ပုသိမ်ကအခြေအနေ

ပုသိမ်ကအခြေအနေ

ပုသိမ်မြို့ကဆရာဒေါက်တာသန်းမင်းထွဋ်ရေးတဲ့
~~~~~~~~
အရေးပေါ်ကိုဗစ်ဆေးရုံ တည်ဆောက်ရေး လုပ်ငန်း ဒီနေ့ စတင်လိုက်ပါပြီ။ပုသိမ်မှာ ကိုဗစ်လူနာတွေ တိုးပွားလာတာနဲ့အမျှ Plan တစ်ဆင့်ချင်း တက်လာလိုက်တာ အခုတော့ Plan D ကို ပြင်ဆင်နေရပါပြီ။

ကိုဗစ် စခါစ အချိန်က Plan A လူနာ(၇) ယောက်ဆံ့ Isolation Room.

တစ်ပြိုင်နက်တည်းမှာပဲ မှန်လုံခန်းတွေ အပြည့်နဲ့ လူနာ (၂၅) ယောက်ဆံ့ အရေးပေါ်လူနာဆောင်၊ ဒါက Plan B.

ဒုတိယလှိုင်းမှာတော့ ပုသိမ်တိုင်းရင်းဆေးရုံ ကုတင်(၁၀၀) Plan C.အခု အခါမှာတော့ ကိုးသိန်းအမကကို ကုတင် (၂၀၀) ဆေးရုံအဖြစ် တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ကုတင် (၂၀၀) ဆေးရုံအနေနဲ့ တပြိုင်နက် တည်း တည်ဆောက်ဖို့ မလွယ်ကူတာကြောင့် Phase 1, 2, 3 အဆင့်လိုက် တည်ဆောက်သွားပါ့မယ်။

Phase 1 မှာတော့ လူနာ (၈၈)ယောက်ကို Air Con, CCTV, wifi သောက်ရေသန့်စက် ကုတင် မွေ့ရာ ခေါင်းအုံး အစုံအလင်နဲ့ ထားနိုင်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ အပြင်နဲ့ လေချင်း မဆက်စပ်ရအောင် အလူမီနီယမ် အခန်းတွေ ကာခြင်း၊ အဲယားကွန်း (၁၄)လုံး အတွက် မီးလိုင်းတွေ သွယ်ခြင်း၊ အရေးပေါ် မီးစက် ပြင်ဆင်ခြင်း လုပ်ငန်းတွေကို ဒီနေ့ စတင် နိုင်ခဲ့ပါပြီ။

လျှပ်စစ်နဲ့ လမ်းပန်းဝန်ကြီး ဦးဝင်းဌေးကလည်း မနေ့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စည်းဝေးတိုင်ပင်ပြီး လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးခဲ့ပါပြီ။

DSE ဦးမြဝင်း၊ CE ဦးရန်နိုင်ဇော်တို့ ဦးဆောင်တဲ့ ပြုပြင်တည်ဆောက်ရေး အဖွဲ့ကလည်းတစ်နေကုန် မနေမနား။ ဆေးရုံအတွက် အမြဲတန်း အားထားရတဲ့ ကိုထွန်းထွန်းနိုင်ကလည်း တစ်နေကုန် အနီးကပ် ကူညီဆောင်ရွက်လို့။ Phase 1 အတွက် ကုန်ကျမယ့် ကုန်ကျငွေတွေသိန်း(၃၀၀)လောက်ကို အလှူရှင်တွေက ဝိုင်းလှူလို့။ တကယ့်ကို တက်ညီလက်ညီပါပဲ။

တစ်ပတ်အတွင်းမှာ ကိုးသိန်းဆေးရုံ အပြီးတည်ဆောက်နိုင်ပါလိမ့်မယ်။

ဒီ (၈၈)ကုတင် ပြည့်ခဲ့ရင် နောက်ထပ် ခုတင်(၈၀) ထားဖို့ Phase 2 ကိုလည်း ကိုးသိန်းအမကထဲမှာပဲ ရွေးချယ်ထားခဲ့ပါပြီ။

အဲဒီကမှ ထပ်များလာရင် နောက်ထပ် ခုတင် (၅၀) ထပ်ထားဖို့ Phase 3 ကိုလည်း ကိုးသိန်း အမကမှာပဲ ဆောင်ရွက်သွားဖို့ စဉ်းစားထားပါတယ်။

Phase 2 , 3 အတွက်ကတော့ လုပ်ငန်း စမှာ မဟုတ်သေးလို့ ကုန်ကျစရိတ် မတွက်ချက်ရသေးပါဘူး။ အဲဒီအဆင့်တွေလည်း ဆက်မသွားချင်ပါဘူး။ ပြည်သူတွေရော ကျွန်တော်တို့ပါ ပင်ပန်းလှပါပြီ။

ပြည်သူများခင်ဗျား-
ပြည်သူတွေ လုံခြုံစိတ်ချဖို့၊ ရောဂါဘေးက ကင်းဝေးဖို့ ကျွန်တော်တို့တွေ အပြင်ထွက်ပြီး နေ့မအား ညမနား အပင်ပန်းခံ ဆောင်ရွက်ပေးနေပါတယ်။

ပုသိမ်ကို Covid Free Zone ဖြစ်လာတဲ့အထိ ပူးပေါင်းကူညီပေးကြပါ။
အိမ်မှာ နေပေးခြင်းဖြင့် ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

@Than Min Htut

photo