မြင်းခြံကအောင်မြင်ပြီ

မြင်းခြံကအောင်မြင်ပြီ

မြင်းခြံ ( သို့ ) အညာမြေမှ အောင်ပွဲ

COVID ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုမှာ အညာဒေသက မြင်းခြံမြို့ဟာလဲ ရိုက်ခတ်မှု ပြင်းထန်ခဲ့ပါတယ်။ ပိုးတွေ့လူနာ စုစုပေါင်း ၆၀ ကျော် တွေ့ရှိခဲ့ပါတယ်။ မန္တလေးတိုင်းမှာ သူက စပီး ပိုးတွေ့တာ အများဆုံးဖြစ်ခဲ့ပါတယ်။ မြို့ကငယ်ငယ် လှိုင်းလုံးက ကြီးကြီးပေါ့။

ကျနော် သတိရနေပါတယ်။ မြင်းခြံမှာ လူနာ တနေ့ကို ၂၀ နီးပါးတွေ့နေတဲ့အချိန်မှာပေါ့။ မြင်းခြံမြို့ခံတယောက်က ညသန်းခေါင်ကြီး chat box မှာ လာပြောခဲ့ပါတယ်။ ကျမတို့မြို့လေး ကျဆုံးတော့မယ်ထင်တယ်ဆိုပီးတော့ပါ။ ငိုနေရလို့ မအိပ်နိုင်ပါဘူးတဲ့။ ကျနော်ကတော့ အားပေးခဲ့ပါတယ်။ မြင်းခြံဟာ စည်းကမ်းရှိတယ်။ အညာမြေဟာ ရဲရင့်တယ်။ စည်းလုံးတယ်။ မြို့အနေနဲ့ကလဲ အတူတကွ တိုက်ပွဲဝင်ကြတယ်။ စည်းကမ်းလိုက်နာတယ်။ ဖေးမကူညီကြတယ်။ မြို့အနေအထားနဲ့ လူနေမထူထပ်တာကြောင့် ထိန်းချုပ်ရလွယ်မယ်။ ဒါကြောင့် မြင်းခြံဟာ COVID ကို ကျိန်းသေနိုင်မယ်လို့ အားပေးခဲ့ပါတယ်။ သူလဲ အတော်အားတက်သွားပီး အိမ်ထဲကနေ တိုက်ပွဲဝင်ပါတော့တယ်။

မြင်းခြံဟာ NLD အမာခံမြို့ဖြစ်ပေမယ့် ဘာမဲဆွယ်မှု အင်အားပြပွဲမှ မလုပ်ခဲ့ပါဘူး။ စည်းကမ်းတကျ လိုက်နာရင်း၊ Lock Down တွေ ချရင်းနဲ့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျန်းမာရေးဌာနဗဟိုကလဲ ရောဂါထိန်းဖို့ အထူးကျွမ်းကျင်ဆရာဝန်အချို့ စေလွှတ်ခဲ့ပါတယ်။ ဒလိုနဲ့ပဲ နောက်ဆုံးမှာတော့ …..

မြင်းခြံဆေးရုံမှာ လူနာ ၄ ယောက်ပဲ ကျန်ပါတော့တယ်။ အားလုံး ကျန်းမာစွာနဲ့ ဆေးရုံဆင်းသွားကြပီဖြစ်သလို မြို့ပေါ်မှာ ကူးစက်မှုတွေလဲ မရှိတော့လို့ ဒီမနက်မှာပဲ LD တွေ ပြန်ဖြေလျှော့ပေးလိုက်ပါပီ။ ဒီလိုဖြေပီးတဲ့နောက်မှာလဲ COVID ထပ်မလာအောင် Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာ နေကြမယ်ဆို မြင်းခြံဟာ စိတ်ချရပါပီ။ စည်းကမ်းရှိမှု၊ စည်းလုံးမှုတို့နဲ့ မြင်းခြံကတော့ COVID ကို အနိုင်ရခဲ့ပါပီ။ အညာမြေက အောင်ပွဲဟာ တပြည်လုံးအတွက် စံနမူနာ ယူစရာပါပဲ။ ရန်ကုန်မှာတော့ တိုက်ပွဲဟာ အခုမှ စတင်ပါပီ။ မြင်းခြံလိုပဲ COVID ကို အပြတ်တိုက်ထုတ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ပြည်သူညီရင် ဘာမဆို ကျော်လွှားနိုင်ပါတယ်။

မြင်းခြံကတော့ အောင်နိုင်ခဲ့ပီ……Nay Thway

photo