⭐ရှင်စောပုနဲ့ နန်းဦးဘုရား⭐

⭐ရှင်စောပုနဲ့ နန်းဦးဘုရား⭐

~~~~~~~~^^^~~~~~~~~~
သက္ကရာဇ် ၈၁၄ မှာ ဟံသာဝတီထီးနန်းကို ဝါရီရှုမင်းဆက် ၁၅ ဆက်မြောက်အဖြစ် ရှင်စောပုဘုရင်မကြီး စိုးစံတော်မူပါသတဲ့။

သူဟာအုပ်ချုပ်ရေးအာဏာကို လွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ပါဘူး။ ပြည်သူတွေက ညီညွတ်စွာ လိပ်မွန်ထောကို အပြတ်ရှင်းပေးလို့ သူဘုရင်ဖြစ်လာတာပါတဲ့။

သူ့ရဲ့ခမည်းတော် ရာဇဓိရာဇ်မင်းနတ်ရွာစံကတည်းက အာဏာငမ်းငမ်းတပ်ပြီး တစ်ဦးနဲ့တစ်ဦး သတ်ကြဖြတ်ကြ နန်းလုကြရာက တိုင်းပြည်ကြီးဟာ အဖက်ဖက်က ယိုယွင်းပြီး ပြည်သူတွေက ကယ်တင်ရှင်ကို ငံ့လင့်နေကြချိန်မှာ သူ့ကို ရာဇဓိရာဇ်သွေးမို့ ဘုရင်မမြှောက်ကြပါသတဲ့။

ရှင်စောပုဆိုတာကလည်း အင်းဝမင်းဆက်အပြောင်းကို ပြည်ပမှာနေပြီး မျက်စိတပ်အပ်မြင်ခဲ့သူမို့ နိုင်ငံရေးအပါးဝသူပါတဲ့။

ရှင်စောပုလက်ထက်မှာ တိုင်ပြည်က အေးချမ်းသာယာစပြုလာပြီး ဘုရင်မကြီးကလည်း နယ်တွေဘက်ကို မကြာခဏခရီးထွက်ပြီး ပြည်သူတွေနဲ့ ထိတွေ့လေ့ရှိပါသတဲ့။

တနေ့တော့ အဖိုးအိုတစ်ဦးဟာ ဘုရင်မကြီးကြွလာတာကို လမ်းဘေးဆင်းဒူးထောက်မခစားပဲ လမ်းပေါ်မှာ ခပ်တည်တည်လမ်းဖယ်မပေးပဲနေသတဲ့။

ဟိုခေတ်ကတော့ ဒါမျိုးဆိုရှေ့ပြေးတပ်ရဲ့ အပြတ်ရှင်းတာ ခံရနိုင်ပေမယ့် ဘုရင်မကြီးက သဘောကောင်းတော့ အရေးမယူတဲ့အပြင် ဘာလိုအပ်သလဲ မေးပါသတဲ့။

အဖိုးအိုက “ငါကအိုပေမယ့် မျိုးဆက်မွေးနိုင်သေးတယ်၊ ဘုရင်မကြီးက မျိုးဆက်မမွေးနိုင်ဘူး”လို့ ခပ်တည်တည်နဲ့ ပြောသတဲ့။

The Queen heard an old man exclaim “I must get out of the way, must I? I am not so old that I could not get a child, which is more than your old queen could do!”

Thunderstruck at such irreverence, she meekly accepted it as a sign from heaven, and thereafter styled herself ‘The Old Queen’.

အမှန်တော့ဒါမျိုးက အရင်ခေတ်က ယောင်လို့အသံမထွက်ရဲတာကို…. ဘုရင်မကြီးသဘောကောင်းလို့သာ ဒီလိုစော်ကားရဲတာမလား။

တကယ်တော့လည်း ဘုရင်မကြီးမှာ သားယောက်ကျားလေးမွေးခဲ့ပေမယ့်… သူ့သား ဗညားဝါရူမင်းဖြစ်တုန်းက ပြည်သူတွေရဲ့ဘဝသိချင်လို့ ရုပ်ဖျက်ပြီး ပြည်သူတွေနဲ့ထိတွေ့ဖို့ မကြာခဏသွားရင်း လုပ်ကြံခံခဲ့ရပါသတဲ့။

ကိုယ်ရံတော်တပ်ကတော့ ဗြင်းချင်တာလက်ယားနေပေမယ့်လည်း အသိပညာနဲ့ပြည့်စုံတော်မူသော ဘုရင်မကြီးက ဒါဟာ သွယ်ဝိုက်သောနည်းနဲ့ သူ့ကိုသတိပေးတာလို့ မြင်တတ်ပါသတဲ့။

ဒါကြောင့်လည်း…. နန်းတော်ပြန်ရောက်တဲ့အခါမှာ… အဖိုးအိုပြောတာမှန်တယ်။ ငါအိုပြီ။ ငါ့ကို မှိန်းပြု(မင်းအို) လို့သာခေါ်ကြပေတော့လို့ဆိုသတဲ့။

အဲ့ဒီအချိန်ကစပြီး ဘုရင်မကြီးဟာ… ပြည်သူတွေတောင့်တနေတဲ့ နန်းမွေဆက်ခံသူကို ထူထောင်ပေးဖို့ အချိန်ရှိသ၍ ကြံရွယ်နေပါတော့တယ်။

ရှင်စောပုဘုရင်မကြီးဟာ သူ့အနားမှာဝိုင်းနေတဲ့ မယ်မယ်ဆိုပြီး နန်းမွေမျှော်နေတဲ့ သူ့သမက်ဗညားအိမ်လို လူတွေအထဲက အရည်အချင်းကို မကြိုက်လေတော့ အပြင်ကရှာပါသတဲ့။

သူသိတယ်လေ မြောင်းမြစားကလည်း ပျိုးထောင်ပေးတာနဲ့ မိန်းကလေးဇာတ်လမ်းကကြားရ၊ အနားကအမတ်တွေအတော်များများကလည်း ဘုရင်မကြီးလှုပ်မှလှုပ်သူတွေဆိုတော့ ၂၀၂၀ မှာ ဘယ်လိုလုပ်မလဲပေါ့။

အဲ့ဒီမှာ သူ့ကို အင်းဝနန်းတော်က ကယ်ထုတ်လာခဲ့တဲ့ ရှင်ပိဋကဓရနဲ့ ရှင်ဓမ္မဉာဏ ၂ ပါးထဲကရွေးဖို့ ကြံသတဲ့။

ဘာပဲပြောပြောရှင်၂ပါးက ပြည်ပမှာ ပညာသင်လာပြီး သူ့ကိုလည်းရအောင် အစီအမံကောင်းကောင်းနဲ့ ကယ်ခဲ့တယ်မလား။

ရှင်၂ပါးကို ဆွမ်းအုပ် ၂ အုပ်ကပ်ရာမှာ တစ်အုပ်က မင်းမြှောက်တန်ဆာ ၅ပါးပါပြီး၊ နောက်တစ်အုပ်က ဗိဋကတ်တွေထည့်ထားပါသတဲ့။

ရှင်ဓမ္မဉာဏက အရင်ရွေးရာမှာ ဗိဋကတ်တွေပါတဲ့ ဆွမ်းအုပ်နဲ့ပဲတိုးသွားတဲ့အတွက် သူက ဘုန်းကြီဆက်ဝတ်ပါတယ်။

ရှင်ပိဋကဓရကို လူထွက်ကာ management သင်တန်းတွေတက်ပြီး အခြေခံဥပဒေတွေကိုလည်း အာဂုံဆောင်စေပါသတဲ့။

အဲဒီလို မင်းဆက်အတွက်ပြင်နေတဲ့အချိန်ဟာ MBA သင်တန်း ၂ နှစ်စာကြာသတဲ့။ အဲ့ဒီအချိန်အတွင်းမှာ ပဲခူးမြို့ထဲက လူအများနေ့စဉ်ဖြတ်သန်းနေတဲ့ တံတားတစ်စင်း အသစ်ဆောက်တော့ တံတားယက်မအိုကြီးကို သိမ်းထားစေပါသတဲ့။

ဒီလိုနဲ့ ဟံသာဝတီနန်းတော်မှာ ကြည်ညိုသပ္ပါယ်ဖွယ်အတိနဲ့ နန်းဦးဘုရားက ဆုတောင်းပြည့်ကြောင်း နာမည်တဖြည်းဖြည်းကြီးလာပါသတဲ့။

ဆုတောင်းဖို့သွားတိုင်းဆုတောင်းပြည့်တယ်ဆိုတာနဲ့ ကတော်တွေကလည်း သူ့ထက်ငါအရင်မလား၊ သွားဖူးကြတာပေါ့။

နန်းဦးဘုရားဆုတောင်းပြည့်ချက်က ဖူးတဲ့သူတွေမပြတ်အမြဲစည်ကားနေပါရောတဲ့။ ဘယ်သူက ဘယ်တုန်းက ဘယ်လိုဆုတောင်းပြည့်ကြောင်း ပြန်ပြန်ဖောက်သည်ချကြတာကိုး။

တနေ့တော့ ရှင်စောပုဟာ သူ့သမက်ဗညားအိမ်အပါအဝင် အကုန်စုံစုံလင်လင်နဲ့ ညီလာခံကျင်းပပါလေရော။ မင်းလောင်းမှန်းနေသူတွေကလည်း စီအီးစီအစည်းအဝေးခေါ်တယ်ဆိုကတည်းက ရင်ခုန်နေကြပြီပေါ့။

အဲ့ဒီညီလာခံမှာ ဘုရင်မကြီးက မင်းလောင်းဟာ ရှင်ဗိဋကဓရလူထွက် ဓမ္မစေတီဆိုတော့ အားလုံးက သူက ပါတီမှာ history မရှိပဲ ဘာကြောင့်ရွေးသလဲလို့ မေးလျှောက်ကြသတဲ့။

ရှင်စောပုက ဓမ္မစေတီလောင်းကို ကြိုတင်ပြငင်ထားတဲ့ လက်ရုံးရည်၊ နှလုံးရည်ပညာပြစေတော့ အမတ်တွေက ဟုတ်ပါပြီ သို့သော် မင်းမျိုးမင်းနွယ်မဟုတ်လို့ဆိုကြသတဲ့။

အဲ့ဒီမှာ ရှင်စောပုက…. အခုအားလုံးကိုးကွယ်တဲ့ နန်းဦးဘုရားဆုတောင်းမပြည့်လောလို့မေးသတဲ့။

ကြည်ညိုဖွယ်အတိနှင့် လွန်စွာဆုတောင်းပြည့်ကြောင်း အားလုံးက သူတို့ကိုယ်တွေအပြိုင်သံတော်ဦးတင်ကြသတဲ့။

အဲ့ဒီတော့မှ ဘုရင်မကြီးက တံတားအောက်ခံယက်မဟောင်းကြီးယူလာစေတဲ့အခါမှာ ဘုရားတစ်ဆူစာ နေရာထွင်းထုတ်ထားတာ ကွက်တိ၊ အသားကလည်းကွက်တိဖြစ်နေပါရောတဲ့။

ဒီတော့မှ… လူတကာနေ့စဉ်နင်းဖြတ်နေတဲ့ တံတားယက်မဟောင်းတောင် ဆုတောင်းပြည့်တဲ့ ဘုရားဖြစ်နိုင်ကာ အားလုံးဦးထိပ်တင် ကိုးကွယ်နိုင်သေးရင် ဓမ္မစေတီလောင်းကို မင်းလောင်းမဖြစ်နိုင်စရာမရှိလို့ဆိုသတဲ့။

အားလုံးငြိမ်သက်နေချိန်မှာ ရှင်စောပုက “နိဗ္ဗာန်ကို ရည်မှန်းသူတို့ဟာ သက်တော်ထင်ရှား မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပူဇော်ကြတာမို့ ဘာသားနဲ့ထုထားထား အရေးမကြီးသလို တိုင်းပြည်ကို ဦးဆောင်မယ့်သူဟာလည်း ဘယ်အတန်းအစားကလာလာ အရည်အချင်းနဲ့ တိုင်းပြည်ပေါ်ထားတဲ့စေတနာ ၂ ခုသာ ပဓာနကျကြောင်း” မိန့်တော်မူသတဲ့။

ဘုရင်မကြီးလူရွေးမမှားသလိုပဲ ဓမ္မစေတီမင်းလက်ထက်မှာ တိုင်းပြည်က သာယာဝပြောစည်ပင်ပြီး ပုန်ကန်သူ ဗညားအိမ်ကို ၂ လအတွင်းနှိမ်နှင်းနိုင်တယ်။

သူ့အာဏာဟာ တောင်ဘက် ရေး၊မြိတ်၊ထားဝယ်ကျော်ပြီး ထိုင်းနိုင်ငံထဲအထိ ပျံ့နံ့ပါသတဲ့။ သူ့သားဗညားရံလက်ထက်မှာလည်း ဓားထက်ခဲ့ပါတယ်။

တိုင်းပြည်ကြွယ်ဝလာတာ ငွေကြေးစစ်တမ်းကောက်ရာက ဓမ္မစေတီခေါင်းလောင်းကြီးဖြစ်လာတယ်မလား။

Moral of the story
—————–
ကျနော်တို့ အနေနဲ့လည်း တိုင်းပြည်ကို သာယာဝပြောအောင် စီမံအုပ်ချုပ်နိုင်မယ့် ဓမ္မစေတီမင်းလောင်းလည်း ငံ့လင့်နေကြပါပြီ။

အနားမှာလက်စွမ်းမပြနိုင်တဲ့လူတွေနဲ့ ဝန်းရံနေတာထက် အမှန်တကယ် လက်စွမ်းပြမယ့် အမတ်သူရဲကောင်းတွေကို ပြည်သူတွေက မျှော်လင့်နေမှာအမှန်ပါပဲ။

လူတွေက U Ye Htut ကို တိုက်ခိုက်ကြပေမယ့် ကျနော်ကတော့ သူ့ရဲ့တာဝန်ကျေပွန်မှုကိုချီးကျူးပါတယ်။

သူဟာ သူ့ဆန်စားပြီးရဲသူပါ။ သူလုပ်ရမယ့် ပြန်ကြားရေးတာဝန်ကိုသူထမ်းတာပဲ။ သူ့သခင်အတွက်သူဟာ အစွမ်းကုန် တာဝန်ထမ်းနေတာမျိုးကို ကျနော်တို့ အတုယူရမှာဖြစ်ပါတယ်။

သူ့ဆန်စားပြီး၊ အနီဝတ်ပြီးမရဲတဲ့လူတွေကို အလိုမရှိပါ။

ကျနော့်ကို ၂၀၂၀ မှာ ဘယ်သူနိုင်စေချင်လဲမေးရင် ပြည်သူကိုနိုင်စေချင်တယ်လို့ပဲဖြေပါ့မယ်။

ဘာဖြစ်လို့လဲဆိုတော့ Seven Samurai နောက်ဆုံးခန်းမှာ ဆာမူရိုင်းကြီး ရှီမာဒါပြောခဲ့တာကို သတိရလို့ပါ။

“We’ve lost yet again. With their land, the farmers are the victors. Not us.”

စစ်ပွဲအပြီးမှာ ပျော်ရွှင်စွာ စပါးစိုက်နေတဲ့ လယ်သမားတွေကိုကြည့်ပြီး “ငါတို့နိုင်တာမဟုတ်၊ လယ်သမားတွေနိုင်တာကွ၊ တို့မဟုတ်ဘူး။”

သူပြောသလိုပဲ ဖြစ်သင့်တယ်မလားဗျာ။

“ဘယ်သူပဲတက်တက်ပါ၊ နိုင်တဲ့သူတွေက ပြည်သူတွေပဲ ဖြစ်သင့်ပါတယ်။”

အခုလဟာ နိုဝင်ဘာလမို့ နောက်တနှစ်အကြာမှာ တိုင်းပြုပြည်ပြုလူရွေးပွဲအချိန်လည်းရောက်လာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ အတွက် တကယ်အကျိုးပြုမယ့် အမတ်လောင်းတွေ ရှာဖွေပြင်ဆင်ပေးဖို့ မျှော်လင့်နေပါကြောင်း….

Richard Myo Thant
08-Nov-2019

Close Menu