ကပ်ရောဂါမှရော ဆင်းရဲခြင်းမှပါ လွတ်ကင်းနိုင်ကြပါစေ….

ကပ်ရောဂါမှရော ဆင်းရဲခြင်းမှပါ လွတ်ကင်းနိုင်ကြပါစေ….

ဒီနေ့ ဆေးရုံကြီးက ပြန်အလာ သစ်ပင်ရိပ်အောက်မှာ ထိုင်နေတဲ့ ဆိုက္ကားသမားလေး တစ်ယောက်ကို တွေ့တယ်။ ပုံကြည့်ရတာကတော့ ဆိုက္ကားစီးမဲ့သူ နည်းပါးလို့ ထိုင်မှိုင်နေတဲ့ပုံပါပဲ။ ဒါနဲ့ ကိုယ်လည်း လမ်းလျှောက်ရင်း သူ့ကို လွန်အလာ… အရင်တုန်းက အဆောင်ကို taxi ငှားပြီး ပြန်မယ်လို့ စိတ်ကူးက ရုတ်တရက် ပြောင်းသွားတယ်။ * ငါ ကားစီးလည်း ဒီတန်ဖိုးပဲ ပေးရမှာ။ ကားကတော့ ဆိုက္ကားထက်စာရင် စီးမဲ့သူပေါမှာပဲ ဆိုတဲ့ အတွေးနဲ့ နောက်ကိုပြန်ဆုတ်..’ အစ်ကို ဆိုက္ကားအားလား? ဆိုတော့ ‘ ဟုတ်ကဲ့ အားတယ်တဲ့။ ဒါဆို မနော်ဟယ်ရီလမ်းက ကျနော့်အဆောင်ကိုပို့ပေး။ ဘယ်လောက်ပေးရမလဲ? ဆိုတော့ ပေးနေကြပဲ ပေးပါတဲ့။ ကြည့်ရတာ ဆေးရုံက ဆရာဝန် ဝတ်စုံကြီးနဲ့ ရန်ကုန်မှာ ဆိုက္ကားစီးတာ သူမကြုံဖူးဘူး ထင်ပါရဲ့။ အံ့ဩ‌နေတဲ့ပုံစံနဲ့လေ။

ဒါနဲ့ ဆိုက္ကားစီးလားရင်း အစ်ကိုတို့ ဆိုက္ကားနင်းရတာ ဒီကပ်အတွင်း အဆင်ပြေရဲ့လားဗျ ဆိုတော့ ခုမှ ဈေးဦးပေါက်တာ ဆရာရယ် တဲ့။ မနေ့ကလည်း တနေ့လုံးမှ ငွေလေး ၅၀၀ ပဲ ရတယ်။ မိသားစုက ကျနော် အပါအဝင် ၅ ယောက် ။ မလွယ်ပါဘူးဗျာ။ မိန်းမကလည်း အလုပ်တွေ အရပ်ထားခံရ။ ခလေးတွေကလည်း အကြီးဆုံးမှ ၁၀ နှစ်ဆိုတော့ အတော်ခက်ခဲပါတယ် ဆရာရယ်တဲ့။

အေးဗျာ ဒီကပ်ကာလတော့ ဒီလိုပါပဲ ။ အစ်ကိုတို့လည်း အစ်ကိုတို့အလျောက် ကျနော်တို့လည်း ကျနော်တို့အလျောက် ခက်ခဲကြတာပါလို့ စကားတပြောပြောနဲ့ ဆိုက္ကားစီးလားရင်း လက်လှုပ်မှ ဝမ်းမီးငြိမ်းရတဲ့ ဘ‌ဝတွေကို အတော် စာနာလာမိတယ်။ တဝီးဝီးနဲ့ ကားတွေက ဘေးကနေ ကျော်တက်တာခံရင်း အဆောင်ကိုရောက်လို့ ပိုက်ဆံထုတ်ပေးတော့ ကျနော်က အစကတည်းက ရည်စူးထားတာ ဘာပဲဖြစ်ဖြစ် ငါ့သူငယ်ချင်းတွေ ငါ့ကိုမုန့်ဖိုးပေးထားတဲ့အထဲက ဒီအစ်ကို့ကို ထမင်းဖိုးလေး တနပ်စာရရ ပေးလိုက်မယ်လို့ စိတ်ကူးအကြံနဲ့မို့ ငွေ ၁၀၀၀၀ တန်တရွက် ထုတ်ပေးတော့ “ခက်ပြီဆရာရေ..ကျနော့်မှာ ပြန်အမ်းစရာ ပိုက်ဆံမပါပါဘူးဗျာ ” တဲ့။ ဒီလိုဗျလို့..ဆိုက္ကားဖိုးက ၁၅၀၀ ၊ ကျန်တာက ခင်များကလေးတွေအတွက် မုန့်ဖိုးလို့ မှတ်ပြီးယူသွားပါ ဆိုတော့ အံ့အားတသင့်နဲ့ ကျနော့်ကို ငေးကြည့်နေလိုက်တာ ကျနော် အဆောင်အောက်ရောက်လို့ သူ့ကိုနောက်ပြန်တခါ လှည့်ကြည့်မိတဲ့ အထိပဲ။

ဘာပဲပြောပြော ကပ်ကာလ ကြပ်တည်းနေကြတဲ့အချိန်အတွင်းမှာ ကိုယ်လည်း သိန်းသောင်းချီ မလှုနိုင်တဲ့အချိန် ကိုယ်နဲ့ကြုံဆုံလာတဲ့ သူတွေ ခဏတာ ပျော်ရွှင်မှုရသွားလည်း ကုသိုလ်ပါပဲလို့ တွေးရင်း ဒါနပြုခဲ့ကြောင်းပါ။ minko phyo