ကျွန်တော့်ကို ကယ်ကြပါဦးခင်ဗျာ

ကျွန်တော့်ကို ကယ်ကြပါဦးခင်ဗျာ

အသက်လုပြီးပြေးလွှားရင်း ကောင်လေးက အော်ဟစ် အကူအညီတောင်းခဲ့သေးတယ်။

“ ကျွန်တော့်ကို ကယ်ကြပါဦးခင်ဗျာ“

( အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန်မှုခင်းများကို ပြန်လည်ရေးသားထားခြင်းဖြစ်ပါသောကြောင့် စိတ်မခိုင်သူများ၊ ကိုယ်ဝန်ဆောင်များနှင့် အသက် ၁၈ နှစ်အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)

အဲ့ဒီညက မီးပျက်နေခဲ့တယ်။

ကောင်လေးရဲ့လမ်းကြားထဲပြေးဝင်၊ပျောက်ကွယ်သွားတဲ့အသံကိုကြားလိုက်ရပေမဲ့ အသံက ဘယ်နေရာက ဘယ်လိုထွက်လာမှန်းမသိလိုက်ကြပါ။

အိမ်တစ်အိမ်က ထွက်ကြည့်သေးတယ်။မှောင်မှောင်မည်းမည်း ဘာမှမမြင်ရ၊ အသံလည်းထပ်မကြားရတဲ့အခါ အိမ်ထဲပြန်ဝင်သွားကြတယ်။

ကလေးငယ် ကံဆိုးမိုးမှောင်ကျပြီ။

အဲ့ဒီနေ့က ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ။ အချိန်က ည ၈ နာရီပေါ့။ ရွှေဘိုမြို့၊ပြင်ဈေးရပ်ကွက်။

မိစ္ဆာကောင်ကြီးဟာ ကုန်စုံဆိုင်ကို ဈေးလာဝယ်တဲ့ ကောင်လေးကို ခြိမ်းခြောက်တယ်။ အသက်လုပြီးပြေးတဲ့ ကောင်လေးဟာ ဆိုင်ကယ်ထက်တော့မြန်အောင် မပြေးနိုင်ခဲ့ပါ။

မိစ္ဆာကောင်ကြီးက ကောင်လေးကို ပွေ့တင်ခေါ်ဆောင်သွားခဲ့တယ်။

မကြာခင်မှာပဲ လမ်းကြားထဲပြေးဝင်သွားတဲ့ ကောင်လေးအနောက်ကို လိင်တူချစ်သူသုံးယောက်က လိုက်ဖမ်းသလိုလို ကောလာဟလတွေထွက်လာတယ်။
အဲ့ဒီ ကလေးနာမည်က အောင်** တဲ့။ မောင်နှမ ၃ ယောက်မှာ ကောင်လေးက အထွေးဆုံး..။

ကောင်လေးရဲ့ မိခင်နဲ့ ဖခင်က ကောင်လေး သူငယ်တန်းကျောင်းသားဘဝကတည်းက ကွဲသွားကြတာ။

မောင်နှမ ၃ ယောက်လုံး ဖခင်နဲ့ ကျန်ရစ်ခဲ့။ နောက်ယောက်ျားယူသွားတဲ့ မိခင်အစား အမေ့မေတ္တာကို အဘွားဆီက ရခဲ့တယ်ဆိုပေမဲ့ ဆင်းရဲတဲ့ မိသားစုတို့ ထုံးစံအတိုင်း ချစ်ခြင်းမေတ္တာထက် ဝမ်းရေးကခက်နေခဲ့တယ်။

ကလေးတွေက ဖခင်နဲ့အတူတူ အဘွားရဲ့အိမ်သေးသေးလေးမှာ ဖြစ်သလိုပေါ့ …။

ဖခင်က ဆိုက်ကားနင်း၊ ပန်းရံလိုက်ပြီးကလေးတွေနဲ့ ပင်ပင်ပန်းပန်း ဘဝကိုရုန်းကန်နေခဲ့တယ်။

အလုပ်ကြမ်းလုပ်၊ ပင်ပန်းတော့ အရက်သောက်ဖြစ်၊ ဒါနဲ့ပဲ ဖခင်ရဲ့ကျန်းမာရေး သိပ်မကောင်းလှတော့။

ကျန်းမာရေး ဆိုးလာတော့ အလုပ်လုပ်လိုက်၊ နားလိုက်ပေါ့။
အနစ်နာခံတတ်တဲ့ အစ်မအကြီးဆုံးက အသက်၁၂ နှစ် အရွယ်ကတည်းက ကျောင်းထွက်ပြီး ငါးဒိုင်မှာ အလုပ်ဝင်လုပ်ပြီး မောင်လေးနဲ့ ညီမလေးကို ကျောင်းဆက်ထားပေးတယ်။

နောက်ပိုင်း အိမ်အကူဝင်လုပ်တယ်။

ခြောက်လလောက်လုပ်ပြီး အစ်မကြီးမှာ မိန်းကလေးနဲ့ ပတ်သက်တဲ့မီးယပ်ရောဂါလိုမျိုးဖြစ်တော့ အလုပ်နားလိုက်ရတယ်။

အဲ့ဒီအိမ်မှာနေရင်း ဆွဲကြိုးတစ်ကုံး ခြစ်ခြစ်ခြုတ်ခြုတ် စုဆောင်းမိပေမဲ့ ကျန်းမာရေးမကောင်းတဲ့ ဖခင်အတွက် ဆေးစရိတ်လိုအပ်နေတော့ ဆွဲကြိုးလေး ရောင်းပြီး ဆေးစရိတ်ရယ်၊ စားစရိတ်၊ သောက်စရိတ်ရယ်နဲ့ ကုန်သွားတာပါပဲ။

တစ်အိမ်လုံး ဝန်ပိနေတဲ့ အစ်မကြီးက ကွမ်းပစ္စည်းရောင်းတဲ့ဆီမှာ အုန်းသီးကြော်တဲ့အလုပ် ဝင်လုပ်ပြန်တယ်။

နောက်ပိုင်းမှာ ဦးလေးက ကွမ်းယာဆိုင်ဖွင့်မယ်ဆိုတော့ အဲ့ဒီမှာ ကွမ်းယာရောင်းတဲ့ အလုပ်ဝင်လုပ်ရင်း မောင်နှမ နှစ်ယောက်ကို မငတ်ရုံတမယ်ကျွေးနိုင်ခဲ့။
ကောင်လေးလား။

လိမ္မာတယ်။
အနေအေးတယ်။
ကူညီတတ်တယ်။

မနက်ပိုင်းဆို ဘာသာရေး ဘုရားကျောင်းသွား၊ နေ့လယ်ဆို ကျောင်းတက်။ အခု ၄ တန်းဖြေထားတာ…။

ဒါပေမဲ့ ကောင်လေး မျှော်လင့်ခဲ့တဲ့ ၅ တန်းကျောင်းသားကြီး ဖြစ်ခွင့်မရခဲ့ပါ။
ကလေးလေးဟာ ကံဆိုးလှစွာနဲ့ပဲ မိစ္ဆာကောင် ထွန်း** နဲ့ ကြုံတွေ့ခဲ့ရလို့ဖြစ်တယ်။

အဲ့ဒီညကပေါ့။

မိစ္ဆာကောင်ကြီးက ကောင်လေးကို သူ့အိမ်ကို ခေါ်သွား၊ မုဒိမ်းကျင့်ပြီး လည်ပင်းညှစ်သတ်လိုက်တာ။

အဲ့ဒီ ကလေးလေးဟာကြောက်လန့်၊ နာကျင်စွာနဲ့ လောကကြီးကို စွန့်ခွာခဲ့ရပြီ။
ပြီးတော့ မိစ္ဆာကောင်ကြီးက ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဝက်လည်ရွဲ ရပ်ကွက်၊ ဈေးတောင်ဘက်လမ်းကြားမှာ ကလေးလေးကို လွှင့်ပစ်လိုက်တယ်။

ကလေးဟာ လမ်းကြားထဲမှာ ကူကယ်ရာမဲ့သေဆုံးနေခဲ့။ စအိုနဲ့ နှာခေါင်းမှာ ရက်ရက်စက်စက် သွေးထွက်ဒဏ်ရာတွေနဲ့ပေါ့။

ရွှေဘိုမြို့မရဲစခန်းက တာဝန်ရှိသူတွေက အလောင်းကိုတွေ့တော့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ ။ နံနက် ၂ နာရီ ၄၅ မိနစ်။

ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးမြင့်မောင်ရဲ့ လမ်းညွှန်မှုနဲ့ ဒုရဲမှူးသိန်းဆန်းဦး ဦးဆောင်တဲ့ အထူးအမှုစစ်အဖွဲ့ ဖွဲ့ပြီး လူသတ်သမားကို အပူတပြင်းရှာဖွေခဲ့ကြတယ်။

မကြာပါဘူး။ ရဲထောက်လှမ်းရေးတွေ မိစ္ဆာကောင်ကြီးကို ဖမ်းမိတာပဲ။ အဲ့ဒီလူဆီမှာ ဖောက်ခွဲရေးပစ္စည်းတွေရှိတယ် သတင်းကြားလို့ ရဲတွေ အတော်သတိထားလိုက်ရတယ်လို့ဆိုတယ်။

အဲ့ဒိလူအိမ်မှာ ကလေးလေးရဲ့ ဖိနပ်နဲ့ဦးထုပ်တွေ့တာပဲ။

အဲ့ဒီမိစ္ဆာကောင်ကြီးဆိုတာ ထွန်း** တဲ့။
ထွန်း** ဆိုတာရော ဘယ်သူလဲ။

အဲ့ဒီလူက လူတန်းစေ့နေနိုင်တဲ့ ချမ်းသာတဲ့ အသိုင်းအဝိုင်းက လူတစ်ယောက်။ မွေးချင်း၃ယောက်ထဲမှာ အလတ်ကောင်တဲ့။

အစ်မအကြီးဆုံးနဲ့ ညီမအငယ်တို့က ပညာတတ်ပြီးရတဲ့ ရာထူးမျိုး၊ ရာထူးကြီးကြီးတွေ။ အဲ့ဒီလူက ပထဝီနဲ့ ကျောင်းပြီးထားတဲ့သူ။

လျှပ်စစ်ပစ္စည်းတွေ နည်းနည်းပါးပါးပြင်တတ်တယ်။ ထုံထုံထိုင်းထိုင်း လူစားမျိုးထဲကတော့မဟုတ်။
၁၉၉၉ ခုနှစ်လောက်မှာ အဲ့ဒီလူ ဆိုင်ကယ် မှောက်တယ်တဲ့။ အဲ့ဒီနောက်ပိုင်း သူဘယ်သူနဲ့မှ သိပ်မပေါင်းတော့ဘူး။ စကားနည်းသွားတယ်။
အဲ့ဒီလူဟာ ရွှေဘိုမြို့ ဇာတိမဟုတ်ပါ။ ငယ်ငယ်တုန်းက မြစ်ကြီးနားမှာနေတာ။

အဲ့ဒီလူ ကလေးဘဝတုန်းက လိမ္မာတယ်။ ဘုရားတရားလည်းလုပ်သတဲ့။

ယောက်ျားချင်း စိန်ခေါ်ရင်ကြောက်တတ်တဲ့ ခပ်ပျော့ပျော့လူစားမျိုး ။

အဲ့တာကြောင့်ပဲ သူ့ ပစ်မှတ်ဟာ ကလေးတွေဖြစ်ခဲ့တယ်။

▪️▪️▪️

လူသတ်တဲ့ကားတွေကို ကြိုက်နှစ်သက်သတဲ့။ ညလုံးပေါက်ထိုင်ကြည့်တတ်တယ်။ လူသတ်တဲ့ကားတွေကြည့်ရာက စိတ်ကူးယဉ်၊ နောက်ပိုင်း လက်တွေ့ အကောင်အထည်ဖော်တော့တာပဲ။
ရက်စက်ယုတ်မာတဲ့ တဏှာစိတ်တွေဟာ အဲ့ဒီလူနဲ့အတူ ကြီးပြင်းလာခဲ့။ သူ့ တဏှာစိတ်ဖြေဖို့အတွက် အနိုင်ကျင့် လို့ရတဲ့ ကလေးတွေဆီ..။

သူဟာ တိုင်းရင်းသားကလေးမလေးတွေကို စပြီးဖျက်စီးခဲ့တယ်။ ကလေးမလေးတွေရဲ့ မိဘတွေ ဘယ်အချိန်အပြင်သွားတယ်၊ ဘယ်အချိန်မှာ ပြန်ရောက်တယ်ဆိုတာမျိုးကို တစ်ပတ်လောက်စုံစမ်းတယ်။

အားလုံးကိုသိပြီဆိုမှ ကလေးလေးတွေကို လက်ဆောင်တွေဘာတွေ ဝယ်ပေးပြီး ဖြားယောင်းတယ်။

အဲ့ဒီလို ကလေးသတင်းစုဆောင်း၊အစီအစဉ်ချထားပြီး သူ့ဂွင်ထဲရောက်ရင် သူ့အဘိုးမြေအောက်ခန်းထဲကို ခေါ်သွားပြီး ရက်ရက်စက်စက် မုဒိမ်းကျင့်တော့တာပဲ။

သူ့အဘိုးက ချမ်းသာတယ်။ အိမ်မှာ မြေအောက်ခန်းတောင်ရှိတယ်လေ။
မိစ္ဆာကောင်ဟာ မုဒိမ်းကျင့်ရုံနဲ့ အားမရပါ။

လည်ပင်းကို သံကြိုးနဲ့ညှစ်၊ ဆီးခုံကို စမုတ်တံနဲ့ထိုးပြီး ရက်ရက်စက်စက်သတ်ပစ်ရမှ စိတ်ကျေနပ်အားရသူဖြစ်တယ်။

ပြီးရင် အလောင်းကိုအိတ်နဲ့ထည့်ပြီး သင်္ချိုင်းကိုသွားပစ်တာပဲ။သင်္ချိုင်းနဲ့သူတို့အိမ်က ၈ မိုင်လောက်ဝေးတယ်။

မုဒိမ်းကျင့်၊ လူသတ်မှု သုံးမှုမြောက်မှာ ရဲထောက်လှမ်းရေးတွေဆီမှာ ဖမ်းမိတာပဲ။ ( Edited – တချို့ကလည်း ၄ မှုလို့ပြောပါတယ်။)

သက်သေအစ္စည်းအဖြစ်တွေ့ရတာက ထက်မြနေအောင်သွေးထားတဲ့ စမုတ်တံ (စက်ဘီးရဲ့ ဘီးမှာတပ်တဲ့ စတီးချောင်း) (၇) ချောင်းနဲ့ အတူပေါ့။ အဲ့ဒီမှာ မိစ္ဆာကောင်ထောင်ကျတယ်။

ဘယ်ကနေဘယ်လို အဆက်အသွယ်၊ ဘယ်အကြောင်းပြချက်တွေနဲ့တော့မသိ ၊ လူသတ် မုဒိမ်းကောင်ဟာ ထောင်ကပြန်လွတ်လာတယ်။

မိဘတွေက မန္တလေးမှာသွားနေခိုင်းတယ်။ ဒါပေမဲ့ အဲ့ဒီလူက မြစ်ကြီးနားမှာပဲပြန်နေတယ်။

လူသတ်၊ မုဒိမ်းသမားတို့ ထုံးစံအတိုင်း ပုံမှန်ဘဝမှာနေလို့မရ။ နောက်ထပ် ရာဇဝတ်မှု ထပ်ကျူးလွန်တာပဲ။

အဲ့ဒီချိန်မှာ ထပ်မိတော့ လူဆိုးရာဇဝင်ရှိတဲ့ သူ သေဒဏ်ကျသွားတယ်။

မူခင်း

၂၀၀၃ – ၂၀၀၄ ခုနှစ်ပိုင်းမှာပေါ့။

မိစ္ဆာကောင်ကြီးက အကြောင်းအမျိုးမျိုးနဲ့ အယူခံ အမျိုးမျိုးဝင်တယ်။

၂၀၁၉ ခုနှစ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထပ်လွတ်လာတယ်။  (အဲ့ဒီလူ ၂၀၁၉ ခုနှစ်က ဆေးကုသခံယူဖူးတဲ့ မှတ်တမ်းတွေရှိပါတယ်တဲ့။)

အဲ့ဒီလူက လွတ်ငြိမ်းချမ်းသာခွင့်ကို တိုက်ရိုက်ရတာတော့မဟုတ်။အထပ်ထပ်အယူခံဝင်ရင်း သေဒဏ်ကနေ တစ်သက်တစ်ကျွန်း။တစ်သက်တစ်ကျွန်းကနေ အနှစ် ၂၀။

နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ထဲပါသွားတာပဲ။
မြစ်ကြီးနားကို ပြန်လို့မရတဲ့ လူသတ် မုဒိမ်းကောင်ဟာ ရွှေဘိုမှာ အိမ်ငှားနေတယ်။

အဲ့ဒီလူ မိန်းမယူလိုက်သေးတယ်။ မိန်းမယူ၊ ကလေးမွေးဆိုတဲ့ သာမန်ဘဝကို ပိုင်ဆိုင်ချင်လို့လား၊ သာမန်ဘဝမှာ နေတယ်လို့ ဟန်ဆောင်ချင်တာလား အဲ့ဒိမိစ္ဆာကောင်ကြီးပဲ အသိဆုံးပေါ့။

ဒီလိုလူမျိုးဟာ သာမန်ဘဝကို ပိုင်ဆိုင်လို့မရပါဘူး ၁၅ ရက်ပဲကြာတယ်.. ။
မိန်းမနဲ့ကွဲတာပဲ။

မိန်းမနဲ့ကွဲပြီး နှစ်လလောက်ကြာတော့ ကောင်လေးက သူ့ပစ်မှတ်ထဲ ဝင်လာတာ။

မြို့ခံမဟုတ်တဲ့ မိစ္ဆာကောင်ဟာ ဒီလို မုဒိမ်းကျင့်၊ လူသတ်ဖို့ ဘယ်လို ဘယ်ပုံကြံစည်၊ ဘယ်သူက ကူညီခဲ့သလဲဆိုတာတော့ အတိအကျ မသိရသေးပါ။

ဒီမိစ္ဆာကောင်ကြီးအကြောင်းကို ရေးဖြစ်တာ မြန်မာပြည်မှာ ကွင်းဆက်လူသတ်သမား ( serial killer) ရှိနေပါပြီဆိုတာ ပြည်သူတွေ သိစေချင်လို့ဖြစ်ပါတယ်။

မိစ္ဆာကောင်ကြီးရဲ့ မုဒိမ်းကျင့်၊ လူသတ်တဲ့ ပုံစံ အလေ့အထက ကွင်းဆက်လူသတ်သမားတွေရဲ့ ပုံစံနဲ့ တစ်ထပ်တည်းပါပဲ။

အရေးအကြီးဆုံးက ကွင်းဆက်လူသတ်သမားတွေဟာ ရပ်လို့မရဘူးဆိုတာပဲ။ မုဒိမ်းကျင့်၊ လူသတ်တဲ့ အလုပ်ကိုလုပ်ဖို့ သူတို့အသက်ရှင်နေတာဖြစ်တယ်။
မြန်မာပြည်မှာ ကွင်းဆက်လူသတ်သမား၊ ဆိုက်ကိုပါ့သ်တွေ တရားဝင်စစ်ဆေးကြေညာတာမျိုး၊ အသိပေးဗဟုသုတ သတင်းဆောင်းပါးတွေ ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတာမို့ ဒီလို မိစ္ဆာတွေ ဘယ်နှစ်ယောက်ရှိနေမှန်း မသိနိုင်ပါ။

“ လွတ်ငြိမ်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အထပ်ထပ်ပြန်လည်စစ်ဆေးဖို့ လိုအပ်နေပြီ။”

( ရွှေဘိုမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်)

ရွှေဘိုမြို့က ဒေါက်တာအေဇင်လတ်က “ အဖြစ်ဆိုးတဲ့ ကလေးတွေ နည်းစေဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကလေးတွေ အကြောင်းအမျိုးမျိုးနဲ့ အဖြစ်ဆိုး‌တွေ ကြုံနေရတာဟာ ကျွန်မတို့ တာဝန်မကျေလို့ပါ။” တဲ့။

ဒေါက်တာပြောတဲ့ ‘ကျွန်မတို့ ‘ ဆိုတာ ကျွန်မတို့ မြန်မာနိုင်ငံသားတိုင်းကို ဆိုလိုတယ်လို့ ယူဆပါတယ်

အခုတော့ အဲ့ဒီမိစ္ဆာကောင်ကြီးက ရွှေဘိုမြို့မရဲစခန်းမှာတဲ့။

ရွှေဘိုမြို့မရဲစခန်း(ပ)၅၆၃/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၇၇ ဖြင့် အမှုဖွင့် အရေးယူဖို့အတွက် စစ်ဆေးမေးမြန်းနေကြတယ်။

အဲ့ဒီ မိစ္ဆာကောင်ကြီးက အခုဆို အသက် (၄၂)နှစ်။

သေဆုံးသွားတဲ့ ကလေးငယ်လေးရဲ့ နောက်ဆုံး အသံ “ကျွန်တော့်ကို ကယ်ကြပါဦးခင်ဗျာ” ဆိုတာကို မမေ့ကြပါနဲ့။

နောက်ထပ်ဒီလိုအသံတွေ မကြားရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်းအတွက် အိမ်စာဖြစ်ပါတယ်။

ဒါဟာ ကျွန်မတို့ကို နာကျင်ကိုက်ခဲစေတဲ့အမှန်တရားတစ်ခုပါပဲ။

မရွှေမိုး ( ကိုရီးယား)
October 4th,2020.


Note:
 ကျွန်မ မြန်မာပြည်က မှုခင်းတစ်ခုကို ပထဦးဆုံးအကြိမ် ဆောင်းပါးရေးခြင်းဖြစ်ပါတယ်။ မြန်မာပြည်က အမှုတွေ မရေးရခြင်းက ကိုးကားရမယ့် တရားဝင် အချက်အလက်တွေ မရနိုင်လို့ဖြစ်ပါတယ်။

ရွှေဘိုမြို့သူလေးရဲ့ အကြံပေးတောင်းဆိုချက်ကြောင့် ဒီဆောင်ပါးကိုရေးလိုက်ပါတယ်။ သတင်းအချက်အလက်တွေက ရွှေဘိုမြို့သူ မနှင်းသန္တာပိုင်၊ သေဆုံးသူရဲ့ အစ်မနဲ့ မြို့ခံတွေရဲ့ စုဆောင်းပေးချက်ဖြစ်ပါတယ်။

 သေဆုံးသူရဲ့ ကျန်ရစ်သူ မအိ** လှိုင် တို့ မိသားစုကိုလည်း ကူညီဖေးမပေးကြပါ။ 

လိုအပ်တာရှိရင် ကွန်မန့်မှာ ဖြည့်ရေးပေးသွားကြပါ။