းကောင်း မှာမထားနိုင်၊တိုက် အကောင်းစား၊ကား အကောင်းစား ဆိုတာဝေး လက်ရှိရနေတဲ့ အလုပ်ကလေး တည်မြဲပြီး၊နေ့စဉ် ၀င်ငွေလေး ပုံမှန်ရနေဖို့ ကြိုးစား ရုန်းကန် နေရတဲ့ အခြေအနေမှာပဲ ရှိနေကြပါသေးတယ်။

အရေးထဲ အခြေအနေမကောင်းလို့ အလုပ်လျော့ခံရတဲ့ထဲ ပါလို့ ၀မ်းနည်းပူဆွေးနေကြသူတွေ၊ပြည်တွင်းမှာ လုံလောက် ပြည့်စုံတဲ့ လစာရမယ့် အလုပ်ရှာနေတာ မရလို့ ပြည်ပထွက် အလုပ်လုပ်နေကြသူတွေ၊ရနေတဲ့ လစာ က ခေတ်စနစ်နဲ့အညီ လိုက်မတိုးတော့တာကို ကြုံနေရပေမယ့် ကုပ်ကပ်ပြီး လုပ်နေရသူတွေလည်း တစ်ပုံ တစ်ပင်ကြီး ရှိနေကြပါသေးတယ်။
ဒီကြားထဲ နေစရာ အခက်အခဲ ရှိသူတွေလည်း တစ်ပုံကြီး ရှိနေကြပါသေးတယ်။

အခြေခံပြည်သူတွေရဲ့ မျှော်လင့်ချက်က သိပ်ပြီးများများစားစား မဟုတ်ဘဲ အစိုးရ အနေနဲ့ အလုပ်အကိုင် ပေါများပြီး လုံလောက်တဲ့ လုပ်ခရစာရဖို့ ပြီးတော့ စား၊၀တ်၊နေရေး ဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံကျတဲ့ အချက်အလက်တွေ ကို ပင်ပန်းတစ်ကြီး၊ခဲရာခဲဆစ်မဟုတ်ဘဲ အလွယ်တကူ ရရှိ ခံစားနိုင်ကြဖို့ ကို ဆောင်ရွက်ပေးဖို့ပါပဲ။

ဒီအတွက်လည်း လက်ရှိအစိုးရက ဒါတွေကို ဆောင်ရွက်နေမှာပါပဲ၊ဆောင်ရွက်ပေးလိမ့်မယ်လို့လည်း ပြည်သူတွေက မျှော်လင့်လျက် ရှိနေကြပါတယ်။

ပြည်သူအချို့ဆိုရင် “သူတို့(တိုက်ကွန်း)တွေ တောင် ငိုနေကြရင် တို့က ဘာလုပ်ရတော့မှာလဲ။သူတို့ ရဲ့ပိုင်ဆိုင်မှုတွေက ပြည်သူတော်တော်များများကို ဖူလုံစေနိုင်တယ် “ လို့တောင် လူမှုကွန်ယက်ပေါ် မှတ်ချက်ပြု ရေးသားနေကြပါတယ်။

အတိုင်ပင်ခံကြီး က မြန်မာ့ စီးပွားရေးတိုးတက်နေပါတယ်လို့ ပြောခဲ့တဲ့ ဖိုရမ်ကို ဆက်ကြည့်ကြလိုက်ရအောင်။ ဒီပွဲ ကျင်းပတာ နဲ့ ပါတ်သတ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက“မြန်မာပြည်ကို စိတ်ဝင်စားပြီး ထပ်ဝင်ရောက်လုပ်ကိုင်ချင်တဲ့ ဂျပန်လုပ်ငန်းရှင်တွေ အမေရိကားလုပ်ငန်းရှင်တွေဝင်လာနိုင်အောင်လမ်းဖွင့်ဆောင်ရွက်ပေးတာ”လို့ ပြောပြပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ဂျပန်လုပ်ငန်းရှင်တွေ၊အမေရိကန်လုပ်ငန်းရှင်တွေ၊မြန်မာ လုပ်ငန်းရှင်တွေ အနေနဲ့ အခွင့်အလမ်းတွေကို ဘယ်လိုပူးပေါင်းရှာဖွေနိုင်မလဲ။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုတိုးချဲ့နိုင်မလဲ။ဘယ်လိုမြှင့်တင်နိုင်မလဲ စတာတွေပါ ဆွေးနွေးကြတာလို့ ဦးအောင်နိုင်ဦးက ဆက်ပြောပြပါတယ်။

ဖိုရမ်မှာလည်း အတိုင်ပင်ခံကြီးက ရင်းနှီးမြှ့ပ်နှံမှုတွေ တက်အောင် အမေရိကန်၊ဂျပန် လုပ်ငန်းရှင်ကြီးတွေကို ဖိတ်ခေါ်ခဲ့တာ တွေ့ရပြီး၊ဖိုရမ် ပြီးလို့ နောက်တစ်ရက်မှာ ဂျပန်အပါအ၀င် နိုင်ငံပေါင်း ၂၀ ရင်းနှီးမြှ့ပ်နှံမှု လုပ်တဲ့ သီလဝါအထူးစီးပွားရေးဇုန်ကို သွားရောက် ကြည့်ရှုပြီး အားပေးခဲ့တာ တွေ့ရပါတယ်။
လက်ရှိ သီလ၀ါစီးပွားရေးဇုန်မှာ ဆောက်လုပ်ရေး လုပ်သား ၂၀၀၀၀ကျော်၊အမြဲတမ်းလုပ်သား ၉၀၀၀ ကျော် အလုပ်ရနေတာကို ကြည့်လိုက်ရင် ပြည်သူ ၃၀၀၀၀ကျော် အလုပ်ရနေပြီး လုပ်သားတွေကို မှီခိုနေတဲ့ မိဘ ၂ပါး စသဖြင့် အနည်းဆုံး ပြည်သူ ၈သောင်းအတွက် ဒီစီးပွားရေးဇုန်ကြီးက စား၊၀တ်၊နေရေးကို ထောက်ပံ့ပေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်မှာဆိုရင် ကုမ္ပဏီ ထက်ဝက်ကျော်ဟာ ဂျပန်ကုမ္ပဏီတွေ ဖြစ်ပြီး အဲ့ဒီမှာ ကား ထုတ်လုပ်တဲ့ ဂျပန် ကုမ္ပဏီ Suzuki နဲ့ Toyota အပြင် Yakult Probiotic drink လို့ ဆိုတဲ့ လုပ်ငန်းတွေ လည်း ပါဝင်နေကြတာကို ကြည့်ရင် ရေရှည်မှာ နိုင်ငံရဲ့ အခြေအနေကို အလွယ်တကူ စဉ်းစားလို့ ရနိုင်ပါတယ်။ အစိုးရက ပြည်ပရင်းနှီးမြှပ်နှံမှုတွေ အပြင် ပြည်တွင်းမှာ ထုတ်ကုန်တိုးဖို့၊ပြည်တွင်းက အသေးစား အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းဗျူဟာတွေ ချပြီး အကောင်အထည်တွေ ဖော်နေတယ်လို့လည်း အစိုးရတာဝန်ရှိသူတွေက ပြောထားကြတာ ရှိပါတယ်။

အရင်ခေတ်တွေတုန်းကလို ကျောက်လုပ်ကွက်တွေချပေး၊ မြေတွေပေး၊ပါမစ်အမျိုးမျိုးတွေချပေး၊ သွင်းကုန်၊ပို့ကုန် လိုင်စင်တွေထုတ်၊စားသုံးဆီတင်သွင်းခွင့်ပေး၊လိုင်စင်အမျိုးမျိုး အပါအ၀င် ဖုန်းဆင်းကဒ်တွေချပေး တာမျိုး မဟုတ်တော့ ရုတ်တရက် ဆိုသလို နေ့ချင်း၊ချခြင်း သူဌေးကြီး၊သူဌေးလေး တွေ ပေါ်လာတာမျိုးတော့ တွေ့ရမှာ မဟုတ်ပါဘူး။

အဲ့ဒီတုန်းက ပေါ်လာတဲ့၊ပေါ်ခဲ့တဲ့ သူဌေးကြီး၊သူဌေးတွေ ကြားထဲက ဘယ်သူဌေးတွေကများ ကမ္ဘာကို မယှဉ်နဲ့ အိမ်နီးချင်းကိုတောင် ယှဉ်နိုင်ပြီလား၊အဲ့ဒီ့တုန်းက သူ့တို့သဘော သူတို့ စိတ်ပါဗျာ။ ဘာအတားအဆီး ရှိခဲ့လို့လဲ။ အာဆီယံမှာ ယှဉ်နိုင် ပြိုင်နိုင်တဲ့ သူဌေးတွေကို ကိုယ်တွေက သိပ်မသိလို့ ရှိခဲ့ရင် ဂုဏ်ပြုပေးချင်လို့ လက်ချိုးရေတွက် ပေးပါလို့ပဲ ပြောချင်ပါတော့တယ်။

အခုကတော့ အရင်လို မဟုတ်တော့တဲ့ အတွက် အချိန် တစ်ခုတော့ စောင့်ကြရပါအုံးမယ်။ ဒီနေရာမှာ တင်ပြချင်တာက အရင် ခေတ်လိုမျိုး မဟုတ်ဘူး ဆိုတာက။ မြင်သာ တဲ့ ဥပမာ တစ်ခုကိုပဲ ထုတ်ပြရရင် ဖုန်းဆင်းကဒ် တစ်ခုရဲ့ မူလ တန်ဖိုးက ၁၅သိန်းပါ။သို့ပေမယ့် ပေါက်ဈေးက သိန်း ၄၀၊၅၀ပါ။ မဲဖေါက်ပေးတာ ဆိုပေမယ့် မဲပေါက်တာမဟုတ်ဘဲ အမြတ်ပေးရခဲ့ကြသူတွေ အများကြီးပါ။

သိပ်မဝေးတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၇ ကဆိုရင် ဖုန်းမဲပေါက်လို့ သွားထုတ်တဲ့သူကို ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးရှေ့က ပွဲစားတွေက ၁၀သိန်းအမြတ်ပေး တန်းဝယ်ခဲ့ကြတာကို ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒီလိုဆိုရင် ဆင်းကဒ် ၁၀၀ သာ နီးစပ်သူတွေ ဆီက ရခဲ့ရင် အလိုလေးဗျာ။နေ့ချင်းညချင်း သိန်း ၁၀၀၀ ဗျ။ ချက်ချင်း ချမ်းသာပြီ။ ကျန်တာတွေကတော့ ရှေ့ဆက် တွေးကြည့် တော့ဗျာ။ ပါးပါးလေးပဲ ရှိသေးတယ်။

အခု အစိုးရသစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှု ကို လိုချင်၊မြင်ချင်လို့ကို (Myanmar Sustainable Development Plan-MSDP)တောင် ရေးဆွဲထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီနှစ်ထဲမှာပဲ ကျယ်ကျယ်လောင်လောင် အားတက်တရော ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ဟန်ချက်ညီတယ် ဆိုမှတော့ တစ်စု၊တစ်ဖွဲ့၊တစ်သင်းကို မကြည့်ဘူး ဆိုတာ ရှင်းပြစရာ လိုမယ် မထင်ပါဘူး။ ဆိုလိုတာက အစိုးရအနေနဲ့ စီးပွားရေးနဲ့ ပါတ်သတ်လို့ တိုက်ကွန်းကြီးတွေ မျက်ရည်တိတ်ဖို့ ရည်ရွယ်ချက်နဲ့ ကူမှာ မဟုတ်သလို မျက်ရည်နောက်ကွယ်က ရီသံတွေအတွက်လည်း မကူညီဘဲ မနေပါဘူး ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။

တစ်ယောက် တစ်ဖွဲ့က တောင်းဆိုတိုင်း ထထ လုပ်ပေးနေရတာထက် တောင်းဆိုစရာ မလိုအောင် လုပ်ပေးဖို့ကတော့ အစိုးရမှာ တာဝန်ရှိပါတယ်။
အရင်ကထက် စာရင် လက်ရှိအစိုးရဟာ စီးပွားရေးပိုင်းကို အာရုံစိုက်လာတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အတွေ့အကြုံ နည်းပြီး လည်လည်ဝယ်ဝယ်က မရှိတော့ ခြေလှမ်းတိုင်းက တွန့်ဆုတ်ဆုတ် နဲ့ ကစားကွက်ကမပီအပြင်။ ခုနောက်ပိုင်းတော့ လှမ်းနေတဲ့ ခြေလှမ်းတွေက ခြေသွက်စပြုနေပြီး ရှေ့ဆက် အားထည့်လိုက်ရင် တစ်ရှိန်ထိုး တက်ဖို့က မခဲယဉ်းတော့။
အစိုးရဘက်ကို ကြည့်ရင် လည်း ဘေးမှာ ရန်သူတွေက အများသား။

စီးပွားရေးမူ တစ်ခုပြောင်းမယ် ဆိုလည်း သူ့မှာ စိုက်ရမယ့် အာရုံတွေ၊ချိန်ဆနေရတာတွေကလည်း ရှိသေး။ ဒီနေရာမှာ အစိုးရက ပြည်သူအများစုအတွက် ဦးတည်တဲ့ နိုင်ငံ စီးပွားရေးတိုးတက်ဖို့ မူဝါဒတွေကို မျက်စိလျှင်လျှင်နဲ့ ဆက်တိုက်ချိန်းလိုက်တာ နဲ့ တစ်ပြိုင်နက် “တွေ့လား၊ ပြည်သူတွေ ထက် တိုက်ကွန်း မျက်နှာ ကြည့်ပြီ လို့ … ကောက်ချက် ချ… ဖျာဝင်ခင်းသူမယ့်သူတွေက စုံစုံညီညီ“ရှိလာပါလိမ့်မယ်။
ဒီနေရာမှာ အစိုးရက ဝေဖန်မှုတွေကို တစ်လွဲအာရုံ စိုက်မိပြီး စီးပွားရေးမူဝါဒတွေကို လျှင်လျှင်မြန်မြန် ထိထိရောက်ရောက်သာမချနိုင်ခဲ့ရင်၊ချထားပြီးသား စီးပွားရေး မူဝါဒတွေကို အကောင်အထည် မဖော်နိုင်ခဲ့ရင် တိုက်ကွန်းကြီးတွေ ငိုနေရမှာထက် အခြေခံပြည်သူတွေရဲ့ ဘ၀ကတော့ ဒုံရင်းအတိုင်းပဲ ဆက်ရှိနေရပါလိမ့်မယ်။