#ကမ္ဘာကြီးလုံးတုန်းက

#ကမ္ဘာကြီးလုံးတုန်းက

မီးတွေ ခဏခဏပြတ်တယ်။
ဖယောင်းတိုင်လေး တစ်တိုင်ထွန်းပြီး
တစ်မိသားစုလုံး
ဝိုင်းထိုင်စကားပြောကြတယ်။

ဒါမှမဟုတ် ညနေစောင်းရင်
အားသွင်းထားပြီးသား
ဘက်ထရီ မီးချောင်းလေးတွေနဲ့။
အဲကွန်းမရှိ၊ ပန်ကာမရ
ယပ်တောင်တဖျပ်ဖျပ်နဲ့။

အခုလို မီးချောင်းကိုယ်စီနဲ့
ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်း
အထီးကျန်လို့မရဘူး။

ဒီပရက်ရှင်ဝင်လို့မရဘူး။
အထီးကျန်ခွင့်တောင်မရှိခဲ့ရရှာဘူး။

ကမ္ဘာကြီးလုံးတုန်းက
ထမင်းကို တစ်ယောက်စီစားချင်တိုင်း
စားလို့မရဘူး။

ထမင်းဝိုင်းကြီးပြင်ရတယ်။
အမေက ဟင်းတွေခူးထည့်။
သားသမီးတွေက ၀ိုင်းသယ်။
အဖိုးအဖွားတွေက ပြင်ဆင်ကြတယ်။

ပြီးရင်တော့
တစ်အိမ်သားလုံးတူတူစားကြတော့တာပဲ။

ဖြစ်ခဲ့သမျှအကြောင်းတွေ အကုန်ပြောကြ။
ဟင်းတွေထည့်ပေးကြ။
စကားတွေပြောကြ။

တစ်ယောက်တည်း
ကြောင်စီစီစားနေလို့ကို မရတာ။

ကမ္ဘာကြီးလုံးတုန်းက
အိမ်တွေမှာ တီဗီတစ်လုံးပဲရှိတယ်။

အားလုံးစုကြည့်ရတယ်။
အခုလို ကိုယ့်အခန်းနဲ့ကိုယ်
တီဗီထိုင်ကြည့်နေလို့မရဘူး။

ခြင်တွေကလည်းကိုက်တော့
ခြင်ဆေးမီးဖိုကြီးကို ထင်းတွေထည့်လိုက်
သတင်းကြည့်လိုက်ပေါ့။

ဝူခုန်းကားလာရင်
ကလေးတွေပျော်တယ်။
ပြည်သူ့တရားရှင်လာရင်
လူကြီးတွေပျော်တယ်။
တစ်မိသားစုလုံးတူတူစုပြီး
တီဗီကိုတပျော်တပါးကြည့်ကြပေါ့။

ကမ္ဘာကြီးလုံးတုန်းက
လက်ဖက်ရည်ဆိုင်တိုင်း
ဘောလုံးပွဲမပြနိုင်ဘူး။

ဆူညံနေတဲ့တီဗီကြီးတွေ
၂ လုံး ၃ လုံးရှိမနေဘူး။

တိတ်တိတ်ဆိတ်ဆိတ်
လက်ဖက်ရည်ဝိုင်းတွေရယ်
တိုးတိုးလေးဖွင့်ထားတဲ့ သီချင်းသံလေးရယ်
တစ်ချက်တစ်ချက်ထွက်လာတဲ့
မီးခိုးနံ့လေးရယ်။

ဂိမ်းမဆော့တဲ့လူငယ်တွေနဲ့
နိုင်ငံရေးဆွေးနွေးနေတဲ့လူကြီးတွေ
ဘီယာဆိုင်ဆိုတာ
နတ်ဘုရားမှထိုင်နိုင်တာ။

ကမ္ဘာကြီးလုံးတုန်းက
ဖုန်းတွေမပေါ်သေးတာပါပဲ။

ဂိမ်းဆော့ချင်ရင်တောင်
တစ်ယောက်အိမ်တစ်ယောက်ဝင်ခေါ်။
ဂိမ်းဖိုးစုရှင်းကြေးဆော့ကြ။

အခုလို တစ်ယောက်တည်းထိုင်ပြီး
ဖုန်းပွတ်နေလို့မရဘူး။
ဘယ်လိုနည်းနဲ့မှ အထီးကျန်ခွင့်မရှိဘူး။

ဘော်ဒါတွေဆုံလည်း
စကားမပြောပဲ
ထိုင်ပွတ်နေစရာ ဖုန်းကိုမရှိတာ။

ကမာကြီးလုံးတုန်းက
တာရာမင်းဝေထွက်ရင်
အားလုံးသိတယ်။

အကြည်တော်ထွက်ရင်
အားလုံးရယ်တယ်။

အင်ပါယာထွက်ရင်
အားလုံးနားထောင်တယ်။

IC ထွက်ရင်
အထူးသတိထားရတယ်။

လူငယ်တိုင်းမှာ ပြောစရာအပြည့်နဲ့။
ခေါင်းနဲ့ပြေးဆောင့်ချင်
စရာ မိုးကောင်းကင်တွေနဲ့။

ငိုကြွေးနာကြင်ချင်စရာ အချစ်သီချင်းတွေနဲ့။

လူမသတ်ပဲ ရိုးရိုးသားသားဖိုက်ကြတဲ့
ရန်ပွဲတွေနဲ့။

အခုအပြင်မထွက်ရဲတော့ဘူး။

ကမ္ဘာကြီးလုံးတုန်းက
ပွဲတော်တွေမှာ ချစ်စရာဓလေ့တွေနဲ့။
ပြီးတော့
ဆောင်းတွေမှာ
ဝေနေတဲ့ နှင်းတွေနဲ့။

ပြီးတော့
ပြီးတော့

လူတိုင်းလက်ထဲမှာ
အခုလို သွေးစုပ်နေတဲ့
smart phone တစ်လုံးမှ
မရှိကြသေးဘူးးး။

ကမ္ဘာကြီးလုံးခဲ့တုန်းကပေါ့။

ကေဘီ