အောက်က Post ကတော့ ညီမလေးကိုဆုံးရှုံးလိုက်ရတဲ့ ကိုချမ်းငြိမ်းဝင်း ရင်ဖွင့်ထားတာပါ။

အောက်က Post ကတော့ ညီမလေးကိုဆုံးရှုံးလိုက်ရတဲ့ ကိုချမ်းငြိမ်းဝင်း ရင်ဖွင့်ထားတာပါ။

ဒီနေ့မနက်က ၉၆-၉၈ ကျောင်းသားမျိုးဆက်တယောက်ဖြစ်တဲ့ ကိုချမ်းငြိမ်းဝင်းရဲ့ညီမလေးတယောက် Covid +ive နဲ့ ICU ထဲရောက်နေပြီကြားလို့သူ့ဆီဖုန်းဆက်မေးပြီးသိပ်မကြာခင်ဘဲ ဆုံးသွားပါတယ်။ စိတ်မ​ကောင်းဖြစ်ရသလို ဒီနေ့မှာသေဆုံးသူစုစုပေါင်းကလည်း (၄၀)ကျော်ဆိုတော့ တ​နေ့ထက်တနေ့သေနှုန်းမြင့်လာနေတာ စိုးရိမ်စရာ​အခြေအနေရောက်နေပြီလို့ မြင်ပါတယ်။

ဆေးရုံတွေမှာလည်းလူတွေပြည့်နေသလို မြို့နယ်တွေမှာထပ်တိုးချဲ့တဲ့ Q center တွေမှာလည်းနေ့စဉ်တိုးနေလို့ နေရာအသစ်တွေထပ်တိုးလည်းရက်ပိုင်းအတွင်းလူပြည့်လို့ ထပ်တိုးချဲ့နေရတာများပါတယ်။Q center တွေမှာတာဝန်ယူရတဲ့ စေတနာ့ဝန်ထမ်းတွေဟာလည်း စနစ်တကျအချိန်ယူလေ့ကျင့်သင်ကြားမှုမလုပ်ရဘဲ အရေးပေါ်တာဝန်ယူရတော့ကူးစက်​မှု အန္တရာယ်အလွန်ရှိပါတယ်။

အစိုးရအနေနဲ့ Covid ရောဂါတိုက်ဖျက်ရေးအတွက်
TEST KIT တွေအသုံးပြုပြီး စောစောရှာ ​မြန်မြန်စစ် နည်းလမ်းနဲ့ ကာကွယ်နိုင်ဘို့ကြိုးပမ်းနေတာတွေ့ရလို့အားတက်ဝမ်းမြောက်ရသလို ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေကို Covid ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ပူးပေါင်းဆောင်ရွက်လာအောင် ညှိနှိုင်းဆွေးနွေးတာတွေလုပ်စေချင်ပါတယ်၊ ဘာလို့မလုပ်သေးတာလည်းဆိုတာကိုလည်းသိချင်နေမိတယ်။

တောင်ကိုရီးယားကလာတဲ့ Test Kit တွေနဲ့စစ်ရင် နာရီဝက်လောက်နဲ့ အဖြေသိရလို့ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေကို စမ်းသပ်စစ်ဆေးခွင့်ပေးစေချင်ပါတယ်။
ဒါမှလည်း တတ်နိုင်တဲ့သူတွေက ပိုက်ဆံပေးစစ်နိုင်သလို အစိုးရလည်းဝန်ပေါ့သွားပြီး ကျမ်းမာ​ရေးဝန်ထမ်းတွေအပါအဝင် ပြည်သူတွေလည်း Covid ကြောင့်ဖြစ်စေ တ​ခြားရောဂါကြောင့်ဖြစ်စေ ထိခိုက်ဆုံးရှုံးမှုနည်းလာနိုင်မှာဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးရုံ ဆေးခန်းများကို တရုတ်ကသွင်းတဲ့ Test kit အတုတွေနဲ့ အသုံးမပြုဘဲ ကိုရီးယားကပစ္စည်းကိုဘဲ စမ်းသပ်အသုံးပြုစေဘို့ကိုတော့ စနစ်တကျစီစစ်ခွင့်ပြုရင် အဆင်ပြေနိုင်မယ်လို့မျှော်လင့်ပါတယ်။

ပုဂ္ဂလိကဆေးရုံတွေကို Test Kit နဲ့စစ်ခွင့်ပြုလိုက်ရင် ရန်ကုန်အဝင် တိုးဂိတ်တွေမှာ ယာယီအဆောင်တွေအားချင်းဆောက်ပြီး နယ်ကလာတဲ့ စားနပ်ရိက္ခာကုန်တင်ကားတွေကို နာရီပိုင်းအတွင်းစစ်ဆေးခွင့်​ ပြုနိုင်တာမို့ ကုန်စည်စီးဆင်းမှုမှန်ကန်ပြီး ကုန်ဈေးနှုန်းမတက်အောင်ထိန်းနိုင်ဘို့အကူအညီ ဖြစ်စေနိုင်မယ်လို့မြင်မိပါတယ်
(အစိုးရမှာ ကျမ်းမာရေးဝန်ထမ်းအားနည်းနေတယ်ဆိုလို့ပါ)။
ကုန်ကားသမားတွေနဲ့ တောင်သူတွေလည်းစီးပွားပျက်သလို ကုန်ဈေးနှုန်းတက်လာရင်လည်း အားလုံးအသက်ရှုကျပ်ရအုန်းမှာပါဘဲ။

နောက်နေ့တွေမှာ ပိုးတွေ့လူနာတွေ ထောင်ချီပြီးရှိ​နိုင်ပေမယ့်အားလုံးအားတင်းလို့ ဘေးကင်းရှင်သန်နိုင်ကြပါစေ။ သေဆုံးတဲ့သူတွေ မရှိပါစေနဲ့လို့ ဆန္ဒပြုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိ အစိုးရမင်းများလည်းပြည်သူအားလုံးနဲ့ ပူး​ပေါင်းလက်တွဲပြီး
Covid 19 ရန်သူကို
စောစောရှာ မြန်မြန်စစ် မြန်မြန်ကာကွယ်
တိုက်ထုတ်နိုင်ပါစေ။

အောက်က Post ကတော့ ညီမလေးကိုဆုံးရှုံးလိုက်ရတဲ့ ကိုချမ်းငြိမ်းဝင်း ရင်ဖွင့်ထားတာပါ။


ကျွန်တော် အပါအ၀င် ကျွန်တော့ဇနီးနဲ့ သားလေးဟာ အခုဆိုရင် Hotel Quarantine၀င်နေရပါတယ်….

ဖြစ်စဉ်အကျဉ်းပြောရရင် ကျွန်တော့အမေ က စက်တင်ဘာ ၂၃လောက်ကတည်းက ဖျားပြီးတော့ အနံ့စပျောက်ပါတယ် ( အဲ့တုန်းက ကျွန်တော် မသိရသေးပါဘူး) ကျွန်တော့ကိုအကြောင်းကြားလာတဲ့အချိန်မှာ အဖျားမရှိတော့ပေမယ့် အားအရမ်းနည်းပြီ ဆိုတာသိရပါတယ်။ ကျွန်တော်စသိတဲ့နေ့က စက်တင်ဘာ ၂၆မှာပါ။ အဲ့အချိန်ုမှာ အသက်၇၂ နှစ်ရှိပြီဖြစ်တဲ့အမေဟာ Fever Clinic ကိုခေါ်သွားဖို့အတွက် လမ်းလျောက်ဖို့တောင်အင်အားမရှိပါဘူး..SpO2% တအားကျလာတာကြောင့် ၂၉ရက်နေ့မှာဆေးရုံစတက်ပါတယ်။ သင်္ကန်းကျွန်းစံပြဆေးရုံပါ Swab Test ယူပြီး ၄နာရီအကြာမှာ Positiveအဖြေထွက်ပါတယ်။ အရင်လိုအကြာကြီးမစောင့်ရပါဘူး။ ဒီကာလမှာ ဆေးရုံတင်တယ်ဆိုတာ အပြောလွယ်သလောက် လုပ်ကြည့်ရင်မလွယ်ပါဘူး။ ကျွန်တော့အမေကို ဝိုင်းပူပန်ပြီး ကူညီပေးကြတဲ့ သူတွေကြောင့် အလွယ်တကူ တက်ခွင့်ရပြီး အဆင်ပြေခဲ့တာပါ။
အမေဆေးရုံတင်တဲ့အချိန်မှာပဲ ကျွန်တော့အဒေါ်အလတ် အဖျား၁၀၁ ရှိနေပါတယ်။ သူကတော့ ဖျားတာတစ်ခုပဲရှိတယ် အနံ့လဲမပျောက် ချောင်းလဲမဆိုးပါဘူး။
အဒေါ်ကိုလဲ စက်တင်ဘာ၃၀မှာ သင်္ကန်းကျွန်းဆေးရုံကိုပဲတင်ပြီး နာရီပိုင်းအတွင်း Positive result ထွက်ပါတယ်။ တစ်ရက်ထဲမှာပဲ ကျွန်တော့ညီမလေး SpO2% အရမ်းကျတဲ့အတွက် ဆေးရုံတင်ပါတယ် သူလဲ Positive ပါ။ အဒေါ်အငယ်ဆုံးလဲ Positiveထွက်ပါတယ်။

ကျွန်တော်က ၂၇ ရက်နေ့ရယ် အမေဆေးရုံတင်တဲ့နေ့ ၂၉ ရက်နေ့ရယ် လိုအပ်တာတွေလုပ်ပေးဖို့ အဲ့ကိုသွားခဲ့ပါတယ်။ ပထမတစ်ရက်ကတော့ Mask အချိန်ပြည့်တတ်တယ် face shieldတော့မပါသွားဘူး ဒုတိယရက်မှ face shield ပါပြီး surgical glovesပါစွပ်ထားခဲ့ပါတယ်။

အမှန်ပြောရရင် ကျွန်တော့အမေမှာ ဖြစ်နေတဲ့ လက္ခဏာတော်တော်များများဟာ COVID-19ဆိုတာ မှန်းလို့ရတဲ့အနေအထားရှိပေမယ့် သိချင်တဲ့ရလာဒ်ရဖို့ နှာခေါင်းတို့ဖတ်ယူတဲ့ကိစ္စမှာ ဗြူရိုကရေစီ ယန္တရားတွေကြောင့် မကြာသင့်ပဲကြာပြီးတော့ နောက်ထပ်လူတွေကိုထပ်ကူးစေဖို့ အတွက် ပေါ်လစီတွေက တည်ဆောက်ပေးထားသလိုဖြစ်နေပါတယ်။ အောက်ခြေကနေအဆင့်ဆင့်သွားရတယ် မြို့နယ် Fever Clinicကို ဖုန်းခေါ်ရတဲ့အဆင့်မှာပဲ ကိုယ်ခေါ်တဲ့ဖုန်းကို သူတို့ကိုင်ဖို့အရေး အောင်ဘာလေထီထိုးရသလိုပဲ။ Fever Clinic က သံသယရှိတယ် ဆေးရုံသွားဖို့လိုတယ်လို့ပြောရင် ဆေးရုံတင်တဲ့ကိစ္စမှာ ကျွန်တော်တို့ထင်ထားသလိုအဆင်ပြေနေမှာမဟုတ်ဘူး ဆိုတာ ကိုယ်တိုင်ကြုံဖူးတဲ့သူတွေသိမယ်။

လူနာရှင်နဲ့တအိမ်ထဲနေတဲ့သူ က လိုက်ကူပေးရင်ကူပေး မကူပေးရင် နောက်ထပ်ဆွေမျိုးသားချင်းတွေ ထပ်ကူးစေဆို တဲ့ အနေအထားဟာ ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတာပါ။ ဒီနေရာမှာ Covid-19အတွက် ကိုယ့်အသက်ကိုပဓာဏမထားပဲ လုပ်ပေးနေတဲ့ကျမ်းမာရေးဝန်ထမ်းတွေလဲ ‌ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်းသွားနေရတာမို့ ကိုယ့်ဆေးရုံမှာ ဆေးပစ္စည်းဘယ်လောက်စုံလင်နေပါစေ admission processကို အမြန်ဆုံး လုပ်ဆောင်ဖို့ အခက်အခဲတွေတွေ့ခဲ့ပါတယ်။
Human error ထက် Policy Error လို့ပဲပြောပါရ‌စေ။ (ဒီအချိန်မှာ ဒါတွေသိပ်မပြောချင်ပါဘူး Policy Maker တွေအောက်ခြေအထိဆင်းကြည့်စေချင်ပါတယ်)

ကျွန်တော့အမေအိမ်ကို ပထမဆုံးကျွန်တော်ရောက်တဲ့နေ့ဟာ တနင်္ဂနွေနေ့ဖြစ်တာကြောင့် Fever Clinicပိတ်ပါတယ်။ သံသယလက္ခဏာတွေတွေ့တာကြောင့် ကျွန်တော် အိမ်ပြန်ရင် အိမ်ကမိသားစုမှာလဲအန္တရယ်ရှိတဲ့အတွက် ဟိုတယ်တစ်ခုခုမှာ ကိုယ့်သဘောနဲ့ကိုယ် Q ၀င်မယ်ဆိုပြန်တော့လဲ သံသယလူနာဟာ နှာခေါင်းတို့ဖတ်မယူရသေးတဲ့အတွက် Positiveလူနာလို့မသတ်မှတ်ရသေးတဲ့အတွက်ကြောင့် ဘယ်ဟိုတယ်ကိုမှ Quarantine၀င်လို့မရပါဘူး။ ၀င်လို့မရတဲ့အဆုံး ကိုယ့်အိမ်ကိုယ်ပြန်လိုက်ရပါတယ်။ ( ကျွန်တော့လို ကြုံနေရတဲ့ သူတွေ အများကြီးပါ) တကယ်ဆိုရင် မည်သူမဆို ရောဂါသံသယရှိသူ (Result မသိရသေးခင်) ထိတွေ့ရတဲ့လူတွေအတွက် Hotel Quarantine၀င်တဲ့ကိစ္စမှာ ကိုယ့်သဘောနဲ့ကိုယ်ဝင်စေဖို့ မလိုလားအပ်တဲ့အဆင့်တွေဖြေလျော့ပေးရင် ကူးစက်မှုနှုန်းဒီထက်နည်းစေမှာပါ)

ဒါတွေမဖြစ်ခင် ကျွန်တော့အမျိုးသမီးက ကျွန်တော့ကို ဘာပြောလဲ‌ဆိုတော့ တကယ်လို့ အမေ့ကိုဆေးရုံတင်ရဖို့ရှိလာရင် ကျွန်တော်နဲ့သားက အိမ်မှာနေပြီး သူကိုယ်တိုင် ဆေးရုံတင်ဖို့ကိစ္စလုပ်ပေးမယ် ပြီးရင် သီးခြား ၂ ပတ်လောက်ခွဲနေမယ်လို့ပြောပါတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်အမေဆေးရုံတင်ဖို့အရေးမှာ ကိုယ့်မိန်းမကို ရှေ့ကိုတွန်းပို့ပြီး ကိုယ်က နောက်တန်းကကျန်ခဲ့ရမယ်ဆိုတာဟာ မဖြစ်နိုင်တဲ့ ရွေးချယ်မှုဖြစ်နေတာကြောင့် ကျွန်တော်ကိုယ်တိုင်ပဲ စီမံခဲ့ရတယ်။

အိမ်ပြန်ရောက်ကတည်းက သတိထားပြီး isolate လုပ်ပါတယ်။ သီးခြားအခန်းခွဲနေပြီး အခန်းထဲက အပြင်မထွက်ပဲ အိမ်ထဲမှာ‌တောင် mask တပ်နေခဲ့ရပါတယ်။ ရေရှည်အဲ့လိုသွားဖို့မဖြစ်နိုင်တာကြောင့် မိသားစုတိုင်ပင်ပြီး Hotel Quarantine၀င်ဖို့ဆုံးဖြတ်ခဲ့ရတာပါ။

(အောက်တိုဘာ ၂ရက်)က ကျွန်တော်တို့ မိသားစုကို Swab Test စစ်ပါတယ်။ Swab ယူတာကို နဂိုတည်းက အရမ်းကြောက်တတ်တဲ့ ကျွန်တော့သားခမျာလဲ မဖြစ်မနေစစ်လိုက်ရပါတယ်။ တကယ်တော့ ကိုယ်ဖြစ်ကိုယ်ခံဆိုတာမျိုးက ကြားကောင်းသေးတယ်..ကိုယ်ဖြစ် ရင် ကိုယ်နဲ့ထိစပ်နေတဲ့သူတွေ အကုန်ခံရတာပါ။

Covid က ကြောက်စရာကောင်းလားလို့မေးရင်တော့ ” ကျွန်တော်တို့နဲ့ထိစပ်နေတဲ့ မိသားစုဆွေမျိုးသားချင်းတွေနားအထိမရောက်လာသေးသ၍” ကြောက်စရာမကောင်းသေးပါဘူး…ရောဂါလက္ခဏာပြခြင်း မပြခြင်းထက် Result မသိခင်စပ်ကြားမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု‌တွေအများကြီးရှိပါတယ်။

ဒီလိုစိတ်ဒါဏ်ရာတွေကြားထဲမှာပဲ ကျွန်တော့ညီမလေး ဒီနေ့မနက်မှာ ICU ထဲဝင်ရင်း ဆုံးသွားခဲ့ပါတယ်။ အမေက ဖောင်ကြီးမှာ ဆေးကုနေရတယ် ညီမအငယ်လေးက အမေရိကားမှာ ရောက်နေတယ် ကျွန်တော်ကလဲ Hotel Quarantine၀င်နေရတာမို့ ညီမလေးရဲ့ funeral ကို ဘယ်သူမှ လိုက်မပို့နိုင်ခဲ့ပါဘူး။

ကျွန်တော့အမေအပါအ၀င် သူတို့တအိမ်သားလုံးဟာ မဖြစ်မနေ တစ်ပတ်တစ်ခါဈေးဝယ်ထွက်တာကလွဲလို့ အပြင်ထွက်ခဲပါတယ်။ အမေဆို အိမ်ပြင်မထွက်တာ first wave အစကတည်းကပါ။ တစ်ခါတစ်လေ ဧည့်သည်လာတာမျိုး‌တော့ရှိပါတယ်။ ဘယ်ကဘယ်လိုစကူးမှန်းမသိပေမယ့် ကျွန်တော်အကြံပေးချင်တာက ဖြစ်နိုင်ရင် ဒီကာလမှာ အပြင်မထွက်ကြပါနဲ့…မဖြစ်မနေထွက်ရပြီဆို Mask တပ်ပါ။ ကိုယ့်ဆွေမျိုးသားချင်းထဲ ဖျားပြီ အနံ့ပျောက်ပြီဆို Swab Test ကိုအမြန်ဆုံးယူဖို့ကြိုးစားပါ။ ကိုယ်က သံသယလူနာနဲ့ထိတွေ့ခဲ့တယ်လို့သံသယရှိရင် အိမ်မှာ တစ်ယောက်တည်းisolate လုပ်နေကြပါ။

ကျွန်တော့ညီမလေးအတွက်ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကို commentမပြန်နိုင်ပေမယ့် ကျေးဇူးတင်တဲ့အကြောင်းပြောပါရစေ။

အခုတော့ ကျွန်တော်ကိုယ်တိုင်ရော ကျွန်တော့ ဇနီးနဲ့ သားလေးရော ကို စိတ်ဓာတ်မကျဖို့ အားပေးရင်းနဲ့ Result ကိုစောင့်မျှော်နေတုန်းပါ။

အားလုံးပဲ ကပ်ရောဂါဘေးကနေကျော်လွှားနိုင်ကြပါစေ။ ။