တကျော့ပြန် မြောက်ပြန်လေနှင့်အတူ

တကျော့ပြန် မြောက်ပြန်လေနှင့်အတူ

မကြာခင် ကာလအနည်းငယ် ကျော်ဖြတ်လိုက်ရင် COVID ရောဂါ ကမ္ဘာမြေကို မွှေနှောက်ခဲ့တာ ၁ နှစ်ပြည့်ပီပေါ့။ ၀ူဟန်က စခဲ့တဲ့ ဒီဇာတ်လမ်းဟာ အခုထိ အဆုံးမသတ်နိုင်သေးပါဘူး။ တကမ္ဘာလုံးဟာ တိုက်ရင်း ခိုက်ရင်း အားတင်းကျော်ဖြတ်နေရဆဲပါ။ အခုချိန်မှာ ဒုတိယလှိုင်းဟာ ကမ္ဘာတခုလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေပါတယ်။ ကမ္ဘာမှာ ဘာတွေဖြစ်ကုန်ပီလဲ။ မြန်မာကကော ဘာဖြစ်လာမလဲ။ တိုင်းပြည်ရဲ့ အရေးပါတဲ့ကာလတွေကြားမှာ ဘယ်လိုဖြတ်သန်းကြမလဲ။

WHO က ခန့်မှန်းထားတဲ့အတိုင်း ဒုတိယလှိုင်းဟာ ဥရောပကို တိုက်ခတ်နေပါပီ။ နိုဝင်ဘာမှာ အမြင့်ဆုံးဖြစ်ပီး သေဆုံးမှုတွေများမယ်ဆိုတဲ့အတိုင်းပဲ အခုချိန်မှာ ပိုးကူးစက်မှုတွေများလာနေပါပီ။ ဗြိတိန်နဲ့ ပြင်သစ်မှာ နေ့စဉ် သောင်းနဲ့ချီပီး ကူးစက်မှုတွေရှိနေပီး ဒီနှုန်းနဲ့ဆို မကြာခင်မှာ ဆေးရုံတွေ ပြည့်လျှံကုန်တော့မယ်လို့ ဆရာဝန်တွေက သတိပေးနေပါတယ်။ ဗြိတိန်ဟာ ပထမလှိုင်းမှာ Herd Immunity ကို ဦးတည်ခဲ့ပေမယ့် သေဆုံးသူ ၄ သောင်းကျော်ခဲ့လို့ အခုချိန်မှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပါတယ်။ လူ ၆ ဦးထက်ပိုပီး စုဝေးခွင့်မရှိတာတွေအပြင် ဘားတွေ စားသောက်ဆိုင်တွေ ပိတ်ဖို့ပါ စဉ်းစားနေပါတယ်။ ဒီထက်ပိုပီး တင်းကြပ်ဖို့ လိုရင် တင်းကြပ်မယ်လို့လဲ ဆိုပါတယ်။ ပြင်သစ်လဲ ထိုနည်းလည်းကောင်းပါပဲ။

ဒါပေမယ့် စပိန်တို့လို တချို့ဥရောပနိုင်ငံတွေကတော့ Lock Down ကို ဆန့်ကျင်ကြပါတယ်။ ပြည်သူတွေက ဒီမှာလို အလှူအတန်း မရက်ရောကြသလို အစိုးရကလဲ ခဏခဏ မထောက်ပံ့နိုင်ပါဘူး။ အခွန်အခတွေကလဲ ကြီးမြင့်တော့ အလုပ်လုပ်ရင်းနဲ့ပဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ သူတို့ကတော့ အလုပ်ကို ဆက်လုပ်မယ်။ ပိုးတွေ့သူက သွားကုမယ်။ ပြန်ကောင်းလာရင် အလုပ်ဆက်လုပ်ကြမယ်။ ဒီလိုနည်းလမ်းနဲ့ သွားနေပါတယ်။ အမေရိကန်ကတော့ ပိုးတွေ့လူနာတွေ များနေဆဲဖြစ်ပေမယ့် ရွေးကောက်ပွဲအတွက် လူထုစုဝေးပွဲတွေ လုပ်နေကြဆဲပါပဲ။ အာရှတိုက်ဘက်က ပိုးတွေ့လူနာတွေကလဲ မလျော့ပါးသေးပါဘူး။ အထူးသဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါတို့မှာ မြင့်တက်နေပါတယ်။

မြန်မာနိုင်ငံကကော ဘယ်လိုဖြစ်နေသလဲ။ ကျနော်တို့တိုင်းပြည်ကတော့ အစထဲက အစစ အရာရာ အားနည်းတဲ့တိုင်းပြည်ဖြစ်ပါတယ်။ ဒုတိယလှိုင်းဟာ သိပ်ကို ကြီးမားလှပါတယ်။ ဒါပေမယ့် မာန်ကို မလျှော့ပဲ စိတ်ဓာတ်တခုကို အရင်းပြုပီး တိုက်ပွဲဝင်နေရပါတယ်။ ပြည်သူတွေ ပါဝင်လာဖို့ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲရပါတယ်။ Stay at home စကြေညာတဲ့ စက်တင်ဘာ ၂၁ ၀န်းကျင်မှာက ကူးစက်သူ အရမ်းများလာတဲ့အချိန်ပါ။ ၂၄ မှာ တကယ် စတင်းကြပ်တဲ့အချိန်မှာ ပိုးကူးစက်သူတွေက များနေပါပီ။ ဒါကြောင့် လူတွေ အိမ်ထဲမှာနေကြပေမယ့် တပတ်ပြည့်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ပိုးတွေ့တဲ့ နှုန်းဟာ အမြင့်ဆုံးကို တက်သွားခဲ့ပါတယ်။ ဒါပေမယ့်လဲ ၂ ပတ် ပြည့်တဲ့အခါ ပိုးတွေ့နှုန်းဟာ ၁၀ % အောက်ကို ၂ ရက်ဆက်တိုက် ကျဆင်းလာပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အိမ်ထဲမှာ နေထိုင်ပေးကြလို့ပါ။

မြန်မာပြည်ဟာ ဆင်းရဲပါတယ်။ ဒါကို တကမ္ဘာလုံး သိပါတယ်။ အခုလို တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့အချိန်မှာ ကမ္ဘာက အကူအညီထက် ပြည်သူက ကူညီခဲ့ကြပါတယ်။ သုဝဏ္ဏမှာ၊ အင်းလျားမှာ၊ Fortune Plaza တွေမှာ ကမ္ဘာကတောင် ချီးကျူးရတဲ့ ဆေးရုံကြီးတွေကို ၁၀ ရက်အတွင်း တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ အဲလိုအဆင့်မျိုးနဲ့ ရက်ပိုင်းအတွင်း ဆေးရုံကြီးတွေ တည်ဆောက်နိုင်တဲ့နိုင်ငံ အလွန်နည်းပါးပါတယ်။ ဒီလိုဖြစ်လာဖို့ အလှူရှင်သူဌေးကြီးတွေက ငွေကြေးမတည်ရသလို တတ်နိုင်တဲ့ပြည်သူတွေကလဲ ၀ိုင်းဝန်းခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ COVID တိုက်ဖျက်ရေးမှာ လူငယ်လူရွယ် ရာပေါင်းများစွာဟာ ကျားမ မရွေး ပါဝင်တိုက်ပွဲဝင်နေကြပါတယ်။ ကားမောင်းတတ်သူက ကားမောင်းတယ်။ ဆောက်လုပ်ရေးလုပ်တတ်သူက ဆောက်လုပ်တယ်။ ဟင်းချက်တဲ့သူက ချက်တယ်။ သန့်ရှင်းရေးလုပ်တဲ့သူက လုပ်တယ်။ တကယ့်ကို တိုင်းပြည်ကို ချစ်မြတ်နိုးစွာနဲ့ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတာ အရမ်းကို ချီးကျူးဖို့ ကောင်းပါတယ်။

ဒါပေမယ့် တိုးချဲ့လိုက်တဲ့ ဆေးရုံတွေမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ တိုးမြှင့်ချထားဖို့ကတော့ ခက်ခဲနေဆဲပါ။ ဒါကြောင့်လဲ မန်းမြေက အထူးကုသမားတော်တွေနဲ့ မေ့ဆေးတွေကို ခေါ်ယူနေရပါတယ်။ တကယ်တော့ ၀န်ကြီးဌာနမှာ ခေတ်အဆက်ဆက် ဖွဲ့စည်းပုံအပြည့်မရှိခဲ့ပါဘူး။ ဆရာဝန် ၃၀ ရှိရမယ့် ဆေးရုံက ၁၀ ယောက်ပဲရှိတယ်။ ၅၀ ရှိရမယ့်ဆေးရုံက ၂၀ ပဲရှိတယ်။ ဒါကြောင့် အခုလို ကပ်ရောဂါအချိန်မှာ မနိုင်ဝန်ကို ထမ်းရတာပါ။ ဆရာဝန်တယောက် မွေးထုတ်ဖို့ ၇ နှစ်လိုပါတယ်။ အထူးကုဆရာဝန်တယောက် မွေးထုတ်ဖို့က ကြာမြင့်ချိန် အနည်းဆုံး ၁၀ နှစ် ရှိပါတယ်။ နေ့ချင်းညချင်း မရပါဘူး။ ဒါကြောင့်လဲ ရှေ့တန်းက အထူးကုတွေနဲ့ ဆရာဝန်တွေဟာ အားမလျှော့ပဲ တိုက်ပွဲဝင်ပေးနေကြတာ လေးစားစရာပါ။ ခေတ်အဆက်ဆက် ဘတ်ဂျတ်ကလဲ လုံလောက်အောင် မရခဲ့တော့ ဆရာဝန်အသစ်တွေလဲ အများကြီး မခန့်နိုင်ခဲ့ပါဘူး။ အသစ်ခန့်ရင် လစာကအစ အများကြီး အစိုးရက ကုန်ကျပါတယ်။ အဲဒီဒဏ်တွေကို အခုချိန်မှာ ခါးစည်းခံနေရတာက ကျန်းမာရေးဝန်ထမ်းတွေပါ။ အကျိုးသက်ရောက်မှုကို ခံစားရတာက ပြည်သူတွေပါ။

အခုတော့ ဒါတွေဟာ ကိုဗစ်နဲ့အတူ ပြောင်းလဲလာမှာပါ။ အမေစုက ဆရာဝန်တွေ များများမွေးထုတ်ဖို့၊ ဆရာဝန်တွေကို ရနိုင်သလောက် အလုပ်ပေးဖို့၊ နယ်ဆေးရုံတွေကို အဆင့်မြှင့်ဖို့၊ ကျန်းမာရေးဘတ်ဂျတ်ကို ဘီလီယံပေါင်းများစွာ ပိုသုံးဖို့ စီစဉ်ခဲ့ပီးပါပီ။ ဒီကပ်ရောဂါကြီးကလဲ နေ့ချင်းညချင်း ပျောက်မှာ မဟုတ်ပါဘူး။ ယာယီဆေးရုံကြီးတွေကိုလဲ နောက် ၁ နှစ်လောက် ဆက်ဖွင့်ထားရဦးမှာပါ။ ကူးစက်သူနည်းသွားအောင်ပဲ အဓိကလုပ်ပီး ပြည်သူလူထုက New Normal နဲ့ အသားကျအောင် နေထိုင်ပီး ဖြတ်သန်းရမှာပါ။ လူတိုင်း ကာကွယ်ဆေးထိုးပီးမှသာ ဒီရောဂါက ရပ်တန့်သွားမှာဖြစ်ပါတယ်။ အဲဒီအချိန်အထိ အခုလို ပိတ်ထားလို့မရပါဘူး။ လူတိုင်းက ကိုယ့်ကိုကိုယ် ကာကွယ်ပီး အလုပ်လုပ်ကြရမှာဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရဘက်ကတော့ တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ တောင်းဆိုတဲ့ ငွေကြေးကို ချပေးတယ်။ ကျန်းမာရေးဘက်က လိုအပ်တာတွေကို ဖြည့်ဆည်းပေးတယ်။ Ventilator လိုတယ်ဆို ၀ယ်တယ်။ စစ်ဆေးမှုတွေကို အခုထိ အလကားလုပ်ပေးတယ်။ ထမင်းကျွေးတယ်။ ဆေးကုပေးတယ်။ တတ်နိုင်သလောက် ပြည်သူကို ထောက်ပံ့တယ်။ အခုဆို ၃ ခါ ရှိပီထင်ပါတယ်။ နောက်ဆုံး အမေရိကန်သမ္မတကြီး သုံးတဲ့ဆေးလဲ နိုင်သလောက် ၀ယ်တန်ဝယ်။ အလှူခံသင့်တာ ခံပီး ပြည်သူအတွကို လုပ်ပေးပါတယ်။ ကာကွယ်ဆေးအတွက်လဲ အမေစုခေါင်းဆောင်ပီးတော့ WHO နဲ့ ချိတ်ဆက်ထားပီးပါပီ။ အခု ပြည်သူတွေ လှူဒါန်းကြတဲ့ ဆေးရုံသုံးပစ္စည်းတွေဟာ ကပ်ကြီးပီးသွားရင်လဲ နွမ်းပါးတဲ့ နယ်ဆေးရုံလေးတွေမှာ ဆက်လက် အသုံးပြုနိုင်မှာဖြစ်လို့ ကုသိုလ်အင်မတန်ရတဲ့ အလှူတွေဖြစ်ပါတယ်။

ဒါတွေမြင်တော့ နာဂစ်ကာလကို သတိရမိပါတယ်။ အဲဒီတုန်းက ရှေ့တန်းထွက်ရတဲ့ ဆရာဝန်တွေက ဆေးတောင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ၀ယ်ပီး ကုပေးခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။ ပြည်သူအတွက် နိုင်ငံတော်က ထောက်ပံ့မှုက ဘာမှမရှိပါဘူး။ ဧရာဝတီတိုင်းက လမ်းဘေးမှာ စားရမဲ့ ငုတ်တုတ်ထိုင်နေသူတွေ၊ ဆန်လေးနည်းနည်းရရင် တော်ပါပီ ဆိုတဲ့သူတွေကို ဘာမှပါမလာသေးဘူးဆိုပီး ပြန်သွားသူတွေလဲ အမှန်တကယ် ရှိခဲ့ဖူးပါတယ်။ အဲဒီလို လူတွေရဲ့ လက်ထဲမှာသာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကော ပြည်သူတွေကောရဲ့ ကံကြမ္မာဟာ

အခုဆိုရင် ညသန်းခေါင်တွေမှာ မြောက်လေညှင်းလေးတွေ တဖန်ပြန်တိုက်ခတ်လာပီ။ COVID ဟာ နှစ်ပတ်လည်ခဲ့ပီ။ နိုင်ငံတော်ဟာ အားတင်းထားဆဲ။ ရှေ့တန်းက ရဲဘော်တွေဟာ ၇လကျော်ကြာ တိုက်ပွဲကို အားမလျှော့တမ်း တိုက်နေဆဲ။ ပြည်သူတွေဟာ အိမ်ထဲမှာနေရင်းနဲ့ ကူညီသူက ကူညီကြဆဲ။ ကျနော်တို့ရဲ့ အားနည်းတဲ့ ဘတ်ဂျတ် မလုံလောက်တဲ့ ကျန်းမာရေးစနစ်ကြီးဟာလဲ ရသမျှအားနဲ့ တောင့်ခံထားဆဲပါ။ အနာဂတ်မှာ ပြည်သူတွေ ဒီထက်ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်ကို ရဖို့၊ ကျန်းမာရေးဌာနလဲ လုံလောက်တဲ့ဘတ်ဂျတ်နဲ့ ရှေ့ဆက်နိုင်ဖို့အတွက်က အစီအစဉ်တွေကို တရားဝင်ချပြထားပီဖြစ်တဲ့ အမေစု အာဏာရမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီလို အဆင့်မြင့်ဖို့အတွက်၊ COVID ရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက်၊ ပြည်သူကို အမှန်တကယ် စောင့်ရှောက်ပေးနိုင်တဲ့ အစိုးရကိုပဲ ရွေးချယ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီတခုကိုတော့ ပြည်သူတွေက နိုဝင်ဘာမှာ မဲပေးခြင်းဖြင့် အကောင်အထည်ဖော်ပေးကြပါ။ မဟုတ်ရင်တော့ ဒီအစီအစဉ်တွေဟာ ဘာမှ အာမခံချက် ရှိတော့မှာ မဟုတ်ပါဘူး။

မကြာခင် ကျရောက်လာတော့မယ့် ဆောင်းညတွေနဲ့အတူ၊ မြောက်ပြန်လေတွေနဲ့အတူ COVID ရောဂါအပေါ် တဖြည်းဖြည်းချင်း အသာစီးရလာပါလိမ့်မယ်။ အားမလျှော့လိုက်ပါနဲ့။ စိတ်ဓာတ်တွေ လွှတ်မချလိုက်ပါနဲ့။ အောင်ပွဲရဲ့ လမ်းစတွေကို မြင်နေရပီ။ ဒီဆောင်းနှင့်အတူ ကာကွယ်ဆေးတွေရလာမယ်။ ဒီဆောင်းနဲ့အတူ ရောဂါဆိုးကြီးကို တိုက်ထုတ်ကြမယ်။ ဒီဆောင်းနဲ့အတူ စည်းကမ်းတကျနဲ့ အလုပ်တွေကို ပြန်လုပ်ကြမယ်။ ဒီနှင်းထုရဲ့ ကြားမှာ မဲပေးခြင်းဖြင့် နိုင်ငံတော်ကိုလဲ ထူထောင်ကြမယ်။

တကျော့ပြန် မြောက်ပြန်လေတွေဟာ မြန်မာပြည်အတွက် ကောင်းသောနိမိတ်ကို ယူဆောင်လာပါလိမ့်မယ်။nay thway